၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၂
ရက်နေ့တွင် KNU နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲရေး လက်မှတ်
ရေးထိုးခဲ့သည်မှာ တစ်နှစ်ပြည့်ပြီ ဖြစ်သည်။ ၁၉၄၇ ခုနှစ်မှ စတင်၍ နှစ်ပေါင်း
၆၀ ကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားနေရာမှ သမိုင်းဝင် အပစ်အခတ်
ရပ်စဲနိုင်ခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်ပြီး တစ်နှစ်တာ ကာလအတွင်း
ငြိမ်းချမ်းရေးဖြစ်စဉ် မည်မျှတိုးတက် လာသည်၊ မည်သို့တည်ဆောက် ခဲ့ရသည်ကို
သိရှိနိုင်စေရန် KNU အဖွဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်
ဦးမန်းငြိမ်းမောင် နှင့် တွေ့ဆုံ မေးမြန်းထားသည် များမှ ကောက်နုတ်
ဖော်ပြအပ်ပါသည်။
Voice ။ ။ အရင် KNLA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး
မူတူးဆေးဖိုး က ယခု KNU အဖွဲ့ ဥက္ကဋ္ဌ ဖြစ်တာပေါ့။ သူကလည်း အစိုးရနဲ့ အပစ်
အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့ အချိန်မှာရော ငြိမ်းချမ်းရေး ဆွေးနွေးစဉ်
ကာလတစ်လျှောက်လုံး တက်တက် ကြွကြွ ပါလာသူဖြစ်တယ်။ နောက်တော့
အခုစစ်ဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ် စောဂျော်နီပေါ့။ သူကလည်း
ငြိမ်းချမ်းရေး အတွက်တက်ကြွတဲ့ သူဖြစ်တယ်ပေါ့။ အခုရွေးချယ်လိုက်တဲ့ KNU
ကြီးငါးကြီး ထဲမှာလည်း ငြိမ်းချမ်းရေး လက်မှတ်ရေး တဲ့ ကာလတုန်းက
ပါဝင်ခဲ့တဲ့ သူတွေ များတယ်။ အဲ့တော့ ငြိမ်းချမ်းရေးကို လေ့လာစောင့်ကြည့်
နေတဲ့သူတွေက ပြောကြတယ်။ ဒါဟာ KNU အဖွဲ့ရဲ့ ငြိမ်းချမ်းရေး
လိုလားမှုကိုပြတာလို့ သုံးသပ် ကြတယ်ပေါ့။ အဲ့ဒီပေါ်မှာရော ဘယ်လိုထင်ပါသလဲ။ 
UMNM ။ ။ ဟုတ်ပါတယ်။ အဲ့ဒီ အတိုင်းပါပဲ။ ကျွန်တော်တို့ နှစ်ပေါင်း ၆၀
ကျော် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာတယ်။ ရှင်းလို့ မရခဲ့ဘူး။ ကျွန်တော်
တို့နှစ်ဖက်စလုံး အစိုးရရောပေါ့။ အဆိုးဘက်က ပြောကြတယ်ပေါ့။ အဲ့ဒါက
နှစ်ခြောက်ဆယ် ကြာခဲ့ပြီပေါ့။ ကျွန်တော်တို့ ကရင် တစ်မျိုးသားလုံး အတွက်
လက်နက်ကိုင်တပ် အဖြစ် ရုန်းကန် လှုပ်ရှားခဲ့ကြတယ်ပေါ့။ အခုဆက်
လှုပ်ရှားမလား၊ ငြိမ်းချမ်းရေး လမ်းစဉ် ဘက် ပြောင်းမလား လမ်းနှစ်လမ်းပေါ်
လာတယ်ပေါ့။ အခုလိုအခြေအနေမှာ ကရင်အမျိုးသားထု တစ်ရပ်လုံး အတွက်
သက်သောင့်သက်သာနဲ့ ထိခိုက်နာကျင် မှု အနည်းဆုံးနဲ့ ကိုယ့်အခွင့်အရေး
ကိုယ်တောင်းဆိုဖို့ ငြိမ်းချမ်းရေး လမ်းစဉ်က လွဲပြီး ဘာမှမရှိဘူးလို့ KNU က
ဒီအတိုင်း၊ ငြိမ်းချမ်းရေး လမ်းစဉ်လိုက်ဖို့ အားလုံး ညီညီညွတ်ညွတ်
ဆုံးဖြတ်ခဲ့တာပါ။ ကရင်အမျိုးသားထု တစ်ရပ်လုံးကလည်း ဒီငြိမ်းချမ်းရေး
ဖြစ်စဉ်ကို တက်တက်ကြွကြွ ထောက်ခံ ခဲ့ကြတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့
ပတ်သက်ပြီးတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အပြည့်အဝ ရခဲ့တယ်။ အခုကတော့
ငြိမ်းချမ်းရေး ပိုလိုလားတယ်၊ ပိုပြီးအားကောင်း လာတယ်လို့ ပြောလို့ ရပါတယ်။
Voice ။ ။ အပစ်အခတ် ရပ်စဲရေး စတင်ခါစ ကာလတုန်းက တပ်မဟာ
ငယ်တွေနဲ့ အစိုးရနဲ့ မကြာခဏ တိုက်ပွဲ တွေ၊ ပဋိပက္ခဖြစ်နေတာ တွေ့ရတယ် လေ။
အခုနောက်ပိုင်းရော ဘယ်လိုအခြေ အနေ ရှိပါသလဲခင်ဗျ။ UMNM ။
။ တိုက်ပွဲတွေဖြစ်တယ် လို့ ပြောလို့မရပါဘူး။ ကျွန်တော်တို့ က ၂၀၁၂
ဇန်နဝါရီမှာ အပစ်အခတ် ရပ်စဲရေးတွေ လုပ်နိုင်ခဲ့တယ်။ အခုဆို
တစ်နှစ်ပြည့်ပြီ။ အဲ့ဒီအချိန်မှာ KNU နဲ့ အစိုးရတပ်ကြားမှာ သာမန် မတော်တဆ
ပစ်ခတ်မှုတွေပဲ ရှိတယ်။ စနစ်တကျ စီစဉ်ပြီးတော့ တိုက်တဲ့ တိုက်ပွဲမရှိဘူး။
KNU ဘက်ကလည်းမရှိဘူး တပ်မတော် ဘက်ကလည်း မရှိဘူး၊ ဒါကတိုက်ပွဲ၊ ပဋိပက္ခလို့
ပြောလို့မရပါဘူး။ ဘာလို့လဲ ဆိုတော့ အခုကျွန်တော်တို့ နေပြည်တော် သွားတဲ့အခါ
ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့တယ်လေ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က
ပြောတယ်။ KNU ရယ်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA ရယ်က စည်းကမ်း
အင်မတန် ရှိတယ်။ အမိန့်လည်း နာခံတယ်လို့ ပြောတယ်လေ။ အသိအမှတ်ပြုတယ်၊
လေးစားတယ် ဆိုတဲ့အကြောင်း ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ပြော ပါတယ်။ အခု
ကာကွယ်ရေး ဦးစီးချုပ် ပြောတာက ကျွန်တော်တို့ အခု KNU နဲ့ ငြိမ်းချမ်းရေး
ရဖို့ ရ၀ ရာခိုင်နှုန်း သေချာနေပြီလို့ ပြောတယ်။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းက
အသေးအဖွဲ တွေပါတဲ့။ အသေးအဖွဲတွေ ဆိုတာက တပ်ဖွဲ့ငယ် တွေကြား နားလည်မှု
လွဲပြီး ပစ်တာ ခတ်တာလောက် ရှိတာပဲ။ ဒါတွေက ဖြေရှင်းလို့ ရပါတယ်တဲ့။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ဒီလို အသိအမှတ်ပြုထားတာ ဆိုတော့
ဒါကို ပဋိပက္ခ အဆင့်လို့ ပြောလို့မရပါဘူး။
Voice ။ ။ KNU က
အဖွဲ့လည်း ကြီးတယ်။ ထိန်းချုပ်နယ်မြေလည်း များတယ်။ တပ်မဟာ ကလည်း
များတယ်ဆိုတော့ တစ်နှစ်ကြာကာလ အတွင်း တပ်မဟာတွေကြားမှာ ဘယ်လို
နားလည်မှုရအောင် ယူခဲ့လဲ၊ ဘာအခက်အခဲ တွေရှိလဲ။ UMNM ။ ။
ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲတွေမှာ ခရိုင် ဥက္ကဋ္ဌတွေ၊ တပ်မဟာမှူးတွေ
ပါကြတယ်လေ။ အဲဒီခါကျတော့ သူတို့ နားလည်ကြတယ်။ ငြိမ်းချမ်းရေး
ဖြစ်စဉ်တွေမှာ သူတို့ပါဝင် တော့ သူတို့ သိတယ်။ တချို့တပ်မဟာ တွေကတော့
ဒီအပေါ်မှာ သံသယရှိတာ တွေတော့ ရှိတယ်။ ဒါကလည်း အနည်းစုပါ။ နောက်
သူတို့ကလည်း ပြန်သုံးသပ် တယ်လေ။ ဒီငြိမ်းချမ်းရေး ကလွဲလို့ တခြားရွေးစရာ
လမ်းမရှိဘူး။ လမ်းနှစ်လမ်းပဲ ရှိတယ်လေ။ ကျွန်တော် တို့ အရင်အတိုင်း
လက်နက်ကိုင် နည်းနဲ့ပဲ ဆက်ဖြေရှင်းမလား၊ စားပွဲဝိုင်းမှာ အေးအေးချမ်းချမ်း
နိုင်ငံတော် အစိုးရနဲ့ ဖြေရှင်းမလား ဒီလမ်းနှစ်လမ်း ကလွဲ ရွေးစရာ မရှိဘူး။
လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းတာကို အနှစ် ၆၀ ကျော်ဖြတ်သန်း ခဲ့ပြီးပြီလေ။
တစ်မျိုးသားလုံး ကျိုးကြေ ပြီးတော့ စုတ်ပြတ် နေတာပဲ။ ကျွန်တော် တို့က
ဒီစားပွဲဝိုင်း မှာဆို သက်သောင့် သက်သာရှင်းလို့ ရမယ်။ မတူတာတွေ
လည်းရှိမယ်၊ ရန်ဖြစ်တာတွေလည်း ရှိမှာပေါ့။ ဒါပေမဲ့ စစ်မြေပြင်မှာ
ရှင်းတာလောက်တော့ မပင်ပန်း ဘူးလေ။
“စားပွဲဝိုင်းမှာ ငြင်းရတာက စစ်မြေပြင်မှာ ရှင်းရတာလောက် မပင်ပန်းဘူးလို့ ထင်တယ်”
ကျွန်တော်တို့ ဒီငြိမ်းချမ်းရေး တစ်နှစ်တာ ကာလ အတွင်းမှာဆို။
ငြိမ်းချမ်းရေးဘက် တာဝန်ယူ ထားတဲ့ ဝန်ကြီးတွေရှိတယ် လေ။ ဦးအောင်မင်းတို့၊
ဦးခင်ရီတို့၊ ဦးစိုးသိန်းတို့၊ သူတို့က ပွင့်ပွင့်လင်းလင်း
ရင်းရင်းနှီးနှီး ပြောလို့ဆိုလို့ ရတယ်လေ။ တချို့ကိစ္စတွေဆို ကျွန်တော်တို့
စားပွဲဝိုင်းမှာ ရှင်းစရာတောင် မလိုဘူး။ ဒီတိုင်း စားရင်းသောက်ရင်းနဲ့၊
ဝန်ကြီး ကျွန်တော်တို့ ဒါလုပ်ချင်တယ်၊ ဘယ် သွားချင်တယ် ပြောလိုက်တာနဲ့
သူကလည်း တစ်ထိုင်တည်း ဆုံးဖြတ်ပေး တာပဲ။ ဒါက ကျွန်တော်တို့ တစ်ဦးနဲ့
တစ်ဦးကြား အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုကို ပြတာပဲ။
စစ်မြေပြင်မှာဆို သူဦးသူချ၊ ကိုယ်ဦး ကိုယ်ချပဲ၊ နာကျင်မှု များတယ်လေ။
စားပွဲဝိုင်းမှာ ကျတော့ အများကြီး ပြောလို့ဆိုလို့ရတယ်။
Voice ။ ။ နောက်တစ်ခုက အခု KNU မှာ အင်အားဘယ်လောက် ရှိတယ် ဆိုတာ ပြောနိုင်မယ်ဆို ပြောပြပေးပါ။ UMNM ။ ။ စိတ်မရှိပါနဲ့။ ဒါက တော့ ကျွန်တော် မပြောနိုင်ဘူး။ ဒါက အဖွဲ့အစည်း တစ်ခုရဲ့ လျှို့ဝှက်ချက် ဖြစ်တယ်လေ။
Voice
။ ။ KNU က တပ်ဖွဲ့က ကြီးတော့ အခု အပစ်အခတ် ရပ်စဲထား တယ်၊ အခွန်ကလည်း
မကောက်ဖို့ အစိုးရနဲ့ လက်မှတ် ထိုးထားရတယ်။ အဲ့တော့ တပ်ဖွဲ့တွေနဲ့
တပ်ဖွဲ့ဝင် မိသားစု တွေရဲ့ စားဝတ်နေရေး ဘယ်လိုဖြေရှင်း လဲ မသိဘူး။ UMNM
။ ။ ကျွန်တော်တို့ ကတော့ အရင်ကတည်းက ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်တည်နေတဲ့
အဖွဲ့အစည်းဖြစ် တဲ့အတွက် ဒီကိစ္စကလည်း သိပ်ပြီး အခက်အခဲမရှိပါဘူး။
Voice ။ ။ ရေရှည်မှာ ကျတော့ လက်နက်ကိုင် အင်အားစုတွေရော၊ သူတို့မိသားစုဝင်တွေ ရှိတော့လေ၊ အဲ့ဒီ အတွက် ဘယ်လို စီစဉ်ထားလဲ မသိဘူး။
UMNM ။ ။ တစ်လျှောက်လုံးက ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစု တွေက သူ
ရပ်တည်နိုင်ရေး သူတို့လုပ် တယ်။ အဖွဲ့အစည်းက ထောက်ပံ့တာ တွေလည်း
ရှိတာပေါ့။
Voice ။ ။ နောက်တစ်ခုက အစိုးရ နဲ့ အပစ်အခတ်
ရပ်စဲရေးလုပ်ထားတဲ့ အဖွဲ့အစည်းတွေက သူတို့တပ်ဖွဲ့ဝင် တွေနဲ့
သူတို့ရဲ့မိသားစုတွေကို ထောက်ပံ့ဖို့အတွက် စီးပွားရေးလုပ်ပိုင် ခွင့်တွေ
ဘာတွေ ရတယ်ပေါ့။ အဲဒီလို ပြောကြတာတွေရှိတယ်၊ KNU အနေနဲ့ ရော
ဘာတွေလုပ်ဖို့ရှိလဲ။ အဲ့ဒီ ပေါ်ရော ဦးမန်းငြိမ်းမောင် အနေနဲ့ ဘယ်လို
မြင်လဲ။ UMNM ။ ။ အခုချိန်ထိတော့ ဒါတွေက ဘာမှ
မလုပ်ရသေးပါဘူး။ အခုညီလာခံ ပြီးတဲ့ အချိန်မှာ ကော်မတီ တွေဖွဲ့မယ်။
စီးပွားရေး ကော်မတီ၊ ပညာရေး ကော်မတီ စသဖြင့်ပေါ့။ အဲ့ဒီ အချိန်မှ ဘာလုပ်မယ်
ဆိုတာ ဆုံးဖြတ် ရမယ်။ အစိုးရ ကလည်း သူတို့ဘာတွေ လုပ်ပေး နိုင်တယ်၊ ဘာတွေ
ကူညီမယ် စသဖြင့် ပြောထားတာတွေ ရှိပါတယ်။ စဉ်းစားထားတာတွေ ရှိတယ်။ လက်တွေ့
ဘာမှ မဆောင်ရွက်ရသေးဘူး။ ဒါတွေ က ဆောင်ရွက်သွားဖို့ ရှိပါတယ်။
Voice
။ ။ အခု KNU က နေပြည်တော် သွားတဲ့ ခရီးစဉ် အတွင်းမှာ စီးပွား/ကူးသန်း
ဝန်ကြီးတို့၊ သတ္တုတွင်း ဝန်ကြီးတို့နဲ့ တွေ့ခဲ့တယ်ပေါ့။ အဲဒီအပေါ်မှာ
အခွင့်အရေး အတွက် သွားတွေ့တာလို့ ပြောနေတဲ့သူတွေ ရှိ သလို အစိုးရနဲ့
နိုင်ငံရေး ဆွေးနွေးတဲ့ အခါ သယံဇာတ ခွဲဝေမှုပိုင်း ဆွေးနွေး နိုင်ဖို့
သွားတာလို့ ကြားရတယ် ခင်ဗျ။ အဲ့ဒါလေး ရှင်းပြပေးပါ။ UMNM
။ ။ သွားတယ်ဆိုတာက သူတို့ဖိတ်လို့ ကျွန်တော်တို့ သွားတွေ့ တာဗျ။ ဥပမာ -
သတ္တုတွင်းဆို သူတို့ လုပ်ငန်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ဘယ်လိုဆောင်ရွက်
ရတယ်ဆိုတာ၊ နောက် KNU နယ်မြေမှာ သတ္တုတွင်း တွေ ရှိတယ်ဆိုရင် အစိုးရနဲ့
ပူးပေါင်း ပြီး လုပ်ဖို့ သူတို့စည်းမျဉ်း စည်းကမ်း တွေပြောပြတဲ့ သဘောပါ။
စီးပွား/ကူးသန်း ဆိုလည်း ဒီအတိုင်းပဲ။ တချို့က ငြိမ်းချမ်းရေး စလုပ်ကတည်းက
ဒီအတိုင်း ပြောနေတာတွေရှိတယ်။ ငြိမ်းချမ်းရေး လုပ်တယ် ဆိုတာ လူတစ်စု
ကောင်းစားရေးဖြစ်တယ်။ ငြိမ်းချမ်းရေး ဟာ တိုင်းရင်းသားတွေ အတွက်
ထောင်ချောက်ဖြစ်တယ်။ အဲ့ဒီပေါ်မှာ အမျိုးမျိုး ပြောကြတာ ရှိပါတယ်။ အဲ့ဒါကို
ကျွန်တော်တို့ ကတော့ ဂရု မစိုက်ပါဘူး။ ဂရုမစိုက်ဘူး ဆိုတာက ကျွန်တော်တို့
ဒီမြင်နေတာတွေ၊ စွပ်စွဲမှု တွေကို လက်တွေ့ အလုပ်လုပ်ပြီး ဖြေရှင်း
သွားမှာပါ။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဘယ်သူက ဘယ်လိုဆိုတာ တစ်နှစ်
၂နှစ်ဆိုရင် ပေါ်လာမှာပဲလေ။ KNU ရဲ့ ကရင် တစ်မျိုးသားလုံးရဲ့ လူမှုရေး၊
စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ဆောင်ရွက် မှုရှိ မရှိဆိုတာ
အဲ့ဒီအချိန်မှာ ပေါ်လာ မှာပဲလေ။
Voice ။ ။
နောက်ထပ်မေးချင် တာက ကရင်ပြည်နယ် မှာဆို လက်နက်ကိုင် တပ်ဖွဲ့တွေလည်း အများ
ကြီး ရှိနေတယ်။ နောက်တခြားအဖွဲ့ အစည်းတွေလည်း ရှိနေတယ်ဆိုတော့ KNU အနေနဲ့
အဲ့ဒီအတွက် တစ်ခုခု စီစဉ်ထားတာ တွေရောရှိလား။ UMNM ။ ။
ရှိပါတယ်၊ အဲ့ဒီ အတွက် KNU မှာ ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး ဆိုတဲ့
Plan ရှိပါ တယ်။ လက်တွေ့ဆက်ဆံမှု တွေလည်း ရှိတယ်။ မကင်းဘူးလေ ကရင်အားလုံး က
ကျွန်တော်တို့ KNU ညီလာခံက ကော်မတီတွေ ပြန်မဖွဲ့ရသေးဘူး။ အဲ့ဒါ တွေ
လုပ်ပြီးရင် အကောင်အထည်ဖော် စတင်သွားပါမယ်။ ကျွန်တော်တို့ အားလုံးက အတူတူ
နေခဲ့ကြတာ ဆိုတော့ ကရင်အားလုံး ပြန်လည် ညီညွတ်လိမ့် မယ်လို့
ကျွန်တော်ထင်ပါတယ်။
Voice ။ ။ စောစောက ပြောသွား တဲ့ ကော်မတီတွေ ဖွဲ့မယ်ဆိုတာကို အသေးစိတ် ထပ်ရှင်းပြပေးပါ။
UMNM ။ ။ ဒါက ဒီလိုပါ။ ကျွန်တော် တို့ အခု (၁၅) ကြိမ်မြောက် ညီလာခံ
ပြီးတော့ ကော်မတီတွေ ဆက်ဖွဲ့ဖို့ရှိပါ တယ်။ စီးပွားရေးဆိုင်ရာ ကော်မတီ၊
လူမှုရေးကော်မတီ၊ တရားရေး ကော်မတီ ဆိုပြီး ဗဟိုကဖွဲ့ဖို့ ရှိပါတယ်။ အဲ့ဒီထဲ
မှာ ကရင်အမျိုးသား စည်းလုံးညီညွတ် ရေး ကော်မတီလိုမျိုး ကော်မတီတစ်ရပ်
ပေါ်လာမှာ ဖြစ်တယ်။ အဲ့ဒီကနေပြီး ကော်မတီတစ်ရပ် အနေနဲ့ ကရင် အမျိုးသား
ညီလာခံလိုမျိုး ပေါ်လာ အောင် လုပ်ဖို့ရှိတယ်။
Voice ။ ။
အခု ကရင်ပြည်နယ် မှာလည်း တရားဝင်နိုင်ငံရေး ပါတီတွေ ရှိနေတော့ KNU
အနေနဲ့ရော ဘယ်လို စဉ်းစား ထားလဲ။ ကရင်နိုင်ငံရေး အင်အားစုတွေ အားလုံး
ပေါင်းပြီး နိုင်ငံရေး ပါတီတစ်ခု ထောင်မလား၊ KNU ကိုယ်တိုင် ပါတီတစ်ခု
ဖြစ်လာ မလား၊ အဲ့ဒီအပေါ် ဘယ်လိုစဉ်းစား ထားလဲ။ UMNM ။ ။
ကျွန်တော်တို့ KNU အနေနဲ့ ပါတီတစ်ခု မထောင်သေးဘူး။ ထောင်လည်း
မထောင်နိုင်သေးဘူး။ ဒါပေမဲ့ ကရင်နိုင်ငံရေး ပါတီတွေနဲ့ ထိတွေ့ရမယ်၊
စည်းရုံးရမယ်၊ ဆက်ဆံရမယ်၊ သူတို့နဲ့ပူးပေါင်း ဆောင်ရွက်ဖို့ ကျွန်တော်
တို့မှာ စဉ်းစားချက်တွေ၊ စိတ်ကူးချက် တွေ ရှိပါတယ်။
Voice ။ ။ သီးခြားပါတီ ထောင်ဖို့ မရှိသေးဘူး။ လောလောဆယ်ပါတီ တွေနဲ့တော့ ပူးပေါင်း လုပ်မယ်ဆိုတဲ့ သဘောလားခင်ဗျ။ UMNM
။ ။ သူတို့တွေက ဥပဒေ ဘောင်တွင်းကနေ တရားဝင် နိုင်ငံရေး ပါတီအဖြစ်
ရပ်တည်ပြီး အမျိုးသားရေး အတွက် ဆောင်ရွက်နေတာပဲလေ။ အဲ့တော့ သူတို့ကိုလည်း
စည်းရုံးပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိတယ်လေ။ နိုင်ငံတော်
အစိုးရကလည်း ဆက် သွယ်ပါ၊ ဆောင်ရွက်ပါလို့ ပြောတယ် လေ။ သူတို့လည်း အရင်ကဆို
မဆက် သွယ်ရဲဘူးလေ။ ကျွန်တော်တို့က တောတွင်း အဖွဲ့အစည်း ဖြစ်နေတာဆို တော့
အခုလည်း အဆက်အသွယ်တွေ ရှိ ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် အကြံဉာဏ် တောင်းခံတာတွေ၊
ပူးပေါင်းဆောင် ရွက်တာတွေရှိပါတယ်။
Voice ။ ။
နောက်တစ်ခုကတော့ လက်နက်ကိုင် တပ်ဖွဲ့ တော်တော်များ များ ပြောနေကြတဲ့
ပြဿနာပေါ့။ နယ်ခြားစောင့်တပ် ကိစ္စကို KNU ရော ဘယ်လို စဉ်းစားထားလဲ မသိဘူး။
UMNM ။ ။ နယ်ခြားစောင့်တပ် ကိစ္စကတော့ ကျွန်တော်တို့
ဆီက ခွဲ ထွက်သွားတဲ့ ကရင်အင်အားစုတွေက နိုင်ငံတော် အစိုးရနဲ့ ပြေလည်နေတဲ့
အခါကျတော့ ကျွန်တော်တို့ ရေရှည် အမျိုးသားစည်းလုံး ညီညွတ်ရေးကဏ္ဍ နဲ့
ဆက်သွယ် ဆောင်ရွက်သွားပါမယ်။ ကျွန်တော်တို့နဲ့ သူတို့တွေ ဆက်သွယ်
မှုရှိတယ်၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ နိုင်ငံတော်အစိုးရနဲ့
ဘယ်လိုဖြစ်သင့် တယ်ဆိုတာ ဆွေးနွေးသွားဖို့ ရှိတယ်။
Voice ။ ။ အခု KNU က နယ်ခြား စောင့်တပ် ကိစ္စကို ဆက်ဆွေးနွေး သွားဖို့ရှိတယ်ပေါ့။ အဲ့ဒီသဘောလား။
UMNM ။ ။ ဆက်ဆွေးနွေးသွား ရမယ့် ကိစ္စပဲလေ။ တပ်မတော်ထဲ အားလုံး
ကူးပြောင်းမလား။ ဒီအတိုင်းပဲ နယ်ခြားစောင့် အတိုင်းသွားမလား။
အဲ့ဒါမျိုးပေါ့နော်။ နိုင်ငံတော် အစိုးရနဲ့ ဆက်ဆွေးနွေးသွားဖို့ ရှိပါတယ်။
Voice
။ ။ နောက်တစ်ခု မေးချင် တာက KNU က တပ်ဖွဲ့ကလည်း ကြီး တယ်လေ။ အခုက
အခွန်ကလည်း ကောက်လို့ မရတော့ဘူး ဆိုတော့ တပ်ဖွဲ့ တွေရဲ့ စားဝတ်နေရေး ကရော
ဘယ်လို စီစဉ်ထားလဲ ခင်ဗျ။ UMNM ။ ။ ကျွန်တော်တို့ စားဝတ်
နေရေးကတော့ အခုလက်ရှိ ရနေတဲ့ အကောက်ခွန် ဝင်ငွေလေးနဲ့ ရပ်တည် တယ်ပေါ့နော်။
နောက်ဆိုလို့ ရှိရင်တော့ တပ်ဖွဲ့ဝင်တွေရဲ့ စားဝတ်နေရေး အတွက် နိုင်ငံတော်
အစိုးရနဲ့ စီးပွားရေးလုပ်ငန်း တစ်ခု လုပ်ဖို့ ညှိနှိုင်းပြီး စီစဉ်ဆောင်
ရွက်သွားဖို့ ရှိပါတယ်။
Voice ။ ။ နိုင်ငံတော် သမ္မတနဲ့
ဝန်ကြီး ဦးအောင်မင်းတို့ ပြောထားတာ ရှိတယ်ပေါ့လေ။ အခုဖွဲ့ထားတဲ့ Myanmar
Peace Center က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တွေကို နိုင်ငံတကာ
အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီး ထောက်ပ့ံဖို့ပေါ့လေ။ အဲ့ဒါက ခု
စထောက်ပံ့နေပြီလား၊ ဘယ် အခြေအနေထိ ရောက်ပြီလဲ ခင်ဗျ။
UMNM ။ ။ မထောက်ပံ့သေးပါ ဘူး။ ဒါတွေက သူတို့ စီစဉ်နေဆဲ အဆင့် မှာပဲ
ရှိပါသေးတယ်။ ဘာမှ မစရ သေး ဘူး။ စစ်ဘေးဒုက္ခသည် တွေအတွက် စလုပ်နေတာ
တော့ရှိတယ်။ စစ်ဘေး ဒုက္ခသည်တွေ အတွက် ကျန်းမာရေး၊ ပညာရေး စတာတွေ
လုပ်နေတာတော့ ရှိပါတယ်။ ဟိုတစ်လောက မွန်ဘက်မှာ စတယ်။ နောက်တော့ ကျန်တဲ့
တိုင်းရင်း သား အဖွဲ့အစည်းတွေ ပါလာမယ်။ အဲဒါတွေတော့ ရှိတယ်။
Voice
။ ။ အခု နိုင်ငံတော်သမ္မတ KNU နဲ့တွေ့တာ နှစ်ကြိမ် ရှိပြီပေါ့။
အဲဒီနှစ်ကြိမ်မှာ ပထမ အကြိမ်နဲ့ ဒုတိယအကြိမ် ဘာတွေ ကွာခြားတာရှိ လဲ။
ပိုပြီးအားရ ကျေနပ်တာ ဘာတွေ ရှိလဲ။ UMNM ။ ။ ပထမအကြိမ်
ကတော့ ကျွန်တော်က ထောင်ထဲမှာပဲ ရှိသေး တယ် မသိဘူး။ ဒုတိယ တစ်ကြိမ်ကျ တော့
ကျွန်တော်ကိုယ်တိုင် ပါတယ်။ တော်တော်ကို ကျေနပ်ပါတယ်။ သမ္မတရဲ့ ရိုးသားမှု၊
ပွင့်လင်းမှု၊ တိုင်းပြည် အပေါ်ထားတဲ့ စေတနာ၊ အဲဒီအပေါ် အကဲဖြတ်လို့
ရပါတယ်။
Voice ။ ။ ဒီတစ်ခေါက် သမ္မတကြီး နဲ့တွေ့တဲ့ ခရီးစဉ်အပေါ် KNU အနေနဲ့ ဘယ်လို သုံးသပ်လဲခင်ဗျ။ UMNM ။ ။ ဒီခရီးစဉ်ကို အောင် မြင်တယ်လို့ ကျွန်တော်တို့ သုံးသပ် ပါတယ်။
Voice ။ ။ ဦးမန်းငြိမ်းမောင်တို့ လိုချင်တဲ့ အချက်အလက် တွေကိုရော ဆွေးနွေးလို့ ရခဲ့လားခင်ဗျ။
UMNM ။ ။ ကျွန်တော်တို့က ဒီခရီးစဉ်ကို လိုချင်တဲ့ အချက်တွေ ဆွေးနွေးဖို့
လာတာ မဟုတ်ပါဘူး။ စောစောက ရှင်းပြခဲ့သလိုပဲ။ ဧည့်သည် အနေနဲ့ သွားတာပဲ။
အဲလိုသွားပေမယ့် နိုင်ငံရေးအရ အလွတ်သဘော ဆွေးနွေး ခဲ့တာတွေရှိပါတယ်။
အဲဒီတော့ နောက် ထပ် ဆွေးနွေးဖို့ မခက်ဘူး ထင်တယ်။ တစ်ဦးနဲ့တစ်ဦး
ပိုယုံကြည်လာတယ်။ နောက်တစ်ချက်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့
တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တွေကို တွေ့ခဲ့ရတယ် ပေါ့နော်။ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်က တကယ့်ကို ပွင့်ပွင့်လင်းလင်း တက်တက်ကြွကြွ နဲ့
ပြောတယ်ပေါ့နော်။ ခံစားချက် အပြည့်နဲ့ ပြောတဲ့အခါကျတော့ အဓိက က တပ်ပဲလေ။
တပ်နဲ့ ပိုယုံကြည်မှုရလေ ပိုရှင်းရ လွယ်လေပဲ။ ပဋိပက္ခကို ဖြေရှင်းရတာ အဓိကက
တပ်ပဲလေ။ ရင်းနှီးတဲ့ ဆက်ဆံရေးရှိရင် ဒါတွေက ထပ်ပြီး တိုးတက်ဖို့ပဲ
ရှိတော့တယ်လေ။
Voice ။ ။ KNU က သမ္မတနဲ့ တွေ့ဖြစ်ရင်
ကချင်မှာ ဖြစ်နေတဲ့ စစ်ပွဲ ကိစ္စ ဆွေးနွေးမယ်လို့ ပြောတယ်ပေါ့ လေ။
အဲဒါတွေရော ဆွေးနွေးဖြစ်လား ခင်ဗျ။ ဘာတွေများ ဆွေးနွေး ခဲ့ကြလဲ။
UMNM ။ ။ ဆွေးနွေးတယ် ဆိုတာ က ဒီနေ့အချိန်မှာ KIO ကို စစ်ရှိန်မြှင့်
တင်ထားတဲ့ အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ် မှာ ရိုက်ခတ်မှုတွေ အများကြီး
ရှိတယ်။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပြုပြင်ပြောင်း လဲမှုအပေါ်
သံသယရှိနေတဲ့ သူတွေက ဒီသံသယကို ပိုပြီးကြီးထွား စေတယ် ပေါ့လေ။ ဒါတွေ
ပြောထားခဲ့တယ်။ စစ်ရှိန် လျှော့ချဖို့အတွက်။ KNU က မေတ္တာရပ်ခံ
တိုက်တွန်းခဲ့တယ်။ နောက် သူတို့ ဒီလိုဖြစ်ရတဲ့ အကြောင်းတွေ လည်း သူတို့
ရှင်းပြတယ်။ စစ်တပ်ကို KIO က ပိတ်ထားတယ်။ ရိက္ခာပြတ်နေ တယ်။ အဲဒါကို
လမ်းဖွင့်ပေးဖို့ တိုက်တွန်းတယ်။ လမ်းဖွင့် မပေးတော့ သူတို့ တိုက်ရတာလို့
ပြောတယ်၊ ကာကွယ်ရေး ဦးစီးချုပ်ကပြောတယ်။ သူက စစ်သားတစ်ယောက် ဆိုတော့
သူတာဝန်ရှိတယ်။ သူ့စစ်သားသူ အသေ မခံနိုင်ဘူးလို့ သူ့ရဲဘော်တွေ
ကယ်ထုတ်နိုင်ဖို့ အင်အား သုံးခဲ့ရတယ် လို့ သူပြောပါတယ်။
Voice
။ ။ KNU ကိုယ်တိုင်က လည်း အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်လာခဲ့တယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လာခဲ့တယ်။ အခု KIA နဲ့ ငြိမ်း ချမ်းရေး
မတည်ဆောက်နိုင်တဲ့ အချက် က ဘယ်လို အချက်တွေဖြစ်မယ် လို့ထင် လဲ။
ဘာကြောင့်လို့ သုံးသပ်မိလဲ ခင်ဗျ။ UMNM ။ ။ အဓိကကတော့
ယုံကြည် မှု မတည်ဆောက်နိုင်တာပဲ။ အဲဒီပေါ်မှာ ပဲ ပဋိပက္ခတွေ
ဆက်တိုက်ဖြစ်လာရတာ ပဲ။ ကျွန်တော်တို့ ဒီမလာခင် ကျွန်တော် တို့ ဥက္ကဋ္ဌနဲ့
အတွင်းရေးမှူးချုပ်က KIO ဥက္ကဋ္ဌကို သွားတွေ့တယ်လေ။ သူက ဘာပြောလဲဆိုတော့
ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ဆွေးနွေး ပွဲနဲ့ မတူဘူး၊ တစ်ဦးကို တစ်ဦး
အပြစ်ဖို့ နေကြတာပဲ။ သူမှန်တယ် ကိုယ်မှန်တယ် စကားရည် လုနေကြသလို
ဖြစ်နေတယ်တဲ့။ ရန်ဖြစ် နေကြတာပဲတဲ့၊ သူတို့ကိုယ်တိုင် အဲ့လို ပြောတယ်လေ။
အဲလိုဆိုတော့ ငြိမ်းချမ်း ရေးဖြစ်စဉ်က တိုးတက်မှုမရှိဘဲ ပိုကြာ နိုင်ပါတယ်။
KNU နဲ့ကျတော့ ဘာလို့ အဆင်ပြေနေလဲ ဆိုတော့ ကျွန်တော်တို့ ကတော့ ကိုယ့်ဘက်က
လိုချင်တာအရင် တင်ပြတယ်။ နိုင်ငံတော်က လိုက်လျော နိုင်တဲ့အတွက်
နိုင်ငံတော်ဘက်က လိုက် လျောပေးတယ်။ အဲ့ဒီကနေပြီး အပစ် အခတ်ရပ်စဲရေး
လုပ်လာနိုင်တယ်။ ဒီကြားထဲမှာ အပစ်အခတ် ရပ်စဲရေး ခိုင်မာဖို့အတွက်
တည်ဆောက်တယ်။ အဲ့တော့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း
ဆွေးနွေးလာနိုင်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်လို့ရတာပဲလေ။ သံသယနဲ့
ငြိမ်းချမ်းရေး လုပ်တဲ့အခါ ကျတော့ ခက်တယ်။ ရဖို့လည်းမလွယ်ဘူး။
Voice
။ ။ အခု KIO နဲ့ တပ်မတော် က တစ်ဖက်နဲ့တစ်ဖက် သံသယတွေနဲ့
စကားပြောနေတဲ့အခါကျတော့ ငြိမ်းချမ်းရေးရဖို့ ခက်တယ်ပေါ့လေ။ အဲ့တော့
အခုလက်ရှိ တိုင်းရင်းသား လက်နက်ကိုင် တော်တော်များများ ကလည်း အပစ်အခတ်
ရပ်စဲရေးလုပ်ပြီး Political Dialogue လုပ်ဖို့ စောင့်နေ တယ်ပေါ့။ KNU ကရော
ကေအိုင်အေ ပါတဲ့အထိ ဆက်စောင့်မလား။ ဘယ်လို စဉ်းစားထားလဲ။
UMNM ။ ။ တတ်နိုင်သမျှတော့ ကျွန်တော်တို့က စောင့်ပြီး တိုက်တွန်းချင် တယ်။
ကြာမယ် ဆိုရင်တော့ ကျွန်တော် တို့ကျန်တဲ့ အဖွဲ့တွေနဲ့ ရှေ့ဆက်သွား
မယ်ပေါ့။
Voice ။ ။ ငြိမ်းချမ်းရေး ယူထား တဲ့ ကျန်တဲ့ အဖွဲ့တွေနဲ့ စုစည်းမိတာ ရှိ လား။ ဆွေးနွေးမိတာ တွေရောရှိလား။
UMNM ။ ။ ယေဘုယျ ပြောရရင် တော့ မရှိဘူးလို့ ပြောလို့ ရပါတယ်။
အနည်းဆုံးတော့ ဆက်ဆံမှုတော့ရှိတယ်။ ပူးပေါင်းဆောင်ရွက်မှု အထိုက်အလျောက်
တော့ ရှိပါတယ်။
Voice ။ ။ အခု KIA က ဥက္ကဋ္ဌ အနေနဲ့
လုပ်ဆောင်နေတဲ့ UNFC နဲ့ အစိုးရ နိုင်ငံရေးဆွေးနွေးမှု စတင်တော့
မယ်လို့သိရပါတယ်။ UNFC က တိုင်းရင်းသားတပ်ဖွဲ့ အားလုံးကို ကိုယ်စားပြုသလား
ခင်ဗျ။ အဲ့ဒါလေး ရှင်းပြပေးပါ။ UMNM ။ ။ UNFC ကတော့
တိုင်းရင်းသားတွေကို တစ်စိတ်တစ်ပိုင်းပဲ ကိုယ်စားပြုမယ်လို့ ထင်ပါတယ်။
သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတာက အကန့်အသတ် ရှိတယ်လေ။ အကုန်လုံးကို
ကိုယ်စားပြုဖို့ ဆိုတာ အကုန်လုံးက ယုံကြည်မှု ပေးဦးမှကိုး၊ အဲ့ဒါလည်း
ရှိပါတယ်။
Voice ။ ။ နောက်တစ်ခု မေးချင် တာက
ဦးမန်းငြိမ်းမောင် ဆိုရင် တပ်မတော်အစိုးရ လက်ထက်မှာ တစ်လျှောက်လုံး
အကြိမ်ကြိမ် ထောင်ကျခံခဲ့ ရတာတွေရှိတယ်၊ နှိပ်စက် ခံရတွေရှိပါတယ်။ အခု
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဦးမန်းငြိမ်းမောင် အနေနဲ့ ယုံကြည်မှု
အတော်လေးပေးနိုင် တာတွေ့ရတယ်။ အဲ့ဒါဘာကြောင့် ဒီလို ယုံကြည်မှု
ပေးနိုင်တာလဲ။ UMNM ။ ။ အဓိက အချက်ကတော့ နှစ်ချက်
သုံးချက်လောက်တော့ ရှိပါ တယ်။ အခု ကျွန်တော်ဖြတ်သန်းမှု အတွေ့ အကြုံအရရော
ဒီပဋိပက္ခကို ရှင်းဖို့ အများကြီး စဉ်းစားတယ်လေ။ ငြိမ်းအောင်
ဘယ်လိုလုပ်ရမလဲ၊ ဒီနည်းနဲ့တော့ မပြေ ဘူးဆိုတာ ကျွန်တော်တို့ မြင်တယ်လေ။
အထူးသဖြင့် နောက်ဆုံး တွန်းအားဖြစ် စေတာကတော့ ကျွန်တော့်ကို နောက်
ဆုံးအကြိမ် ဖမ်းတယ်လေ။ အဲ့ဒီချိန်မှာ ကျွန်တော့်ကို KNU မှာ တစ်စုံတစ်ရာ
တာဝန်ရှိတဲ့ ခေါင်းဆောင်ဆိုတာ သူတို့သိတာနဲ့ ချက်ချင်း လေးလေး စားစား
ဆက်ဆံတယ်။ ကျွန်တော့်ကို လူ့သိက္ခာ ညှိုးနွမ်းစေမယ့် အပြုအမူ တွေ
လုံးဝမလုပ်ခဲ့ဘူး။ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုတွေ မလုပ်ဘူး၊
ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုတွေ မလုပ်ဘူး။ ငြိမ်းချမ်းရေး
တည်ဆောက်နိုင်ဖို့ အတွက် ကျွန်တော် တို့ဆီက အကြံဉာဏ်တွေ မြောက်မြားစွာ
တောင်းခံခဲ့တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးနဲ့ ပတ်သက်ပြီး
ကျွန်တော့်ဆီက အကြံဉာဏ်တွေ မြောက်မြားစွာ တောင်းခံခဲ့တယ်။ အဲ့ဒါကြောင့်မို့
ကျွန်တော်က ဒီအပေါ်မှာ ပိုပြီး အလှည့်အပြောင်း ဖြစ်တယ် ပေါ့နော်။
Voice
။ ။ စောစောက ဦးမန်းငြိမ်းမောင် ပြောသွားတယ်ပေါ့။ ကာကွယ်ရေး ဦးစီးချုပ်က
ပြောတယ် “တပ်မတော်နဲ့ KNU ကြားမှာ ငြိမ်းချမ်းရေး ရ၀ ရာခိုင်နှုန်း
အောင်မြင်ပြီ၊” ဒီလိုပြော တဲ့ အပေါ်မှာရော KNU ရဲ့ သဘောထား ဘယ်လိုရှိလဲ
ခင်ဗျ။ UMNM ။ ။ အဲ့ဒါကို ကျွန်တော် လက်ခံပါတယ်။
အောင်မြင်မှု ရတယ်လို့ ပြောလို့ရပါတယ်။ စစ်မြေပြင် ကနေ ငြိမ်းချမ်းရေး
ဖြစ်လာတာက အင်မတန် ကြီးမားတဲ့ အောင်မြင်မှုပါ။ နှစ်ပေါင်း ၆၀ကျော်ကြာ
လက်နက်ကိုင် တိုက်လာ တဲ့ လူမျိုးတစ်မျိုး ခုလို အပစ်ရပ်ထား နိုင်တယ်ဆိုတာ
စဉ်းစားကြည့်ပါ။ အချို့က ပြောကြတယ်။ အပစ်အခတ် ရပ်တာ တစ်နှစ်ကျော် ကြာပြီ၊
ဘာ တိုးတက်မှုမှ မရှိဘူးပြောကြတယ်။ အခု အပစ်ရပ်ထားနိုင်တာ ထိခိုက်နာကျင်
မှုတွေ၊ အသက်ပေးမှုတွေ မရှိဘူး။ ဒါက အောင်မြင်မှုလို့ ပြောလို့ရတယ်။
နှစ်ဦးနှစ်ဖက် ကူးလူး ဆက်ဆံမှုတွေ၊ ပွင့်လင်းမြင်သာတဲ့ ရင်းနှီးမှုတွေ
ရလာရင် ရှေ့သွားရမယ့်ဟာတွေ အများကြီးရှိလာမယ်။
Voice ။ ။
အခု အပစ်အခတ် ရပ်စဲရေး လုပ်ထားပြီးတဲ့ ၁၀ဖွဲ့နဲ့ နိုင်ငံရေး စကားဝိုင်း
စတင်ရင် ညှိနှိုင်းမရတဲ့ ကိစ္စတွေ၊ ဥပမာ - တိုင်းရင်းသားတွေ လိုချင်တဲ့
Power Sharing လုပ်မပေးနိုင် တာမျိုး တွေကြောင့် ပြန်ပြီး ပစ်ကြ ခတ်ကြ
ဖြစ်ကြမှာ နိုင်ငံရေး လေ့လာသူ တချို့က စိုးရိမ်မှုတွေ ရှိနေတယ် ပေါ့။
အဲ့ဒီပေါ်ရော KNU အနေနဲ့ ဘယ်လို မြင်လဲ။ UMNM ။ ။
ကျွန်တော် ကတော့ မစိုးရိမ်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရင် တုန်းက
စိုးရိမ်တယ်၊ အခု မစိုးရိမ်ပါဘူး။ ဘာလို့လဲ ဆိုတော့ အခုက ရင်းနှီးပွင့်
လင်းတဲ့ ဆက်ဆံမှုရှိပြီ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ကျွန်တော်
တို့ လက်မခံတာတွေ ရှိတယ်။ ဒါတွေ လက်မခံတာ ပြဿနာမရှိဘူး။ စားပွဲ ဝိုင်းမှာ
ငြင်းရမှာပဲ။ ကျွန်တော်တို့က ဘယ်လောက်ထိ စေတနာမှန်လဲ၊ ဘယ် လောက်ထိ
ရိုးသားလဲ၊ နှစ်ဦးနှစ်ဖက် စလုံး ဒီအပေါ်မှာ အခြေခံတယ်။ ဒါဆို ရင်တော့
ကျွန်တော်တို့ ဒီအခက်အခဲ တွေ ကျော်နိုင်မယ်လို့ ထင်တယ်။ စားပွဲဝိုင်းမှာ
ငြင်းရတာက စစ်မြေပြင်မှာ ရှင်းရတာလောက် မပင်ပန်းဘူးလို့ ထင် တယ်။
အဲ့ဒါကြောင့်မို့ မစိုးရိမ်ပါဘူး။
Voice ။ ။ ဆရာတို့ KNU က
စားပွဲဝိုင်းပေါ် ဆွေးနွေးလာတာ အခုတစ်နှစ် လောက်လည်း ကြာပြီ။
စားပွဲဝိုင်းပေါ်မှာ Political Dialogue ဆွေးနွေးတဲ့အခါ အဆင်ပြေပြေ ညှိလို့
ရမယ်လို့ သုံးသပ်မိ ပါသလား။ UMNM ။ ။ သုံးသပ်မိတယ်၊
သုံးသပ် ပါတယ်။ ကျွန်တော် ယုံကြည်မှု တည် ဆောက်တဲ့ အချိန်မှာ အများကြီး
တိုးတက်လာတယ်လေ။ ကျွန်တော်တို့ ခုဆွေးနွေး ချင်သလို ဆွေးနွေးလို့ရတယ်။
တစ်ခါတလေဆို ထမင်းဝိုင်း တင် ပြဿနာက ရှင်းလို့ ပြီးသွားတယ်။
စားပွဲဝိုင်းတောင် မရောက်လိုက်ဘူး။
Voice ။ ။ အခု KNU ရဲ့
နေပြည် တော်ခရီးစဉ်မှာ ကာကွယ်ရေး ဦးစီးချုပ် ရော၊ တပ်မတော်ထိပ်ပိုင်း
ခေါင်းဆောင် တော်တော်များများ နဲ့ရော တွေ့ခဲ့တယ် ပေါ့။ အခုလက်ရှိ
တပ်မတော်အပေါ် ဘယ်လိုမြင်လဲ။ နောက်တစ်ခု အခု လူ တော်တော်များများ
ပြောကြတယ်ပေါ့။ KIO နဲ့ တိုက်နေပြီးတော့ KNU နဲ့ကျ တော့ တွေ့တယ်ပေါ့။
အဲ့ဒီပေါ်မှာ တပ်မတော် အပေါ်ကို ဘယ်လို မှတ်ချက် ပေးချင်လဲ။
UMNM ။ ။ ကာကွယ်ရေးဦးစီးချုပ် ပြောတာကတော့ လူထုအပေါ် ထိပါး တဲ့
ကိစ္စမျိုးဆို သူခွင့် မပြုဘူး။ နောက် တစ်ချက်က နိုင်ငံတော် လုံခြုံရေးနဲ့
ပတ်သက်ပြီး သူထိပါး မခံနိုင်ဘူး။ တပ် မတော်က နိုင်ငံတော်ရဲ့ လုံခြုံရေးကို
ကာကွယ် စောင့်ရှောက်ရမယ်ဆိုတာ သူ တို့ရဲ့ ပထမတာဝန်လို့ ပြောပါတယ်။ နောက်
နိုင်ငံတော်က ချထားတဲ့ပေါ်လစီ ဖြစ်တဲ့ တို့တာဝန် အရေးသုံးပါးပေါ့၊ ဒါကို
တော့ သူကကာကွယ်ရမယ်၊ စောင့်ထိန်း ရမယ်လို့ ပြောတယ်။
Voice
။ ။ KNU ခေါင်းဆောင် တွေအနေနဲ့ အစိုးရကို ယုံကြည်မှု အပြည့် ပေးထားတာ
တွေ့ရတယ်။ အစိုးရဘက်က ကတိဖျက်မှာ၊ ယုံကြည် မှုတွေအပေါ် အလွဲသုံးစား
လုပ်မှာတွေကို စိုးရိမ်မှု မရှိဘူးလား။ UMNM ။ ။
ကျွန်တော်ပြောပြမယ်။ အခု ကျွန်တော်တို့ကို လိမ်ရင်လည်း လိမ်လို့ရတယ်။
ကျွန်တော်တို့ လူမျိုး ကို လိမ်မလား၊ ကျွန်တော် အလိမ်ခံရဲ တယ်။ ဒီတစ်ခါ
လိမ်လို့ရှိရင် ကျွန်တော် တို့ ကရင်တွေနဲ့ သားစဉ်မြေးဆက် တစ်သက်လုံး
ငြိမ်းချမ်းရေး မတည် ဆောက်နိုင်ဘူး။ ကျွန်တော်တို့ ကရင်လူ မျိုးတွေက
ယုံကြည်ခဲတယ်။ ယုံပြီးရင် အဲ့ဒါကို ဘယ်တော့မှ မစွန့်လွှတ်ဘူး။ မယုံတော့ဘူး
ဆိုလည်း တစ်သက်လုံး မယုံဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က ယုံကြည်တယ်။
ယုံကြည်တယ် ဆိုတာ ဒီကနေ့ ဖြစ်စဉ်အပေါ်မှာ ယုံကြည်တာ။
ကျော်ဆန်းမင်း၊ အောင်ဘိုဘိုရှိန်
http://thevoicemyanmar.com/index.php/interviews/item/3427-knu-%E1%80%97%E1%80%9F%E1%80%AD%E1%80%AF-%E1%80%A1%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%A1%E1%80%99%E1%82%88%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9-%E1%80%B1%E1%80%80%E1%80%AC%E1%80%B9%E1%80%99%E1%80%90%E1%80%AE%E1%80%9D%E1%80%84%E1%80%B9-%E1%80%A5%E1%80%AE%E1%80%B8%E1%80%99%E1%80%94%E1%80%B9%E1%80%B8%E1%81%BF%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%82%94-%E1%80%B1%E1%80%90%E1%80%BC%E1%82%94%E1%80%86%E1%80%AF%E1%80%B6%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8.html