“မနက် ၈ နာရီခွဲ လောက်ကပျက်တယ်။ ညနေ ၃နာရီခွဲလောက်မှ ပြင်ပြီးတာ၊ ကားတွေပြည့်နေတာဘဲ။ ဆိုင်ကယ် တွေဆိုရင်တော့ တံတားအောက်ကနေ စက်လှေနဲ့ကူးရတယ်၊ ကူးခ ဆိုင်ကယ်နဲ့လူဆိုရင် ကျပ်တစ်ထောင်၊ လူဘဲ ဆိုရင်တော့ တယောက် ငါးရာပေါ့” - ဟု နမ့်ခမ်းက စျေးသည် စိုင်းကွမ်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
တရုတ်ပြည်ဘက်မှ မှောင်ခိုကုန် တင်သွင်းသော (over weight) တန်ချိန်ပိုကားကြီးများ ပန်ခမ်းရွာကူးတို့ဆိပ်မှ ၀င် လာပြီး နမ့်ပေါ့တံတားဖြတ်သန်းကာ မူစယ်မြို့သို့ပို့ကြောင်း၊ နမ့်ခမ်းမြို့ ၁၆ မိုင်ခန့် အကွာ မူစယ်မြို့နယ်အတွင်းရှိ အဆိုပါနမ့်ပေါ့ တံတားထိပ်ရှိ ဓါတ်ဆီဆိုင်ရှေ့တွင်စောင့်နေသော ပြည့်သူ့ရဲတပ်ဖွဲ့ထံ ဂိတ်ကြေးပေးခဲ့ရသေးကြောင်း ဒေသခံတစ်ဦးကဆိုသည်။
“ ဒီတံတား ခဏခဏပျက်တတ်တယ်။ တစ်ပတ်နှစ်ခါလောက် ပုံမှန်ပျက်တယ်၊ တံတားက သက်တမ်းလွန်နေပြီ၊ တရုတ်တွေကတော့ တံတားပျက်မှာ ဘယ်ဂရုစိုက်မလဲ။ သူတို့တိုင်းပြည်မှမဟုတ်တာ။ သူတို့စီးပွါးဖြစ်ဖို့ဘဲ အရေးကြီးတယ်လေ။ မြန်မာဘက်ကရဲတွေကလဲ ပိုက်ဆံရရင်ပြီးရော လွတ်ပေးလိုက်တာပဲ ။ ဒါကြောင့်တံတား ခဏခဏ ပျက်ရတာ၊ တံတားပျက်ရင် ကျနော်တို့ကားသမားပဲဒုက္ခရောက်ရတယ်” ဟု မူစယ်က ကားသမားတစ်ဦး ပြောပြသည်။
နမ့်ပေါ့တံတားအသစ်ဆောက်လုပ်ရန်စီမံကိန်းမှာ ယခုနှစ်ဆန်းပိုင်းက စတင်ပြီး ယခုချိန်အထိ ရေလယ်တိုင် နှစ်တိုင်သာ ဆောက်လုပ်ပြီးစီး နေသေးကြောင်းတွေ့ရသည်။
“တံတားပေါ်မှာ ကုန်တင်ကားတစ်စီးဖြတ်သွားတာနဲ့ တံတားတခုလုံး ခါရမ်းသွားတာပဲ။ တံတား အခင်း သစ်သား တွေလည်း ဆွေးကုန်ပြီ၊ ပြင်ပြင် သုံးသုံး ပျက်ပျက်နဲ့ နှစ်ပေါင်းကြာလည်း ကြာနေပြီ”ဟု နမ့်ခမ်းဒေသခံ စိုင်းခမ်း ကပြောပြသည်။
လွန်ခဲ့သောနှစ်ပေါင်း ရာကျော်ကတည်းက မူစယ်နှင့်နမ့်ခမ်းမြို့ ကြား၌ အင်္ဂလိပ်အစိုးရမှ (ယာယီ) စစ်သုံးတံတား (၃) စင်း ရှိသည်။
၄င်းတို့မှာ နမ့်ခမ်းမြို့ရွှေလီကြိုးတံတား၊ နမ့်ခမ်းရေပူစမ်းအနီး နမ့်မချောင်းတံတား နှင့်မူစယ် နမ့်ပေါ့တံ တားတို့ဖြစ် သည်။ တံတား အသစ်ဆောက်လို့ပြီးစီးပြီဖြစ်သဖြင့် ရွှေလီကြိုးတံတား ကိုမူ အသုံးမပြုတော့ပေ။ သို့သော်ကျန်တံ တားနှစ်စင်းမှာ ခုချိန်ထိအန္တရာယ်ကြားမှ အသုံးပြုနေရသေးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3582-2012-10-22-06-40-43.html