မတ်လ ၂၀ရက်၊ ၂၀၁၃ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
တောင်ငူခရိုင် သံတောင်ကြီးမြို့အရှေ့ဘက်ခြမ်းတွင် စစ်ကြောင့် နေရပ်ရွာမှ ထွက်ပြေးပုန်းရှောင်နေ ရသော ပြည်တွင်းဒုက္ခ သည် (IDP)များ နေထိုင်ရန် အတွက် NRC – Norwegian Refugee Council မှ အိမ်များ ဆောက်လုပ်ပေးလျက်ရှိရာ အကူ အညီများ လိုအပ်လျက်ရှိနေသေးသည်ဟု ၎င်းတို့အား ကူညီပေးနေသော ခရစ်ယာန်နှစ်ချင်း သင်းအုပ်ဆရာက ကေအိုင်စီသို့ ပြောသည်။ “သူတို့တွေအတွက် NRC က အိမ်ဆောက်ပေးပါတယ်။ အိမ်သာလည်း ပါပါတယ်။ အခြားသာသနာပြုအဖွဲ့တွေ NGO တွေ လည်းလာတော့ ကြည့်ထားပါတယ်။ စစ်ကြောင့် ပြေးလွှားနေရတော့ သူတို့ကို ကျန်းမာရေး၊ ပညာရေး စတဲ့ ပညာပေးမှုတွေ အများကြီး လုပ်ရဦးမှာပါ။”ဟု ၎င်းသင်းအုပ်ဆရာစောနေသားက ဆက်လက် ပြောဆိုသည်။သံတောင်ကြီးမြို့နယ်အတွင်း IDP ရွာပေါင်း (၁၆)ရွာရှိပြီး အိမ်ထောင်စု ၆၀၀ကျော်နှင့် လူဦးရေ စုစုပေါင်း ၃၀၀၀ကျော်ရှိရာ ယခုအချိန်တွင် NRC မှ အိမ်ထောင်စု ၂၅စုအတွက် လူနေအိမ် ၂၅လုံး ဆောက်လုပ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
“IDP ဒေသက အမျိုးသမီးတွေဟာ မီးဖွားတာကအစ သစ်ပင်တွေအောက်၊ တောကြား တောင်ကြားမှာ ဖွားကြရတာလေ။ သူတို့ အချင်းချင်း ကူညီပြီး လုပ်ဆောင်ခဲ့ကြတာပါ။ ကျမတို့ဘက်ကလည်း ဘယ်လိုကူညီနိုင်မလဲ စဉ်းစားနေပါတယ်။”ဟု ထိုဒေသရှိ ကရင်အမျိုးသမီးများအတွက် Learning Centre ဖွင့်လှစ်ပေးထားသော KWEG ဒါရိုက်တာ နော်စူစဲနာလှလှစိုးက ပြောသည်။
Internal Displace People – IDP များမှာ ယခင်က သောက်ရေခပ်ချောင်း အနောက်ဘက်ကမ်းတွင် နေထိုင်ခဲ့ကြပြီး အစိုးရနှင့် KNU တို့၏ ထိုးစစ်ဖြစ်ပွားရာ နေရာဖြစ်သောကြောင့် တောထဲတွင် အုပ်စုလိုက် လှည့်လည်နေထိုင်ခဲ့ကြရသလို အချို့မှာ ထိုင်း နိုင်ငံဘက်ရှိ မယ်ရာမိုဒုက္ခသည်စခန်းနှင့် သံလွင်မြစ်ကမ်းနံဘေးရှိ အီတိုးထာ့ ပြည်တွင်းဒုက္ခသည်စခန်းများသို့ သွားရောက်နေ ထိုင်ကြရသည်။
“ကျမတို့က စစ်မတိုက်တော့ဘူးဆိုရင်် ကိုယ်နေခဲ့တဲ့ ရွာမှာပဲ နေချင်ပါတယ်။ ရွာမှာနေတုန်းက ဟင်းသီးဟင်းရွက်၊ ငါးတွေ ပုဇွန် တွေ ၀ယ်မစားရဘူး။ တောထဲသွားခူးလို့ ရတယ်လေ။ အခုက အကုန် ၀ယ်စားနေကြရတယ်။ လက်ဖက်ခူးတဲ့အလုပ်ပဲ ရှိပြီး တစ်ပိဿာမှ ၂၅၀ကျပ်ပဲ ရတာလေ။ အိမ်တော့ ကောင်းကောင်းနေရပါတယ်။”ဟု ကမူဒိုရွာသူ နော်အိုခူဖဲ ၄၀နှစ်က ပြောသည်။
၁၉၉၇ခုနှစ်၊ ဧပြီလ ၁၅ရက်နေ့မှစ၍ ကရင်ပြည်နယ်၊ သံတောင်အရှေ့ဘက်ခြမ်းတစ်လျှောက်ရှိ ရွာများအား အစိုးရစစ်တပ်မှ မီးရှို့သဖြင့် ရွာသူရွာသားများမှာ မိမိတို့ရွာကို စွန့်ခွာ၍ တောတောင်ထဲတွင် လှည့်ပတ်ရှောင်ပုန်းက နေထိုင်ခဲ့ကြရသည်။
http://www.kicnews.org/?p=16171


Wednesday, March 20, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: