လိုင်ဇာမြို့သို့ မတ်လ ၁၈ ယမန်နေ့ ၃ နာရီခွဲတွင်ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ရေးအဖွဲ့တွင် သံဃာတော် ၁၅ ပါးနှင့် သီလရှင် ၁ ပါး အပါအဝင် လူဦးရေ ၁၂၉ ဦးဖြစ်ပြီး ၄င်းတို့ကို ကြိုဆိုရေးကော်မတီဖွဲ့စည်းကာ လိုင်ဇာပြည်သူလူထုအပြင် KIO များ၊ ကျောင်းသားတပ်မတော် (ABSDF) တာဝန်ရှိသူများမှ ပူးပေါင်းကြိုဆိုခဲ့ကြောင်းသိရသည်။
လိုင်ဇာ (Laiza) ကားကြီးကွင်းတွင် စုရုံးကာ လိုင်ဇာအုပ်ချုပ်ရေးမှူးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားဖြင့် ဂုဏ်ပြုပြောဆိုခဲ့ပြီး လမ်းလျှောက်သူအဖွဲ့မှလည်း ၎င်းတို့၏လမ်းလျှောက်ရသည့် ရည်ရွယ်ချက်များကို ပြည်သူများအားပြောပြခဲ့ကြောင်း ပါ၀င်သူများမှ သိရသည်။
“သူတို့ရောက်လာတဲ့အချိန် ဒီက ပြည်သူတွေအပါ အားလုံးပေါင်းပြီး ရိုးရာဝတ်စုံတွေနဲ့ စစ်သားတွေက စစ်ဝတ်စုံတွေနဲ့ တန်းစီပြီးတော့ ဗုံတွေတီးပြီးတော့ ကြိုဆိုတယ်။ ပြီးတော့ လိုင်ဇာကားကြီးကွင်းမှာ မန်ဒတ်ထိုးထားတဲ့နေရာမှာ အားလုံးပြန်စုပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားတွေ အပြန်အလှန်ပြောကြတယ်” ဟု လိုင်ဇာအုပ်ချုပ်ရေးမှူး ကရန်နော်အောန် (Kareng Naw Awn) ကပြောသည်။
တိုင်းပြည်လုံးမှာဖြစ်ပျက်နေသည့် ပြည်တွင်းစစ်ကို ရပ်တန့်စေလိုသောအားဖြင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေသော ကချင်ပြည်နယ် လိုင်ဇာမြို့ကိုရွေးချယ် လမ်းလျှောက်ရခြင်းဖြစ်ပြီး ထိုသို့ရောက်ရှိလာချိန် လိုင်ဇာပြည်သူများမှ လိုက်လိုက်လှဲလှဲကြိဆိုခြင်းအပေါ် အားရဝမ်းသာမှုရှိသည်ဟု ငြိမ်းချမ်းရေး လမ်းလျှောက် ဦးဆောင်လာသူ ကိုရန်နိုင်ထွန်းကပြောသည်။
“ကချင်ပြည်နယ်ကိုရွေးချယ်ခဲ့တယ်ဆိုပေမဲ့ ကချင်ပြည်နယ်မှာရှိတဲ့ စစ်ပွဲကိုပဲ ရပ်တန့်စေလို့မဟုတ်ပါဘူး။ တိုင်းပြည်လုံးမှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရပ်စေချင်လို့ပါ။ စစ်ပွဲကြောင့်ဖြစ်ရတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ၊ သောကရောက်မှုတွေကိိုု ပြသဖို့ဟာ ဒီနေ့ကချင်ပြည်နယ်မှာရှိနေတဲ့အတွက် ကချင်ပြည်နယ်ကိုကျနော်တို့ ရွေးချယ်ခဲ့တာပါ။ ဒီကိုရောက်တော့ ကျနော်တို့ကို လိုက်လိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်။ ကျနော်တို့အတွက် အံသြလို့ မကုန်ပါဘူး။ အရမ်းကိုအားရပါတယ်။ တကယ်နွေးထွေးပြီး အားလုံးငြိမ်းချမ်းရေးကိုလိုလားတဲ့ ပြည်သူတွေလို့မြင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွန်းအားတစ်ခုတော့ ပေးနိုင်ပါပြီလို့ ကျနော်တို့ယုံကြည့်ပါတယ်”
၎င်းတို့အဖွဲ့သည့် ငြိမ်းချမ်းရေးလိုလားသူ လူငယ် ၁၀ ဦးမှ စတင်စည်းရုံးကာ ရန်ကုန်မြို့မှ ဇန်နဝါရီလ ၂၁ ရက်နေ့စတင်ထွက်ခွာချိန် လူဦးရေ ၂၈ ဦးဖြင့်စတင်ထွက်ခွာခဲ့ပြီး လမ်းတစ်လျှောက်မှ လိုင်ဇာမြို့သို့ လူဦးရေ ၁၂၉ ဦးသို့ တိုးလာခြင်းဖြစ်သည်။
ထိုသို့ ရန်ကုန် မြစ်ကြီးနားလမ်းဖြင့် လိုင်ဇာသို့လမ်းလျှောက်လာချိန် လမ်းတွင် ၎င်းအဖွဲ့အတွင်း ကျန်းမာရေး၊ သဘောထားကွဲပြားမှု စသည့်အခက်အခဲများဖြင့် ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။
၎င်းတို့အဖွဲ့လမ်းလျှောက်လာစဉ် လမ်းတစ်လျှောက်ရှိပြည်သူများလှူဒါန်းလိုက်သော ကျပ်ငွေ သိန်း ၃၀၀ ကျော် ရှိသည့်အထဲ သိန်း ၁၅၀ ကိုမှု ဖြတ်သွားခဲ့သော မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနားမြို့၊ ၀ိုင်းမော်မြို့ စသည့်ဒေသအတွင်းရှိ ဒုက္ခသည်များအတွက်လှူဒါန်းခဲ့ပြီး ကျန်ရှိသော သိန်း ၁၆၀ ကို လိုင်ဇာတဝိုက်ရှိ ဒုက္ခသည်စခန်းများတွင် လှူဒါန်းမည်ဖြစ်ကြောင်း ကိုရန်နိုင်ထွန်းကပြောသည်။
“ကျနော်တို့ ဒီနေ့တော့ ဒီကချင်ရိုးရာနဲ့ ယာဉ်ကျေးမှုဘာသာစကားတွေကို လိုက်လံလေ့လာနေပါတယ်။ မနက်ဖြန်က စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ ပြည်သူလူထုတွေကို အားပေးစကားတွေသွားပြောမှာပါ။ ကျန်တဲ့ငွေကိုလည်း မနက်ဖြန် ဒီလိုင်ဇာတွေမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ သွားရောက် လှူဒါန်းခဲ့မှာပါ”
၎င်းအဖွဲ့တို့သည် မတ်လ ၂၁ ရက်နေ့တွင် လိုင်ဇာဌာနချုပ်မှ ရန်ကုန်သို့ ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
http://kachinnews.com/burmese/news/1050-%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%BB%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%99%E1%80%BD-%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%87%E1%80%AC%E1%80%BB%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%9E%E1%80%AF%E1%80%AD%E1%82%94-%E1%80%BB%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8-%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%9C%E1%80%BD%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%9C%E1%80%AC%E1%80%9E%E1%80%B0%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%87%E1%80%AC%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%99%E1%80%BD-%E1%80%9C%E1%80%AD%E1%80%BD%E1%80%B3%E1%80%80%E1%80%B9%E1%80%9C%E1%80%BD%E1%80%B2%E1%80%85%E1%80%BC%E1%80%AC%E1%81%BE%E1%80%80%E1%80%AD%E1%80%B3%E1%80%86%E1%80%AD%E1%80%AF.html