Thursday, January 31, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကချင်ပြည်နယ် မြစ်ကြီးနား နဲ့ နမ္မတီးကြားက မရမ်းရွာမှာ
ပြီးခဲ့တဲ့ အင်္ဂါနေ့ က ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်နဲ့ အစိုးရ တပ်တွေ
အကြား တိုက်ပွဲ ဖြစ်တဲ့ အခါမှာ ဗုံးခိုကျင်း ထဲ မှာ ပုန်းနေတဲ့ မိသားစု
အနက် သားအမိ နှစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာ ရသွားပါတယ်။
မရမ်းရွာမှာ စခန်းချထားတဲ့ တပ်ရင်း (၃၇၂)
အမြောက်တပ် က ပစ်တဲ့ အမြောက်ကျည် ထိမှန်လို့ ဖြစ်တဲ့ အကြောင်း ကချင်ပြည်နယ်
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ က ဘီဘီစီ ကို
ပြောပါတယ်။
အဆိုပါ နယ်မြေ တဝိုက်မှာ တိုက်ပွဲတွေ
ဆက်လက် ဖြစ်ပွားနေတဲ့ အတွက် မြစ်ကြီးနားမြို့ အနီးရှိ ကျေးရွာတွေ က
ရွာသူရွာသား တွေ ဟာ မှောင်ရိပ်ချိန် ပျိုးတာနဲ့ အိမ်တံခါးပိတ် နေကြပုံ
ဒေါ်ဘောက်ဂျာ က ပြောပါတယ်။
အစိုးရ စစ်တပ် ဘက်ကလည်း နယ်မြေအတွင်းရှိ လမ်းတွေ
မှာ မိုင်းခွဲတာတွေ၊ ဗုံးပေါက်မှာ တွေ ရှိနိုင်ကြောင်း သတင်းလွှင့်ထားလို့
ဘယ်သူမှ အပြင် မထွက်ဝံ့ပုံလည်း ပြောပါတယ်။
ဗန်းမော်၊ လဂျားယန်ဖက် မှာ နေ့စဉ်လို တိုက်ပွဲတွေ ဖြစ်နေလို့ ကုန်စျေးနှုန်းတွေပါ တက်နေပါတယ်။
မရမ်းရွာမှာ တာဝန်ကျတဲ့ အစိုးရ စစ်တပ် အရာရှိ
ကလည်း အင်္ဂါနေ့ က ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်နဲ့ အစိုးရ တပ်တွေ အကြား
တိုက်ပွဲ ဖြစ်တာ မှန်ကန်ကြောင်း၊ ကေအိုင်အေ ဖက်က လက်နက်တွေနဲ့ ပစ်လို့
စစ်တပ် ကလည်း ပြန်လည် ပစ်ခတ်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။
မရမ်းရွာမှာ တပ်ရင်း (၃၇၂)စခန်းချတာ လ နဲ့ချီ
ရှိနေတဲ့ အတွက် စစ်သားတွေ နဲ့ ရွာသားတွေ ရင်းနှီး ချစ်ခင်မှု ရှိကြောင်း၊
တိုက်ပွဲ တွေ ရှိနေတဲ့ အလျောက် ထိခိုက်သေဆုံးမှု ရှိနိုင်ပုံလည်း စစ်တပ်
အရာရှိက ရှင်းပြပါတယ်။
http://www.bbc.co.uk/burmese/burma/2013/01/130130_kachinbattle.shtml
Posted in: ကချင်,ကချင်စစ်ဆင်ရေး,စစ်ဆင်ရေး,သတင်း
Email This
BlogThis!
Share to Facebook