“ဂျူလိုင်လတုန်းက နော်ဝေးနိုင်ငံ Myanmar Peace Support Initiative-MPSI ကနေ ကိုယ်စားလှယ် တယောက် လွှတ်လာတယ်။ ကုန်းကျော်က ဒုက္ခသည်တွေ ကို မိုင်းထားကို ပို့မယ်လို့ လာပြောတယ်။ မြန်မာစစ်တပ်ရဲ့ စိတ်နေသဘောထားအမှန် သိရအောင်လို့ ဒုက္ခသည်တွေကို အစမ်းသပ်ခံအဖြစ် အသုံးပြုချင်တာလေ။ စဝ်ယွတ်စစ်နဲ့လည်း တွေ့ဆုံဆွေးနွေးပြီးပြီလို့ ပြောသွားတယ်” ဟု ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ်ရှိ ကုန်းကျော် သျှမ်းဒုက္ခသည်စခန်း အကြီးအကဲတစ်ဦးက ပြောပါသည်။
ဒုက္ခသည်များ( Refugees) သည် သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် ၏ နောက်လိုက်များ မဟုတ်သဖြင့် ၎င်းအား မေးမြန်းရုံဖြင့် မရဟု ၎င်းက ဖြေကြားခဲ့ကြောင်း၊ အလားတူ Mr. Charles Petrie ပြောသော “ပြန်ပို့လိုပါက နိုင်ငံတကာ၏ သဘောတူညီချက်ကို ဦးစွာရယူရမည်” ဟူသည့် စကားမှာလည်း စကားလှအောင်ပြောနေခြင်းသာ ဖြစ်ကြောင်း ဒုက္ခသည်စခန်း အကြီးအကဲများက ဆို၏။
နော်ဝေးနိုင်ငံ Myanmar Peace Support Initiative-MPSI မှ အကြီးအကဲဖြစ် သော Mr. Charles Petrie သည် အောက်တိုဘာ ၃ ရက်က တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ စဉ် ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်များအား နေရပ်ပြန်ပို့ရန် အစီအစဉ် မရှိကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။
“သျှမ်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေကတောင်မှ အခုအချိန်မှာ ပြန်တဲ့သူဟာ လူ-အ ဘဲလို့ ကျနော်တို့ကို ပြော သေးတယ်။ အခုအခြေအနေ က စိတ်မချရသေးဘူး။ SSA မြောက်ပိုင်းလို ဖြစ်မှာစိုးတယ်။ သူတို့နဲ့ ပတ် သက်တဲ့ ရွာသူရွာသားတွေကို မြန်မာစစ်တပ်က ဖမ်းလားဆီးလား လုပ်နေသေးတယ်လေ။ ဘာဘဲဖြစ်ဖြစ် ၂၀၁၅ ထိ စောင့်ကြည့်ချင်တယ်။ အဲ့ဒီအချိန်ကျမှ အခြေအနေအပေါ် မူတည်ပြီး ဆုံးဖြတ်မယ်။ အခုတော့ မပြန်ဘူးလို့ ဆုံးဖြတ်ထားပြီးသား” ဟု ဒုက္ခသည်တစ်ဦးကလည်း ပြောပါသည်။
ထိုင်းအစိုးရဘက်မှလည်း နေရပ်ပြန်ရန် ၎င်းတို့အား ပြောဆိုခြင်း မရှိကြောင်း၊ အဆောက်အဦးကြီးများ မဆောက်လုပ်ဘဲ ပုံမှန်ဆက်လက် နေထိုင်သွားနိုင်သည်ဟု ပြောကြောင်း ထိုင်းအာဏာပိုင်များနှင့် ဆက် သွယ်ရသည့် စခန်းအကြီးအကဲတစ်ဦးကလည်း ပြောပါသည်။
ယခင်ကလည်း ကုန်းကျော် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား ထိုင်းနိုင်ငံ ဝိန်းဟဲန်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ လွယ်လမ် ဒုက္ခသည်စခန်းသို့ ပို့ဆောင်ချင်ကြောင်း ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် အား နော်ဝေးနိုင်ငံက ပြောခဲ့ဖူးသည် ဟု SSA နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက ဆိုပါသည်။ ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် က ဒုက္ခသည်များသည် ပြည်တွင်းဒုက္ခသည် IDPs များ မဟုတ်ကြောင်း၊ refugees များသာ ဖြစ်သည့်အတွက် ၎င်းတို့အပေါ် အမိန့်ပေးခွင့် မရှိကြောင်း၊ အကယ်၍ ဒုက္ခသည်များ၏ ဆန္ဒအလျောက်ဆိုပါက လက်ခံနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ် ပိန်းလုံကျေးရွာအုပ်စုရှိ ကုန်းကျော် ဒုက္ခသည်စခန်းသည် ထိုင်း နိုင်ငံအတွင်း တည်ရှိသည့် တစ်ခုတည်းသော သျှမ်းဒုက္ခသည်စခန်းဖြစ်သော်လည်း UNHCR မှ ဒုက္ခသည် စခန်းအဖြစ် အသိအမှတ်ပြုခြင်း မရှိခဲ့ပေ။
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3559-2012-10-11-09-55-09.html