
“ အစီအစဉ်လဲ အကြမ်းဖျဉ်းဆွဲထားပြီးပြီ။ ၃ ရက်စာအတွက်ပေါ့နော်။ ဘယ်နေ့မှာ ဘယ်သူတွေ ဘာ အကြောင်းပြောမယ်စတာတွေပေါ့ ” ဟု ညီလာခံဖြစ်မြောက်ရေး တာဝန်ရှိပုဂ္ဂိုလ်တဦးကပြောပါသည်။
Trust Building for Peace အမည်ရ သျှမ်းညီလာခံအား ရန်ကုန်မြို့၌ နိုဝင်ဘာလ ၂၆ မှ ၂၈ အထိ ၃ ရက်ကျင်းပရန်စီစဉ်ထားကြောင်း၊ ဖွင့်ပွဲကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကိုယ်တိုင် တက် ရောက်မည်ဖြစ်ကြောင်း၊ ရပ်နီးရပ်ဝေးမှ အမျိုးသားရေးလှုပ်ရှားသူ ပုဂ္ဂိုလ်များနှင့် သျှမ်းပြည်တွင်း ၂၂ မြို့နယ်မှ ရပ်မိရပ်ဖများအား ဖိတ်ကြားထားကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
အဆိုပါ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ညီလာခံ အား သျှမ်းလူမှုရေးလှုပ်ရှားမှုအဖွဲ့ CSO (civil society organization )က ကမကထပြုကျင်းပမည်ဖြစ်ကြောင်းလည်း ဆိုပါသည်။
“ဒေါက်တာစိုင်းခမ်းလိတ်၊ ဆရာစိုင်းအောင်ထွန်း၊ စဝ်ယဉ်ယဉ်နွယ် အစရှိပုဂ္ဂိုလ်ကြီးတွေ စကားပြော မယ်။ နောက်ပြီး SNLD ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ စိုင်းညွန့်လွင်က ယုံကြည်မှုတည်ဆောက်ခြင်း အကြောင်း၊ ဒေါက်တာစိုင်းဖေ က ငြိမ်းချမ်းရေးတည်ဆောက်ခြင်း စတာတွေ မိန့်ခွန်းပြောသွားမယ်။ ဝါရင့်နိုင်ငံရေးလှုပ်ရှားတဲ့ပုဂ္ဂိုလ်တွေကနေ ငြိမ်းချမ်းရေးလမ်းစဉ်တွေ ပြောသွားမယ်။ လူ ၁၅၀ ခန့် ဖိတ်ထားတယ်” ဟု ဆိုပါသည်။
ဒုတိယရက်တွင်မူ ပညာရှင်များဖြစ်သည့် ဆရာမနန်းဟွမ်လိတ်မှစကားပြောခြင်းအစီအစဉ်ရှိပြီး မူးယစ် ဆေးဝါးပြဿနာ၊ လက်နက်ကိုင်အဖွဲ့များကိစ္စနှင့် နိုင်ငံရေးပါတီများကိစ္စ၊ တောင့်တင်းခိုင်မာသောလူမှု အဖွဲ့အစည်းများအဖြစ်ရပ်တည်နိုင်ရေးကိစ္စ၊ ရင်းနှီးမြုပ်နှံမှုများအကြောင်း အစရှိသဖြင့်ဆွေးနွေးကြ မည် ဖြစ်ကြောင်း ဆိုပါသည်။
သျှမ်းညီလာခံကို ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ငြိမ်းချမ်းရေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိထားပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3640-2012-11-12-09-48-33.html