Sunday, August 26, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မြန်မာအစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူ အကြား အပစ်အခတ်ရပ်ရေး တတိယ အကြိမ် ဆွေးနွေးမှုတွေ ပြုလုပ်မယ့် အစီအစဉ်ကို အစိုးရ ဘက်က ရပ်ရွှေ့ဆိုင်း လိုက်တဲ့ အတွက် အစည်းအဝေး အထ မမြောက်တော့ ကြောင်း ကေအန်ယူ ဘက်က သဘောထား ထုတ်ပြန်လိုက်ပါတယ်။
ဘားအံမြို့မှာ သြဂုတ်လ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ အထိ သုံးရက်ကြာ ဆွေးနွေးပွဲ ပြုလုပ်ဖို့ စီစဉ်ထားတာကို ရက်ရွှေ့လိုက်ကြောင်း အစိုးရဘက်က နှုတ်အားဖြင့် အကြောင်း ကြားလာ တယ်လို့ အဲဒီ ကေအန်ယူရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။
ကေအန်ယူ ပြောခွင့်ရ နော်မေဦးကတော့ အစိုးရဘက်က ခိုင်လုံ ကောင်းမွန်တဲ့ အကြောင်းပြချက် ရှိမယ်လို့ ယုံကြည်ကြောင်းနဲ့ ဒုတိယ အကြိမ် ဆွေးနွေးမှုတွေ လုပ်တုန်း ကလည်း အားလုံး ချောချော မွေ့မွေ့ ရှိခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဒါပေမယ့်လည်း ဆွေးနွေးဖို့ ရက်နီးလာမှ ဆွေးနွေးပွဲ မဖြစ် တော့ဘူးလို့ ပြောလာတဲ့ အတွက် ကေအန်ယူ ဘက်က ကသိကအောက် ဖြစ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။
အခုရွှေ့ဆိုင်းလိုက်တဲ့ ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်ဆိုင်းရေး ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများနဲ့ တပ်နေရာချထားရေးတို့ကို ညှိနှိုင်းဆွေးနွေးဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။
ဒီအတွက် တွေ့ဆုံဆွေးနွေးဖို့ ရက်ကို အမြန်ဆုံး အကောင်အထည် ပြန်ဖေါ်နိုင်ဖို့ ကေအန်ယူဘက်က လုပ်ဆောင်သွားမယ်လို့ ကေအန်ယူရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။
http://www.bbc.co.uk/burmese/burma/2012/08/120825_gov_knu_meeting_suspended.shtml
Posted in: KNU,ကရင်,တွေ့ဆုံဆွေးနွေးမှု,သတင်း
Email This
BlogThis!
Share to Facebook