
Monday, November 05, 2012

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ထိုင်း နယ်စပ်အခြေစိုက် ပလောင်အမျိုးသမီးအစည်းအရုံး PWO ကနေ ပလောင်ဒေသက
စစ်မက်တွေနဲ့ စစ်ကြောင့်ဖြစ်ရတဲ့ အစီအရင်ခံစာတစောင်ကို
ထုတ်ပြန်လိုက်ပါတယ်။ “စစ်ပွဲ၏ ၀န်ထုပ်ဝန်ပိုး”ဆိုတဲ့ ခေါင်းစဉ်နဲ့
ပြည်တွင်းစစ်ဖြစ်ပွား နေတဲ့ ပလောင်ဒေသမှာ ဒေသခံလူထုတွေ
လူ့အခွင့်အချိုးဖောက်ခံရမှုအခြေအနေတွေ၊ ရွာပေါင်း ၁၅ရွာက အိမ်ခြေပေါင်း
၂၀၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ရတာတွေနဲ့ စစ်ကြောင့်ထွက်ပြေးကြရတဲ့
ဒုက္ခသည်တွေ၊ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ဆိုရင်လည်း
အစားအစာအပြင် ဆေးဝါးအခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေရတဲ့အကြောင်းကို
ထည့်သွင်းဖော်ပြထားတာပါ။ ဒါ့အပြင် PWO ကနေပြီးတော့ မြန်မာအစိုးရတပ်တွေနဲ့
တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းပြီး
နို်င်ငံရေးအရ တွေ့ဆုံ ညှိနှိုင်းအဖြေရှာဖို့ကို တောင်းဆိုလိုက်ပါတယ်။
အပြည့်အစုံကို မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကို မရပ်စဲနိုင်တဲ့ အတွက် ပလောင်ဒေသတွင်းမှာ မြန်မာ
အစိုးရတပ်တွေနဲ့ ကချင်အမျိုးသား လွတ်မြောက်ရေး ကေအိုင်အေ၊ တအောင်းအမျိုးသား
လွတ်မြောက်ရေးတပ် ရှမ်းပြည် တပ်မတော်တို့ ရဲ ့တိုက်ပွဲတွေ
ပြင်းထန်လာတာနဲ့အမျှ ပလောင်ဒေသတွင်းမှာ လူအခွင့်ရေးချိုးဖောက်မူတွေ
ခံနေရတယ်ဆိုပြီး ထိုင်းမြန်မာနယ်စပ်မှာ ပလောင်အမျိုးသမီးအစည်းအရုံးက
“စစ်ပွဲ၏ ၀န်ထုပ်ဝန်ပိုး” ဆိုတဲ့ အစီရင်ခံစာ ထုတ်ပြန်ပြီး
သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။
“ဒီအစီရင်ခံစာရဲ့ အဓိက ရည်ရွယ်ချက်လေးခုရှိပါတယ်။ ပထမတချက်ကတော့
တိုင်းရင်းသားဒေသမှာ ရှိနေတဲ့ မြန်မာစစ်တပ်တွေကို ပြန်လည်ရုပ်သိမ်းပြီး၊
လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပြည်တွင်းစစ်တွေ ကို ရပ်တန့်ဖို့၊
ဒုတိယရည်ရွယ်ချက် ကတော့ မြန်မာအစိုးရ ကနေ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေ
ပါတယ် ဆိုပေမဲ့ တကယ်တမ်းကျတော့ မြန်မာနိုင်ငံ မှာ ပြည်တွင်းစစ်တွေ
ဖြစ်နေသေး တယ်။ ပြည်တွင်းစစ်တွေကြောင့် ပြည်တွင်း စစ်ပြေး ဒုက္ခသည်တွေ နေရာ
အနှံ့အပြားရှိနေသေး တယ်။ ပလောင်ဒေသ မှာ ရှိနေတဲ့ ပြည်တွင်း
ဒုက္ခသည်တွေရဲ့ အခြေအနေတွေ ကို ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာ
အသိုင်းအဝိုင်းတွေ သိရှိပြီးတော့မှ ပြည်တွင်းဒုက္ခသည်တွေ လိုအပ်နေတဲ့
အရေးပေါ် အကူအညီတွေ ကို ထောက်ပံ့ပေးဖို့ အတွက်၊ နောက်ဆုံး
ရည်ရွယ်ချက်တခုကတော့ ကျမတို့ ပြည်တွင်းစစ်ပွဲကြောင့် အမျိုးသမီးနဲ့ ကလေးတွေ
ပိုပြီးတော့မှ တန်ဆာခံဖြစ်တယ်။ ဒီ့တော့ ဒီစစ်ပွဲတွေကြောင့် ကျမတို့
ပလောင်ဒေသမှာ ရွာပေါင်း ၁၅ရွာပေါ့နော်။ အရင်တုန်းက လူဦးရေအရကြည့်မယ်ဆို
၂၀၀၀ကျော်၊ စစ်ပြေးဒုက္ခသည်တွေ တွေ့နေရတယ်။”
ဒီအစီရင်ခံစာမှာတော့ ပလောင်ဒေသတွင်းမှာ မြန်မာစစ်တပ်ဘက်က တပ်ရင်း ၁၆ရင်းနဲ့
နေရာယူထားပြီး ဒေသတွင်းက သယံဇာတတွေ နဲ ကုန်သွွယ်ရေး
ရင်းနှီးမြုပ်နှံရေးအတွက် တိုင်းရင်သားလက်နက်ကိုင်တွေနဲ့ တိုက်နေစဉ်အတွင်း
ဒေသခံပြည်သူတွေအနေနဲ့ ပေါ်တာဆွဲခံရခြင်း သူပုန်အားပေး ဆိုပြီး
ဖမ်းဆီးနှိပ်စက်ခံနေရခြင်း၊ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ဖျက်ဆီးခြင်းတွေ
လုပ်ခဲဲ့တယ်လို့ ဆိုပြီး အစီရင်ခံစာအတွက် အချက်အလက်ကောက်ခဲ့သူ
လွေးပိုးညှင်းက အခုလိုပြောသွားပါတယ်။
“ ကျမတို့ စစ်ပြေးဒုက္ခသည်တွေဟာ စပါးရိတ်သိမ်းချိန်မှာ ထွက်ပြေးရတဲ့
အတွက်ကြောင့်မို့လို့၊ စပါးတွေလည်း မသိမ်းနိုင်ခဲ့ဘူးပေါ့နော်။
အဲ့ဒီ့အခါကျတော့ ကိုယ့်အိမ်မှာရှိနေတဲ့ စားဖို့သောက်ဖို့ သိုလှောင်ထားတဲ့
ဆန်တွေကို သယ်ပြီးတော့မှ ဘုန်းကြီးကျောင်းတွေမှာ သွားထားပြီးတော့မှ
အဲ့ဒီ့ဟာကိုပဲ စားသောက်နေရတာပေါ့နော်။ ကျန်တဲ့ဟာတွေဆိုရင်
မြန်မာစစ်တပ်တွေလာတာ သူတို့အိမ်တွေမှာ ပိတ်ထားတယ်။ တီဗီတွေဘာတွေရှိတယ်။
အကုန်လုံး ဝင်ရောက်ပြီးတော့မှ ဖျက်ဆီးသွားတယ်။ ဘာရည်ရွယ်ချက်နဲ့
ဖျက်ဆီးတယ်ဆိုတာ ကျမတို့ မသိဘူးပေါ့။”
ပလောင်အမျိုးသမိးတွေရဲ့ အစီရင်ခံစာမှာ ၂၀၁၁ခုနှစ်၊မတ်လကစပြီး
မြန်မာစစ်တပ်တွေရဲ့ လူအခွင့်အရေး ချိုးဖောက်မူကြောင့် မြို့နယ်၃မြို့နယ်က
ကျေးရွာပေါင်း ၁၅ရွာက ဒေသခံတွေရဲ့ အိုးအိ်မ် ၂ထောင်ကျော်
ပျက်စီးခဲ့ကြောင်းပါရှိပြီး ပလောင်ဒေသက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာတဲ့
အကူအညီတွေလည်း မရရှိကြောင်း ရှမ်းပြည် မန်တုန်မှာရှိတဲ့ ဒုက္ခသည်တွေ
နေထိုင်နေတဲ့နေရာတွေမှာ အစားအသောက် ဆေးဝါးတွေလိုအပ်နေကြောင်း
သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့
တိုင်းရင်သားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်ပြီး နိုင်ငံရေးအရ
ဆွေးနွေးဖို့ကိုလည်း တောင်းဆိုသွားပါတယ်။
http://burmese.voanews.com/content/the-burden-of-war-in-palung-burma/1539645.html