၅၃ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို နယူးဒေလီမြို့ Vikaspuri ရပ်ကွက်ရှိ မြန်မာရိပ်သာခန်းမတွင် ဖေဖော်ဝါရီ ၅ ရက်နေ့က ကျင်းပခဲ့သည်။
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးဇောင်းခရားထံမှ ပေးပို့သည့် ၅၃ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းလွှာကို ဖတ်ကြားခဲ့သည်။
KIO ဥက္ကဌ၏ ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းလွှာတွင် “ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ဖြစ်တည်လာရေး ဆက်လက် တိုက်တွန်းပေးဖို့ရန် မျှော်လင့်နေပါတယ်” ဟု ဖော်ပြထားသည်။
ထို့အပြင် ဥက္ကဋ္ဌ၏ မိန့်ခွန်းလွှာတွင် တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဖယ်ဒရယ်ပြည်ထောင်စုအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် မဖြစ်နိုင်ကြောင်းနှင့် KIO သည် တိုင်းရင်းသားများ လိုလားသော နိုင်ငံရေးဆွေးနွေးမှုကို ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ၏ အပြင်ဘက်တွင် ဆွေးနွေးသွားရန် ဖြစ်သည်ဟု ဆက်လက်တိုက်တွန်းထားသည်။
နေ့လယ်ပိုင်းမှ စတင်ကာ ၃ နာရီခန့် ကြာမြင့်သည့် ဆုတောင်းပွဲတွင် ပြည်ထောင်စုမြန်မာနိုင်ငံကို စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ကူးပြောင်းဖော်ဆောင်နိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း Kachin Refugees Community မှ ကချင်အမျိုးသမီး မဂျာနွယ်ကလည်း မဇ္စျိမကို ပြောသည်။
၎င်းက “ကချင်လူမျိုးတွေဟာ အခုအချိန်ထိတိုင်အောင် တော်လှန်ရေးမှာ မပျောက်မပျက် ဆက်လက်တည်ရှိနေမှာ ဖြစ်သလို လူမျိုးစုသီးသီး လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာသည်အထိ ချီတက်သွားမယ်ဆိုတာကို ကျမက ကချင်တော်လှန်ရေးနေ့ ဒီကနေ့မှာ မှတ်မှတ်ရရ ပြောချင်ပါတယ်ရှင်” ဟု ဆိုသည်။
အခမ်းအနားတွင် ၀တ်ပြုခြင်း အစီအစဉ်နှင့်အတူ ကချင်စစ်ရှောင်ဒုက္ခသည်များ၏ ဓာတ်ပုံများကို ခန်းမနရံများတွင် ချိတ်ဆွဲပြသထားသလို ကချင်ပြည်နယ်အတွင်း ဒုက္ခရောက်နေသည့် ပြည်နယ်သူ၊ ပြည်နယ်သားများ၊ ရှေ့တန်း စစ်မြေပြင် ရောက်ရှိနေသည့် ရဲဘော်ရဲဘက်များအတွက် ဆုတောင်းခဲ့ကြသည်။
နယူးဒေလီမြို့ရှိ ကချင်မိသားစုများနှင့် (KRC) Kachin Refugees Community က ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။
“KIO နဲ့ မြန်မာအစိုးရတို့ ြငြိမ်းချမ်းရေးဆွေးနွေးတာကို ကျမတို့က ၀မ်းသာပါတယ်။ ကျမတို့ကချင်ပြည်နယ်အတွင်း ထိုးစစ်တွေကို အစိုးရက ရပ်ဆိုင်းတာ ၀မ်းသာစရာပါ။ ရွှေလီမှာ အခုလို နိုင်ငံရေးစကားဝိုင်း ဆွေးနွေးဖို့ အခွင့်အရေးတွေ ဖြစ်လာတာပေါ့နော်။ နောက်တကြိမ် ဖေဖော်ဝါရီလမှာ နိုင်ငံရေးစကားပြောဖို့ အစီအစဉ်တွေရှိတယ်ဆိုတာ ကြားရတော့ ကျမတို့အတွက်ကတော့ ၀မ်းသာစရာ လမ်းစပါပဲရှင့်” ဟု မဂျာနွယ်က သူ၏ မျှော်လင့်ချက်ကို ဆက်ပြောသည်။
နယူးဒေလီမြို့ရှိ ချင်းအသင်းတော် အသီးသီးက တက်ရောက်လာခဲ့ပြီး Kachin Christian Church လူငယ် တယောအဖွဲ့က တယောသံစုံဖြင့် ဂုဏ်ပြုသီဆို တီးမှုတ်ခဲ့ကြသည်။
ကချင်တော်လှန်ရေးနေ့ အခမ်းအနားများအား KIA ဌာနချုပ်၊ ထိုင်းနိုင်ငံ ချင်းမိုင်တို့တွင်လည်း ကျင်းပခဲ့ကြသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA/ KIO ကို ဖေဖော်ဝါရီလ ၅ ရက် ၁၉၆၁ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။
http://drlunswe.blogspot.com/2013/02/kia.html