
တိုက်ပွဲဟာ နစက နယ်မြေ (၁) လို့ သတ်မှတ်ထားတဲ့ အောင်သေပြ အပိုင် ဗန္ဓုလ ကျေးရွာ အနီးမှာ ယမန်နေ့ညနေ ၈ နာရီခွဲကနေ ၁၁ နာရီထိ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဒေသခံ အောင်သပြေကျေးရွာ သားတဦးက နိရဥ္စရာကို အခုလို ပြောပြပါတယ်။
“ ည ၈ နာရီကျော်မှာ ဘင်္ဂလာဒေချ့် နယ်မြေထဲက ဓါတ်မီးတွေနဲ့ လူတချို့ ၀င်ရောက်လာရာကနေ စတင် တိုက်ပွဲ ဖြစ်ပွားတယ်လို့ သိရပါတယ်။ ဗန္ဓုလနယ်မြေ နယ်စပ် မိုင်တိုင်အမှတ် (၅၂) (၅၃) အကြားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ညဉ့် ၁၁ နာရီထိ သေနတ်သံတွေ ကြားနေရပါတယ်။ လက်နက်ကြီးသံတွေလည်း ကြားရပါတယ်။ ဒီမှာ သတင်းဖြစ်နေတာကတော့ ဟိုဘက်က ၀င်လာတာက ကုလား ပြောက်ကျားတွေလို့ ပြောပါတယ်။”
မိုးချုပ်နေတဲ့ အချိန်ဖြစ်တဲ့ အတွက် ဘယ်အဖွဲ့အစည်းနဲ့ ဖြစ်ပွားတယ်ဆိုတာ အတိအကျ မသိရသေး သလို အထိအခိုက် ဘယ်လောက်ရှိတယ်ဆိုတာလည်း မပြောနိုင်သေးဘူးလို့ ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားပြီး သိပ်မကြာခင်မှာဘဲ အောင်သပြေရွာမှာ ရှေ့တန်း စခန်းထိုင်နေတဲ့ ဗျူဟာမှူး ကိုယ်တိုင် ကား ၃စီးနဲ့ အတူ တိုက်ပွဲ ဖြစ်တဲ့ နယ်စပ်ကို လိုက်သွားခဲ့တယ်လို့ ပြောပါတယ်။
နိုဝင်္ဘာလ ၆ ရက်နေ့က အခု တိုက်ပွဲ ဖြစ်ပွားရာ နေရာ နယ်စပ်အနီးမှာ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုရဲ့ ၀င်ရောက် တိုက်ခိုက်တဲ့အတွက် ဂျီအီးတပ်သား တစ်ဦး ကျဆုံးပြီး သုံးဦးကို ဖမ်းဆီး ခေါ်ဆောင်ခံ သွားခဲ့ရပါတယ်။
အဲဒီနေ့က စပြီး နယ်စပ်မှာ မြန်မာဘက်က စစ်တပ် တပ်ရင်း (၆) ခုခန့် တိုုးချဲ့ချထားပြီး ဖမ်း ဆီး ခေါ်ဆောင်ခံသွားရတဲ့ တပ်သားတွေကို လိုက်ရှာဖွေနေတဲ့ အတွက် အခြေအနေဟာနယ်စပ်မှာ တင်းမာနေခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသမှာ ရခိုင်နဲ့ တောင်ပေါ်သား ကျေးရွာ (၇) ရွာခန့်ရှိပြီး အဲဒီအထဲမှာ ဗန္ဓုလ၊ တပ်ချောင်း၊ အောင်သပြေ၊ ဒိန်းညိုစတဲ့ ရွာတွေပါ၀င်ပြီး အိမ်ခြေပေါင်း ၅၀၀နီးပါးခန့်ရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေတဲ့ အတွက် ဒေသခံတွေကတော့ စိုးရိမ်မူတွေ တိုးပွားနေပြီး သူတို့ရဲ့ အလုပ်တွေကိုလည်း သွားရောက် မလုပ်ကိုင်နိုင်ဘဲ ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။
http://www.narinjara.com/burmese/?p=3028