ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တို့ ယမန်နေ့က တွေ့ဆုံပွဲပြုလုပ်ခဲ့ကြရာ ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ နှစ်ဦးနှစ်ဘက် အပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုတွေ ဆက်လက်ဖြစ်ပေါ်ရန် အလားအလာကောင်းတွေ တွေ့ရှိရတယ်လို့ သိရပါတယ်။
အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ KNPP မှ ထိပ်တန်းခေါင်းဆောင်းများဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တနေရာမှာ အပစ်ခတ်ရပ်စဲရေးအတွက် ပဏာမအဆင့် တွေ့ဆုံခဲ့ကြပါတယ်။
ယခုတွေ့ဆုံပွဲမှာ အပစ်အခတ်ရပ်စဲရေးအတွက် နှစ်ဦးနှစ်ဘက်မှ သဘောတူညီမှု တစုံတရာမျှမရရှိကြပေမယ့် “ဒီတွေ့ဆုံပွဲကတော့ နောက်ဆက်တွဲ ဆွေးနွေးပွဲတွေအတွက် ပထမခြေလမ်းကောင်းလို့ပဲ ပြောရမှာ ဖြစ်တယ်။ နှစ်ဦးနှစ်ဘက် နားလည်မှု ရကြတယ်လို့ပဲ ပြောရမှာပါ” လို့ တွေ့ဆုံပွဲမှာ ပါဝင်ဦးဆောင်တဲ့ KNPP အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တုန်းက တင်ပြထားတဲ့ အချက် ၄ ချက်ကို ပြန်လည်ဆွေးနွေးပြီး ကေအဲန်ပီပီဖက်မှ ပြည်သူများ နေရာ ပြန်လည်ချထားရေး၊ အလုပ်အကိုင်၊ အစားအသောက်၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းအတွက် တင်ပြဆွေးနွေးခဲ့ပြီး လာမယ့် မတ်လ အစောပိုင်းမှာ ထပ်မံတွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
“ဒီအစည်းအဝေးမှာကတော့ ဘာဆုံးဖြတ်ချက်မှ မရှိဘူး။ နောက် ဆွေးနွေးပွဲအတွက် ကျနော်တို့ သဘောတူထားကြတာကတော့ မတ်လအစောပိုင်း ပထမပတ် အတောအတွင်းမှာပဲ တွေ့ဆုံကြဖို့ အဲတခုလေးပဲ သဘောတူထားကြတယ်” လို့ ခူဦးရယ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကေအဲန်ပီပီ ငြိမ်းချမ်းရေး ကော်မီတီ အဖွဲ့ဝင်များနဲ့ မြန်မာအစိုးရမှ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ဟာ အပစ်အခတ်ရပ်စဲရေးအတွက် ပဏာမအဆင့်အနေဖြင့် တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။
ယခုဖေဖော်ဝါရီလ ၆ ရက်နေ့တွေ့ဆုံပွဲမှာ ကေအဲန်ပီပီမှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များဖြစ်တဲ့ KNPP အတွင်းရေးမှူး -၁ ခူဦးရယ်၊ အတွင်းရေးမှူး -၂ ဆရာအောင်ဆန်းမြင့်၊ KNPP အရံဗဟိုကော်မီဝင် ဆရာ ပလုရယ်နဲ့ ကရင်နီပြည် တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးတို့ဖြစ်ပြီး သမ္မတဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းဦးဆောင်တဲ့ အဖွဲ့တို့ဖြစ်ပါတယ်။
feb 16 2012


Sunday, July 29, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: