ဂျပန်နိုင်ငံအခြေစိုက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Japan Platform အဖွဲ့က ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး နဲ့ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေအတွက် အကူအညီ အမေရိကန် ဒေါ်လာ ၁၁ သန်းပေးအပ်ပွဲကို ရန်ကုန်မြို့ ဂျပန်သံရုံးမှာကျင်းပခဲ့ပါတယ်။
အဲဒီထောက်ပံ့ကြေးတွေကို သုံးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ် လို့ မြန်မာနို်င်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနရဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
“စာချုပ်မှာ ဒေါ်လာ ၁၁ သန်းဖိုးရှိတဲ့ ထောက်ပံ့ အကူအညီတွေကို ၃ နှစ်အတွင်းမှာ ကရင်ပြည်နယ် ကို ထောက်ပံ့ဖို့ အစီအစဉ်တွေလည်းပါ ပါတယ်၊ အစိုးရသစ်လက်ထက်မှာ အလှူရှင်တွေက ကာယကံရှင်တွေဆီကို သူတို့စိတ်တိုင်းကျ တိုက်ရိုက်လှူလို့ရတဲ့စနစ်မျိုးကို ဆောင်ရွက်နေပါတယ်၊ စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းမှာ အသေးစိတ်အစီအစဉ်တွေကိုတော့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်”
ဒီအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအဝင် Japan Platform အဖွဲ့အစည်း ကိုယ်စားလှယ် Ms. Keiko Kiyama၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သံအမတ်ကြီး Mikio Numata နဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးလှိုင်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
အခုလိုထောက်ပ့ံမှုပြုတာဟာ လာမယ့် ဧပြီလကနေ ၂၀၁၆ခုနှစ် မတ်လအထိ ပြုလုပ်သွားမယ့် စီမံကိန်းတွေအတွက်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ Mikio Numata က အမေရိကန် ဒေါ်လာ ၆.၅ သန်းခန့်နဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ၆၅၁ သန်းကို ကရင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပြည်လည်နေရာချထားရေးအတွက် ပေးအပ်ခဲ့တယ်လို့သိရပါတယ်။