ဂျပန်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေသည့် နိပွန် ဖောင်ဒေးရှင်း၏ ဖိတ်ခေါ်ချက်အရ သွားရောက်ခြင်းဖြစ်ပြီး တိုင်းရင်းသားများ ဆုံးရှုံးနေသည့် အခွင့်အရေးများကို တင်ပြဆွေးနွေးသွားမည်ဟု အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို ပြောသည်။
“ဦးစားပေး တင်ပြမှာက လူသားခြင်းဆိုင်ရာ အထောက်အကူတွေ ရရှိဖို့ပေ့ါ။ ဘာကြောင့်လည်းဆိုတော့ တိုင်းရင်းသား ဒေသတွေမှာ လူမှုရေး နစ်နာ ဆုံးရှံုးတာတွေက သိပ်များနေပြီ။ အဲဒီအပေါ်မှာ ကူညီနိုင်ဖို့ပါ။”
မြန်မာနိုင်ငံအတွင်း အစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသား တပ်ဖွဲ့များကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသအလိုက် ထွက်ပြေးပုန်းရှောင်နေကြသည့် ပြည်တွင်း စစ်ဘေး ဒုက္ခသည်များအား ဂျပန်နိုင်ငံမှ လူသားခြင်းစာနာမှု ထောက်ပံ့ကြေး အမေရိကန် ဒေါ်လာ (၃) သန်း ပေးရန်ရှိကြောင်း သိရသည်။
အလားတူ စစ်ပြေး ဒုက္ခသည်များ၏ အစားအစာနှင့် ဆေးဝါးကဏ္ဍအတွက် နိပွန်ဖောင်ဒေးရှင်းက အမေရိကန် ဒေါ်လာ (၁) သန်းဖိုး ကူညီထောက်ပံ့မည်ဟုလည်း သိရသည်။
ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အကောင်အထည်ဖော် ရာ၌အစိုးရ၏ သဘောထား မှန်ကန်မှုမရှိသည်ကို တွေ့ရကြောင်း၊ အပစ်အခတ်ရပ်စဲရေး သဘောတူ ထားသည့် အဖွဲ့ များနှင့် ဒေသတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသလို ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အပစ်အခတ် ရပ်စဲရေး မပြုလုပ်နိုင်သေးကြောင်း ခွန်ဥက္ကာက ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဂျပန်အစိုးရ အပါအဝင် နိပွန် ဖောင်ဒေးရှင်း တာဝန်ရှိသူများက မြန်မာ အစိုးရထံ အကြံပေးဖို့ကိုလည်း ထည့်သွင်း ဆွေးနွေးသွားရန် ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“အပစ်အခတ်ရပ်စဲရေးတို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးတို့ အဲဒီကိစ္စတွေမှာလည်း နေပြည်တော် အနေနဲ့ သဘောထား မှန်မှန်နဲ့ ရိုးရိုးသားသားနဲ့ လုပ်ပေးကြဖို့၊ အဲဒါကို ကျနော်တို့က မေတ္တာရပ်ခံဖို့လည်း ပါတာပေ့ါ။”
ထို့အပြင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားရုံနှင့် ပြေလည်မှုရနိုင်မည် မဟုတ်သလို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး မှုမျိုး ပြုလုပ်သွားရန် အစိုးရတွင် တာဝန်ရှိသည် ဟုလည်း ဆိုသည်။
နိပွန်ဖောင်ဒေးရှင်းသည် ဂျပန်နိုင်ငံ၏ ငွေကြေး အတောင့်တင်းဆုံး NGO အဖွဲ့တခု ဖြစ်သည့်အပြင် ယင်းအဖွဲ့၏ ဥက္ကဌသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ လူမှုရေး အထောက်အကူရစေရန် ဂျပန် အစိုးရက တရားဝင် ခန့်အပ်ထားသည့် အထူး သံအမတ် တယောက် ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံသို့ ပထမဆုံး အကြိမ် အဖြစ် (၇) ရက်ကြာ သွားရောက်မည့် UNFC အဖွဲ့အား ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ချင်း၊ “၀”၊ ပအို၀်း၊ ပလောင်၊ လားဟူ စသည့် လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင် (၁၁) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။
http://www.nmg-news.com/bur/index.php?option=com_content&view=article&id=485&catid=5&Itemid=12