တိုက်ပွဲဖြစ်ပွားရာနေရာသည် KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၄ နယ်မြေ မန်ယောန် (Man Yawn) ကျေးရွာအနီးဖြစ်ပြီး အစိုးရဖက်မှ တိုက်ခိုက်လာခြင်းဖြစ်ကြောင်း တပ်မဟာ ၄ မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးပြောသည်။
တိုက်ပွဲသည် အစိုးရတပ်ဖွဲ့ မန်တုန် (Mandung) အခြေစိုက် ခလရ ၁၃၀၊ ၁၀၅ နှင့် ခမရ ၅၀၂၊ ၅၀၃ စသည့် စုပေါင်းတပ်ဖွဲ့များသည် အင်အား ရ၀ ကျော်ဖြင့် KIA တပ်ရင်း ၃၄ နှင့် ရင်ဆိုင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုကိုမူ မသိရပေ။
အစိုးနှင့်KIO ကြား မကြသေးခင်က တွေ့ဆုံနွေးမှုပြလုပ်ပြီးနောက်ပိုင်း ဆက်တိုက်ဆိုသလို အစိုးရတပ်ဖက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့တွင်လည်း ၎င်းတပ်ဖွဲ့များနှင့် မိုးမိတ်မြို့နယ် လွယ်ယားကျေးရွာတွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျေးရွာသို့ လက်နက်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အဆိုပါ KIA အရာရှိကပြောသည်။
“ကျနော်တို့ဘက်က တုန်ကြီး (Tung Gyi) ဘက်ကိုတက်သွားဖို့ ရွာကနေဖြတ်သွားတဲ့ချိန် လမ်းမှာ ခဏ ထမင်းချက်စားနေတုံး အစိုးရတပ်တွေ ပစ်လာလို့ အပြန်အလှန်ပစ်ခတ်ကြတာ။ အစိုးရတွေပစ်လိုက်တဲ့ လက်နက်ကြီး လွယ်ယားရွာကအိမ်တစ်အိမ်မှာကျပြီး အိမ်မီးလောင်သွားတယ်။ အဲဒါကြောင့်ကျနော်တို့ဘက်က ရွာမှာပိုဆိုးလာမှာစိုးလို့ အဲဒီနေရာကနေ နောက်ဆုတ်လိုက်တာ ရှောင်လိုက်တာ အဲဒီနောက်တော့ သူတို့ရွာကိုဝင်ပြီး အိမ် ၅ အိမ်ကိုမီးပြန်ရှို့ပေးလိုက်တယ်။ ဒီနေ့ ပစ်တဲ့နေရာမှာလည်း ရွာကိုပြန်ထိလာမှာစိုးလို့ ပြန်ရှောင်ထားလိုက်တယ်။ သူတို့က ကျနော်တို့ရဲ့ သတင်းကြားတိုင်း ဘယ်ကိုကြားရင် ဘယ်ကိုလိုက်နေတဲ့ သဘောပဲ”
ထိုသို့ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ၎င်းလွယ်ယာကျေးရွာမှ အိမ်ထောင်စု ၆၀ ခန့်ရှိသော ပြည်သူလူထုများ သည် ယခုချိန် ၎င်းတို့၏ တောင်ယာ၊ လယ်ယာများနှင့် တောများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယခုချိန် ထိုနယ်မြေတွင် မန်တုန် အခြေစိုက် ခလရ ၁၃၀ တပ်ဖွဲ့များနှင့် ကျောက်မဲအခြေစိုက် စကခ (၁) တပ်အောက် ခမရ ၅၀၂၊ ၅၀၃၊ ၅၀၄၊ ၅၀၅၊ ၅၀၆ စသည့် စုပေါင်းတပ်ရင်းများမှ အင်အား ၅၀၀ ခန့်မှ စစ်ရေးလှုပ်ရှားနေကြောင်း သိရသည်။
http://kachinnews.com/burmese/news/1053-%E1%80%9B%E1%80%BD%E1%80%99%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8-kia-%E1%80%94%E1%80%9A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2-%E1%80%86%E1%80%80%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%95%E1%80%BC%E1%80%AC%E1%80%B8.html