အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့တွေနဲ့၊ ငြိမ်းချမ်းရေး မယူရသေးတဲ့ အဖွဲ့တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ “ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ” UNFC ဟာ မြန်မာနိုင်ငံတွင်း လက်ရှိ ဖြစ်ပေါ်နေတဲ့
နိုင်ငံရေး၊လူမှုရေး အခြေအနေတွေကို ပြည်သူအများ သိရှိစေဖို့ ဆိုပြီး ဒီကနေ့ နေ့စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။
ကြေညာချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ ညနေ ၄ နာရီမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Win Place ဟော်တယ်မှာ သတင်းစာရှင်းလင်းပွဲ
ပြုလုပ်ခဲ့ပါတယ်။
UNFC အဖွဲ့ဝင် ဖြစ်တဲ့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ဥက္ကာက တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းနိုင်ငံရေး ဟန်ချက်ညီညီ လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ နိုင်ပြီးနောက် သူ့ရည်မှန်းချက်အတိုင်း လုပ်နိုင်အောင်ပေါ့ ကျနော်တို့လည်း ၀ိုင်းဝန်းကူညီကြမယ်ပေါ့ဗျာ။ ပူးပေါင်းဆောင်ရွက်မယ်ပေါ့၊ နောက် အကြောင်းအရင်းတစ်ခုက UNFC အဖွဲ့ဝင်တွေ အခြေအနေအရ နယ်မြေအရ ဒေသအရ အပြစ်အခတ်ရပ်ဆိုင်းရေးကိစ္စ ပဏာမ လုပ်တယ်ဆိုပေမယ့် ရည်ရှည်အတွက်နဲ့ ငြိမ်းချမ်းရေးအတွက်
နိုင်ငံရေးအတွက်ကတော့ တစ်ပေါင်းတစ်စည်းထဲ လုပ်မယ်ပေါ့၊ နောက် ကျနော်တိုရဲ့ ရှေ့ဆက်လုပ်မည့် Roadmap ပေါ့ဗျာ၊ နောက်ဆုံးတချက်
ကတော့ ဒီ ငြိမ်းချမ်းရေး ပရောဆက်ကာလမှာပဲ ကျနော်တို့ နယ်မြေထဲမှာ သိပ့်နစ်နာနေတဲ့ ဆုံးရှုံးနေတဲ့ ပြည်သူလူထုတွေဟာ လူသားချင်း စာနာမှု ဆိုင်ရာ အထောက်အကူတွေ အကြီးအကျယ်လိုအပ်နေတယ် အဲ့ဒါကို နိုင်ငံတကာက သနားစာနာပြီးတော့ ပေးကြပါ အဲ့ လေးခုပါပဲ။"
UNFC ရဲ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးနိုင်ရေး အပါအဝင် တိုင်းရင်းသားအားလုံး ပါဝင်တဲ့ ညီလာခံ ခေါ်ယူနိုင်ရေး၊ တမျိုးသားလုံး ဆိုင်ရာ သဘောတူညီချက် ရရှိရေး ကိစ္စတွေကို ရှေ့လုပ်ငန်းစဉ်မှာ အလေးပေး လုပ်ဆောင်သွားမယ်လို့ ပြောဆိုသွားပါတယ်။
ရှေ့လုပ်ငန်းစဉ်ထဲမှာတော့ UNFC အဖွဲ့က နိုင်ဟံသာ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့တို့ အမြန်ဆုံး တွေ့ဆုံ
ဆွေးနွေးသွားဖို့၊ UNFC ကိုယ်စားလှယ်အဖွဲ့နဲ့ UNFC အဖွဲ့ဝင် မဟုတ်တဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ တိုင်းရင်းသား ညီလာခံ ကျင်းပဖို့ စတဲ့ လုပ်ငန်းစဉ် ၆ ခု ပါဝင်တယ်လို့ သိရပါတယ်။