“ကွဲပြားနေသော ကရင် လက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရေး ကော်မတီ”ဟု အမည်ပေးထားသည့် ကော်မတီတွင် ဥက္ကဌ အဖြစ် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်(KNLA)၏ စစ်ဦးစီးချူပ် ဗိုလ်ချုပ် စောဂျော်နီ က တာဝန်ယူထားသည်။
ဖေဖော်ဝါရီ လကုန်ပိုင်းက ဘားအံခရိုင် လေဝါး၌ ကျင်းပခဲ့သည့် KNU ဗဟိုကော်မတီ အစည်းအဝေးပွဲအပြီး နောက်ပိုင်း ယင်း ကော်မတီ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ပြန်လည် ပေါင်းစည်းရေးဟု သုံးနှုန်းထားသော်လည်း မည်သည့်ပုံစံမျိုးဖြစ်မည်ကို မသိရှိနိုင်သေးကြောင်း၊ ရှေ့ဆက် လုပ်ဆောင် စရာ အဆင့်များစွာ ကျန်သေးကြောင်း KNU ဒု ဥက္ကဌ နော်စီဖိုးရာစိန်က ဧရာဝတီသို့ ပြောကြားသည်။
“KNU ဆိုတဲ့အဖွဲ့ အောက်မှာ အဖွဲ့တွေ ပြန်ပေါင်းမလား ဒါမှမဟုတ် တပ်ပေါင်းစုအနေနဲ့ သွားမလားဆိုတာ အဆင့်ဆင့် လုပ်ရဦး မယ်။ အများစုကတော့ KNUရဲ့ ပေါ်လစီ၊ မူသဘောထား ရပ်တည်ချက်ကို လက်ခံမယ့် သဘောထားရှိတယ်”ဟု ၎င်းက ပြော သည်။
ကရင်ပြည်နယ် အတွင်း၌ KNU အပါအဝင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) ၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ၊ နယ်ခြားစောင့်တပ်(BGF)နှင့် ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့(ဟောင်သရော အထူးဒေသ) (KPF)စသည့် လက်နက် ကိုင် အဖွဲ့များ ရှိသည်။
ကရင် လက်နက်ကိုင် အဖွဲ့များသည် နိုင်ငံရေးဦးတည်ချက်များ ကွဲပြားခြင်းကြောင့် KNU မှ ခွဲထွက်သွားသော အဖွဲ့များ ဖြစ်ကြောင်း၊ သို့သော်လည်း ကရင် တမျိုးသားလုံး တန်းတူညီမျှ အခွင့်အရေးရရှိရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ကြိုးပမ်းနေကြခြင်း ရည်ရွယ်ချက်မှာ တူညီမှု ရှိကြကြောင်း၊ ပြည်နယ်အတွင်း၌ ယခုကဲ့သို့ အဖွဲ့များကွဲပြီး နယ်မြေ သတ်မှတ်ချက်များကြောင့် ကရင် လူထု အနေဖြင့် အခက်အခဲများ ကြုံတွေ့နေရခြင်းကြောင့် ပေါင်းစည်းရေးကို ပြုလုပ်လိုခြင်း ဖြစ်ကြောင်း နော်စီဖိုးရာစိန် က ဆိုသည်။
ယခု ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် KNUအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ ယခင်ကလည်း ယခုကဲ့သို့ ကော်မတီ တခု ဖွဲ့စည်း၍ လက်နက်ကိုင် အဖွဲ့များ ပြန်လည် ပေါင်းစည်းရေးကို လုပ်ခဲ့ကြသော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း နှင့် ယခုအကြိမ် ညှိနှိုင်းမှုများ လုပ်မည်ဆိုပါက တပ်များပေါင်းစည်းရေးအား အဓိကထား၍ ပြောဆိုမည် မဟုတ်ဘဲ အမျိုးသားရေးကိုသာ ဦးစားပေး ဆွေးနွေးမည်ဟုလည်း သိရသည်။
“အားလုံးက ကရင်လူမျိုးတွေပဲ အရေးကြီးရင် သွေးစည်းရမှာပဲ၊ ဒီအဖွဲ့တွေကလည်း အရင်တုန်းက KNU ကပဲ”ဟု ဗိုလ်ချုပ် စောဂျောနီ က ပြောသည်။
DKBA အဖွဲ့သည် ၁၉၉၄ ခုနှစ်က KNU မှခွဲထွက်သွားခဲ့ပြီး သီးသန့်အဖွဲ့အဖြစ်ရပ်တည်ခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်၌် ဗိုလ်မှူးကြီး စောချစ် သူဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များက အစိုးရတပ် လက်အောက်သို့ ၀င်ရောက်ခဲ့ကြပြီး တပ်ရင်း သုံးခုနှင့် နယ်ခြားစောင့်တပ် အဖြစ် ရပ်တည်ခဲ့သည်။ ဗိုလ်မှူးချူပ် စောလားပွယ် ၏ DKBAတပ်များကမူ သီးခြား ဆက်လက် ရပ်တည်နေသည်။
နယ်ခြားစောင့်တပ်များ ဖြစ်သွားသည့် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် တပ်များနှင့် ပေါင်းစည်းရေး ခက်ခဲမည်ဖြစ်ကြောင်း နော်စီဖိုးရာစိန်က ဆိုသည်။
DKBA ကလိုထူးဘော ကရင်အစည်းအရုံး(KKO)အဖွဲ့ ၏ ပထမ အကြိမ် ညီလာခံအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်၌ KKOသည် KNU အား မိခင်အဖွဲ့အစည်း အဖြစ်ခံယူပြီး ၀န်းရံသည့် အဖွဲ့ဖြစ်သည်ဟု ပါရှိသည်။
KNU/KNLA ငြိမ်းချမ်းရေး ကောင်စီအား ဗိုလ်ချူပ် ထိန်မောင်(ဌေးမောင်)က KNU လက်အောက်မှ ခွဲထွက်၍ ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး KPF အပါအဝင် တခြားသော လက်နက်ကိုင်အဖွဲ့ငယ်များလည်း ကရင်ပြည်နယ်တွင် ရှိနေဆဲ ဖြစ်သည်။
http://burma.irrawaddy.org/archives/35785