"အဲဒီ ထပ်ချပ် မုံးဝါးတစ်လျှောက်မှာဖြစ်တာ ဗမာတပ်တွေက တအာင်းတပ်စခန်းချနေတဲ့နေရာကို ၀င်တိုက်တယ်။မနက် ၉ နာရီ ကနေစဖြစ်တယ် ဖြစ်လိုက်နားလိုက်နဲ့ ၂နာရီက အသံတိတ်သွားတယ်ဗျ။ ပလောင်တပ်က ဆုတ်သွားတယ်လို့ပြောတယ်။ အရင်တုံးက ပလောင်တွေ တပ်စွဲထားတဲ့နေရာမှာ လက်နက်ကြီးနဲ့တအားပစ်လို့ ပလောင်အဖွဲ့တွေက ဆုတ်ပေးထားတာ အခုအဲဒီနေရာမှာ အစိုးရတပ်က ပြန်ပြီးတော့ နေရာယူထားတယ်ဗျ။ အခု လောလောဆယ် အခြေအနေကတော့ သွားရေးလာရေးကတော့ တန့်တုံးပဲရှိသေးတယ်"
အစိုးရတပ်က ခလရ ၁၃၀၊ ၁၄၄ ၊ ခမရ ၅၀၁ စတဲ့တပ်တွေပူးပေါင်းပြီးတော့ အဲဒီတောင်ကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီး အခု အဲဒီနေရာကို ခလရ ၁၃၀ တပ်က နေရာယူထားတယ်လို့ သိရပါတယ်။
တိုက်ပွဲမဖြစ်ခင် နိုဝင်ဘာလ ၅ ရက်နေ့က အိုက်ယုံဆိုတဲ့ တရုတ်လူမျိုးတစ်ယောက်နဲ့အတူ ရာမဆေးပြား အလုံး ၅သောင်း၊ ကာလတန်ဖို့ ကျပ်သိန်း ၅၀၀ ဖိုးလောက်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို ပလောင်တပ်က ဖမ်းဆီးမိခဲ့တယ်လို့သိရပါတယ်။ အဲဒါကြောင့် ပလောင်တပ်နေတဲ့ စခန်းကို ဝင်တိုက်တာဖြစ်တယ်လို့ TNLA တပ်ရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ PSLF အထွေထွေအတွင်းရေးမှုး မိုင်အိုက်ဖုံးက ပြောပါတယ်။
"ဘာဖြစ်လို့လဲဆိုတော့ ၅ရက်နေ့မှာဖမ်းတယ် ရရက်နေ့မှာ ၁၁၄ နဲ့ ၅၀၁ စစ်ကြောင်းကနေပြီးတော့ ကျနော်တို့ နဲ့ ၂မိုင်လောက် အကွာရှိတဲ့ နော်ရယောက် ဆိုတဲ့ ရွာကိုရောက်လာပါတယ်။ အဲဒီကနေပြီးတော့ ကျနော်တို့ရဲ့တပ်ရင်းနဲ့ ဆက်သွယ်တယ်။ တက်လာချင်တယ် တွေ့ချင်တယ် စသဖြင့် သူတို့နဲ့အတူ တရုတ်တွေလဲ ပါတယ်လို့ ကျနော်တို့သိပါတယ်။ ကျနော်တို့တပ်ရင်းမှူးက မတွေ့နိုင်ဘူးလို့ပြောတော့ သူတို့က လက်နက်ကြီးနဲ့ပစ်တယ် ရ ရက်နေ့တခါပေါ့ မနေ့တုံးက ၉ ရက်နေ့ကျမှ ၁၃၀ တပ်ရင်းတွေလဲ ပါလာတော့ သူတို့ အင်အား ၁၀၀ ကျော်နဲ့ ကျနော်တို့ရှိတဲ့ တောင်ကုုန်းကို တက်လာတယ်ဆိုတော့ တရုတ်ကလေးကို ဖမ်းထားလို့ ကျနော်တို့ကို တိုက်တယ်လို့ပဲ ယူဆပါတယ်။ ပန်ဆေးကျော်မြင့်ရဲ့ ဒေသကနေလာတဲ့ ရာမဆေးပြားတွေဖြစ်တယ်။ ကျနော်တို့ဖမ်းထားတဲ့ အိုက်ယုံဆိုတဲ့ ကောင်လေးကိုယ်တိုင်ကလဲ အဲလို ပဲထွက်ဆိုထားပါတယ်။"
ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကိုတော့ မကြာခင်မှာ ရပ်မိရပ်ဖ တွေခေါ်ပြီးတော့ သူတို့ရှေ့မှာတင် မီးရှို့ဖျက်စီးဖို့ ပလောင်တပ်က စီစဉ်ထားတယ်လို့လဲ သိရပါတယ်။
http://www.rfa.org/burmese/news/govarmy-attack-palaung-11102012104301.html