Showing posts with label SSA-N. Show all posts
Showing posts with label SSA-N. Show all posts

May 3, 2013

ရှမ်းမြောက် တပ်နှင့် အစိုးရတပ် ညလုံးပေါက် တိုက်ပွဲဖြစ်

စံခလပူရီ (မဇ္စျိမ)။   ။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် အတွင်းရှိ ရှမ်းပြည်တပ်မတော်
မြောက်ပိုင်း (SSPP/SSA) ၏ လွယ်စေး တပ်စခန်းသို့ အစိုးရတပ်မှ ချဉ်းနင်း ဝင်ရောက်လာ၍ မေလ ၂ ရက်နေ့ ညနေမှ ၃ ရက်နေ့ နံနက်အထိ ညလုံးပေါက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း SSA က မဇ္စျိမကို ပြောသည်။

SSA-SSPP“မနေ့က ညနေ ၅ နာရီကနေ ဒီနေ့ မနက် ၉ နာရီထိ တိုက်ပွဲဖြစ်တယ်။ လွယ်စေး တောင်ကြော တလျှောက် ကျနော်တို့ တပ်တွေ ရှိတယ်။ သူတို့က အဲဒါကို သိမ်းချင်တယ်လေ။ အဲလို သဘောပါ” ဟု SSA မှ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

ဒေသတွင်း လှုပ်ရှားနေသည့် အစိုးရတပ်အင်အား ၂၀၀ ခန့်က တဖွဲ့လျှင် အင်အား ၃၀ ကျော်ရှိ ဌာနေ ပြည်သူ့စစ် ၃ ဖွဲ့ကို လမ်းပြအဖြစ် ခေါ်ဆောင်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွား၍ ပြည်သူ့စစ် အများအပြား ထိခိုက်ဒဏ်ရာရမှု ရှိသည်ဟု ဆိုသည်။ သို့သော်လည်း စာရင်း အတိအကျကို မသိရသေးကြောင်း သူက ပြောသည်။ လွယ်စေး တပ်စခန်းကိုမူ SSPP/SSA က ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

အပစ်အခတ် မရပ်စဲမီကပင် လွယ်စေး တောင်ကြော တလျှောက်သည် SSA အခြေချရာဒေသ ဖြစ်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူတွင် ပါဝင်သည့် နှစ်ဖက်တပ်များ လက်နက်ဖြင့် နယ်မြေကူးလူး သွားလာမှု ပြုပါက ကြိုတင် အကြောင်းကြားရန် ဆိုသည့်အချက်ကို အစိုးရတပ်မှ မလိုက်နာသည့်အပြင် ၎င်းတို့ တပ်စခန်းအား လာရောက် တိုက်ခိုက်ခြင်းသည် ရန်စမှုသာ ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

မတ်လ ၂၅ ရက်နေ့က လားရှိုး-တန့်ယန်း-မိုင်းရှူး ကားလမ်း လုံခြုံရေးအတွက် နယ်မြေ ရှင်းလင်းရန် တန့်ယန်းနှင့် လားရှိုးမြို့နယ်အတွင်းရှိ SSA တပ်စခန်းများ ဆုတ်ခွာပေးဖို့ ရှမ်းပြည်မြောက်ပိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူးက
တောင်းဆိုခဲ့ပြီး ထိုနေရာသည် SSA နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့၏ မဟာမိတ် ဆက်ဆံရေး လမ်းကြောင်း ဖြစ်၍ လက်မခံခဲ့ရာမှ ထိုသို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု SSA က ဆိုသည်။

တန့်ယန်းမြို့နယ်ရှိ လွယ်လန်းနှင့် လွယ်စေး ဒေသတဝိုက်တွင် ဖြစ်ပွဲသည့် တိုက်ပွဲများကြောင့် ရွာပေါင်း ၁၆ ရွာမှ လူဦးရေ ၁,၀၀၀ ကျော် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံခဲ့ကြရာမှ သင်္ကြန်ကာလအတွင်း ဖြစ်ပွားသည့် ပစ်ခတ်မှုများကြောင့် တိမ်းရှောင်သူပေါင်း ခန့်မှန်းခြေ ၁,၅၀၀ ခန့် ရှိလာခဲ့သည်ဟု ဒုက္ခသည်များကို အကူအညီပေးနေသူများထံမှ သိရသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၍ ဒုက္ခသည်များ ထပ်မံရောက်ရှိဖွယ် ရှိပြီး မိုးရာသီ နီးကပ်လာသည့်အလျောက် စခန်းတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များအတွက် တည်းခိုရန် တန်းလျားများကို တန့်ယန်းမြို့၊ ရပ်ကွက် ၅ တွင် ဆောက်လုပ်ပေးမည်ဟု အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် ဒုက္ခသည် ကူညီရေး ကော်မတီဝင်များက ဆိုသည်။

ကော်မတီသစ်တွင် လားရှိုးနှင့် တန့်ယန်းမြို့နယ်အတွင်းရှိ သံဃာတော်များ၊ လူငယ်များ၊ မြို့မိမြို့ဖများ၊ လွှတ်တော်အမတ်များနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး စသည်တို့ ပါဝင်သည်။

“အခု ဝါးတွေ သစ်တွေ စုနေတယ်။ မြေညှိတာတွေ၊ ခြုံခုတ်တာတွေတော့ လုပ်နေပြီ။ မိုးမရွာမီ အပြီးဆောက်ပေး မယ်။ တန်းလျားလိုပေါ့။ ချက်ပြုတ် စားသောက်ဖို့ နေရာကတော့ စုပေါင်းပေါ့” ဟု ဒုက္ခသည်များကို အကူအညီပေးနေသည့် ကိုစိုင်းလူ က ပြောသည်။

SSA မှ လာသော သတင်းအရ သံလွင်မြစ်ကြောင်း တလျှောက် လွယ်လန်းနှင့် လွယ်စေးဒေသ တဝိုက်တွင် အစိုးရတပ်မှ လက်နက်နှင့် လူအင်အား ထပ်မံ ဖြည့်တင်းထားသလို SSA ဘက်မှလည်း အလားတူ
ဖြည့်တင်းထားကြောင်း သိရသည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA/SSPP) သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် အစိုးရတပ်နှင့် အကြိမ် ၁၀၀ ထက်မနည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/11492-2013-05-03-12-58-10.html

April 22, 2013

စစ်ပွဲတွေကြောင့် ရှမ်းမြောက် ဒေသခံတွေ နေရပ် စွန့်ခွာနေ

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N) နဲ့ အစိုးရစစ်တပ်တို့အကြား တန့်ယန်းမြို့နယ်ထဲမှာ အခုရက်ပိုင်း တိုက်ပွဲတွေ ဆက် တိုက်ဖြစ်နေပြီး ဒေသခံတွေ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း သတင်းရသည်။
တန့်ယန်း မြို့ပေါ်မှာ ဒုက္ခသည်တွေ ခိုလှုံနိုင်ဖို့ အတွက် ကူညီပေးနေတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံစိန် က “မိသားစုလိုက်တွေ ပါတယ်၊ နေ့တိုင်းကို မြို့ပေါ်တက်လာနေကြတယ်၊ သက်ကြီး ရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေများတယ်၊ လူတွေက အရမ်းများလာတဲ့အတွက် အခုနေရာထိုင်ခင်းအတွက် ကျနော်တို့ ပြင်ဆင်ပေးနေပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ထဲမှာ မတ်လ၂၈ ရက်နေ့ကတည်းက နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ နှစ် ကူးသင်္ကြန် ရက်တွေဖြစ်တဲ့ ဧပြီ ၁၅၊ ၁၆ ရက်တွေမှာ အမြောက်တွေကိုပါ အသုံးပြုလာပြီး ဒေသခံရွာတွေထဲကိုပါ ကျမှန်ပေါက် ကွဲတဲ့ အခြေအနေတွေအထိ ဖြစ်လာတာကြောင့် ဒေသခံတွေဟာ စိုးရိမ်ပြီး စစ်ဘေးရှောင်ဖို့ နေ့စဉ်လို တန့်ယန်း မြို့ပေါ် ကို တက် လာကြတာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားရာ အနီးဝန်းကျင်ရှိ လွယ်လန်း၊ လွယ်စေး၊ ကုန်းကော်၊ ကောင်းဆိုင်း၊ ပါဖန်၊ လွိုင်ပု၊ နမ့်လွတ် စတဲ့ ကျေးရွာဒေသခံတွေက စစ်ဘေး ရှောင်ဖို့အတွက် တန့်ယန်းမြို့ပေါ်ကို ထွက်ပြေးကြတာ ဖြစ်ပါတယ်။
စစ်ဘေးခိုလှုံသူ လွယ်စေး ကျေးရွာအုပ်စုက ရွာခံတဦးက“အဝေးကြီးတွေကနေ လှမ်းပစ်နေကြတာ၊ ရွာထဲကို လက်နက်ကြီးကျလို့ အိမ်နှစ်လုံးပျက်စီးသွားတယ်၊ ပစ်တာတွေက မရပ်ဘူး၊ တောထဲဆင်း အလုပ်လုပ်လို့လည်း မရတော့ဘူး၊ အိမ်မှာနေလဲ ထမင်းကို ကောင်းကောင်းစားလို့မရဘူး၊ ဘယ်အချိန် လက်နက်ကြီး ကျလာမလဲ ဆိုပြီး၊ သူတို့တွေရှိလို့ ပိုက်ဆံတကျပ်ပိုမရပေမယ့် သူတို့တွေ စစ်ဖြစ်ရင် ကျမတို့က အရင်ဆုံး ဘဝပျက်ရတာပဲ”လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ တန့်ယန်းမြို့ အမှတ် ၄ ရပ်ကွက်ထဲမှာရှိတဲ့ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာခိုလှုံနေတဲ့ ဒုက္ခသည် ၄၅၀ ကျော် ရှိနေပြီး မြို့ပေါ်ရှိ တခြားရပ်ကွက်တွေမှာ သွားရောက်ခိုလှုံနေတဲ့ လူတွေနဲ့ ပေါင်းရင် ၁၀၀၀ အထက်မှာရှိတယ်လို့ ဦးစိုင်းစံစိန် က ပြောပါတယ်။
နောက်ထပ်ရောက်လာမယ့် ဒုက္ခသည်တွေနေထိုင်ဖို့ နေရာအသစ်ပြုလုပ်ပေးနိုင်ဖို့အတွက် လူမှုကူညီရေးအဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီ တွေ စုပေါင်းပြီး သောကြာနေ့ညနေက အရေးပေါ် အစည်းအဝေးတရပ် လုပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ရောက်ရှိနေတဲ့ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး အတွက်ကိုတော့ မြို့ခံအာဏာပိုင်အဖွဲ့၊ ဒေသခံ အစိုးရစစ်တပ်၊ NGO အဖွဲ့၊ လူမှုကူညီရေး အသင်းတွေ၊ ပုဂ္ဂလိက အလှူရှင်တွေနဲ့ နိုင်ငံရေးပါတီတွေက လှူဒါန်း ထောက်ပံ့ပေးနေတယ်လို့ ဒုက္ခသည်တွေကို ကူညီ ပေးနေတဲ့ ပုဂ္ဂလိက အလှူရှင်တွေက ပြောပါတယ်။
တန့်ယန်းမြို့နယ်ထဲက SSA-N တပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ လွယ်လန်းနဲ့ လွယ်စေး တပ်စခန်း ၂ ခုကို ခေတ္တ ဆုတ်ခွာပေးဖို့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးက မတ်လ ၂၅ ရက်နေ့ လားရှိုးမြို့ ရွှေလီရိပ်သာမှာ SSA-N တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံတုန်းက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ SSA-N က တပ်စခန်းတွေ ဆုတ်ခွာပေးခြင်း မရှိတဲ့အတွက် မတ်လ ၂၈ ရက် နေ့က စတင်ပြီး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
သင်္ကြန်အကျနေ့က တန့်ယန်းမြို့နယ် မိုင်းကောင်း ကျေးရွာအုပ်စု နမ့်လောင်း ကျေးရွာအနီးက ချီတက်သွားတဲ့ အစိုးရ စစ်ကြောင်း ခြေလျင် တပ်ရင်း(ခလရ) ၂၉၁ မှာ မိုင်းထိသွားပြီး SSA-N ပြောက်ကျား တပ်ဖွဲ့တွေရဲ့ချောင်းမြောင်း ပစ်ခတ်တာကို ခံလိုက်ရလို့ ဒေသခံ ရွာသားတွေ ကူးသန်းသွားလာတဲ့ လမ်းတွေကို ပိတ်ဆို့ပြီး ရွာသူရွာသားတွေကို မေးမြန်းရိုက်နှက်တာမျိုးတွေ ရှိတယ်လို့ နမ့်လောင်း ရွာခံ တဦးက ပြောသည်။
“စစ်တပ်က လမ်းပေါ်မှာလာတဲ့ ဆိုင်ကယ်တွေ အကုန်သော့တွေ သိမ်းထားပြီး ယောကျာ်းလေးတွေရော မိန်းကလေးတွေရော ဝမ်း လျား မှောက်ခိုင်းပြီး ရှမ်းစစ်တပ်တွေ ဒီနားသွားလာနေတာ မင်းတို့ရွာသားတွေ မသိဘူးလား ဆိုပြီးမေးတယ်၊ ကန်တယ်၊ ရိုက် တယ်၊ စိတ် ကျေနပ်လောက်မှ ပြန်လွှတ်တယ်၊ အခုသူတို့ နှစ်ဘက်တပ်တွေ အပြင်မှာလှုပ်ရှားနေကြတော့ ရွာခံတွေက တောထဲ ထွက် အလုပ်လုပ်လို့ကို မရတော့ဘူး”လို့ နမ့်လောင်း ရွာခံက ဧရာဝတီကို ပြောပြပါတယ်။
တန့်ယန်းမြို့ပေါ်ကို လာရောက်ခိုလှုံကြတဲ့ ဒုက္ခသည်တွေက နှစ်ဘက်တိုက်ပွဲတွေကြောင့် နောက်ထပ် ရောက်လာမယ့် လူတွေ လည်း ရှိသေးကြောင်း ပြောဆိုကြပါတယ်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဘက်တပ်တွေကို ဧရာဝတီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရရှိခဲ့ပါဘူး။
အစိုးရနဲ့ SSA-N အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပေမယ့် အစိုးရဘက်ကလိုက်နာမှု မရှိကြောင်း၊ ၎င်းတို့ရဲ့ စီးပွားရေး လမ်းကြောင်းနဲ့ ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA) တို့အကြား စီးပွားရေး၊ စစ်ရေး မဟာမိတ်အဖြစ် အသုံးပြုနေ တဲ့ သံလွင်မြစ် အနောက်ခြမ်းက လှုပ်ရှားနယ်မြေတွေကို အစိုးရက ဝင်ရောက်စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ကြောင်း SSA-N ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှ အခုလဆန်းပိုင်းက ဧရာဝတီ ရဲ့ မေးမြန်းမှုကို ဖြေဆိုထားပါတယ်။
“သူတို့က ခဏဖယ်ပေးပါဆိုပြီး ပြောတယ်၊ အရင်ကလည်း ဖယ်ပေးခဲ့ဖူးတဲ့ နေရာတွေရှိတယ်၊ ကိုယ်က ဖယ်ပေးပြီးရင် သူတို့က တပ်စွဲထားလိုက်တယ်၊ ပြန်ဖယ်မပေးတော့ဘူး၊ ဒါကြောင့် အခုမဖယ်ပေးတော့တာ”လို့ ဗိုလ်မှူး စိုင်းလှ က ပြောပါတယ်။
အခု ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ နှစ် ဇွန်လ ၂၂ ရက်က မန္တလေးမြို့မှာ အစိုးရနဲ့ ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲ ရေးအတွက် သဘောတူညီချက် ရထားပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာလ အတွင်းကလည်း လားရှိုးမြို့မှာ ဆွေးနွေးခဲ့ပြီး စစ်ရေး တင်းမာမှု အခြေအနေကို မဖြေရှင်းဘဲ ချန်ခဲ့တယ်လို့ သိရပါတယ်။
SSA-N ဟာ အခုနှစ်ဆန်းပိုင်းက အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားပြီး မိုင်းရှူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မိုးမိတ် စတဲ့ ဒေသတွေမှာ လှုပ်ရှားနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

http://burma.irrawaddy.org/archives/37903

ရှမ်းမြောက်ပိုင်း အစိုးရတပ် လတ်တလော လူ့အခွင့်အရေး ချိုးဖောက်မှုများ ထုတ်ဖော်

စံခလပူရီ (မဇ္စျိမ)။   ။ သင်္ကြန်ကာလအတွင်း ရေကစားထွက်သည့် လူငယ်များကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အစိုးရတပ်က အသုံးပြုခဲ့ကြောင်း ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင် (SHRF) က ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်၊ မိုင်းကောင် မှ နမ့်ပန်ချောင်းကျေးရွာသို့ မော်တော်ဆိုင်ကယ်ဖြင့်
ရေကစားထွက်သည့် အမျိုးသမီး/သား လူငယ် ၅၀ ခန့်ကို ထိုဒေသတွင် လှုပ်ရှားနေသည့် စစ်ကြောင်းက ဖမ်းဆီးကာ ၎င်းတို့၏ လုံခြုံရေးအတွက် ဝမ့်မူးဆေး မှ နမ့်လောင်း ကျေးရွာထိ စစ်ကြောင်း ရှေ့ နောက်တွင် လျှောက်စေကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု ဆိုသည်။

“ရေကစားဖို့ ဆိုပြီးတော့ ဆိုင်ကယ်လေးတွေနဲ့ သွားကြတာပေါ့ဗျာ။ အဲဒီမှာ စစ်ကြောင်း တကြောင်းက အဲဒီသွားတဲ့ လူငယ်တွေကို ရပ်ပြီးတော့မှ သူတို့ဆိုင်ကယ်ကို လမ်းဘေးရပ်ခိုင်းပြီး ဖမ်းထားတာပေါ့။ လူပေါင်း ငါးဆယ်လောက် ရတဲ့အခါကျမှ သူတို့ သွားလိုတဲ့နေရာကို သူတို့နဲ့အတူ လမ်းလျှောက်ခိုင်းပြီး သွားတာ။ ရှမ်းတပ်က သူတို့ကို ဝင်မပစ်အောင်ပေါ့ဗျာ။ သွားချင်တဲ့နေရာ ရောက်ပြီး ဆိုတဲ့အခါကျမှ ပြန်လာပြီးမှ အဲဒီလူငယ်တွေကို ဖမ်းတဲ့နေရာမှာပဲ
ပြန်လွှတ်တယ်” ဟု SHRF မှ ဦးခမ်းဟန်ဖ က ပြောသည်။

သင်္ကြန်အကြတ်နှင့် အတက်နေ့ (ဧပြီလ ၁၅ နှင့် ၁၆ ရက်နေ့) များတွင် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA/SSPP) နှင့် အစိုးရတပ်ကြား တန့်ယန်းမြို့နယ်အတွင်း မိနစ်ပိုင်းမျှ ကြာသည့် တိုက်ပွဲများ သုံးကြိမ်ထက်မနည်း
ဖြစ်ပွားခဲ့ပြီးနောက် အစိုးရတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာမှ ကလေး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ စာသင်ကျောင်းနှင့် လူနေအချို့လည်း ပျက်စီးခဲ့သည်ဟု SHRF က တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာသည်။

၎င်းပြင် ကလေးငယ်အချို့ ပါဝင်သည့် ရွာပေါင်း ၉ ရွာမှ လူထုများအား ဖမ်းဆီးရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြပြီး ရွာသားများ ထွက်ပြေးရန် အသုံးပြုသည့် ယာဉ်များကို အစိုးရတပ်မှ မီးရှို့ဖျက်ဆီးကာ တိုက်ပွဲ
ဖြစ်ပွားရာအနီးရှိ ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးမည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်ဟု ကြေညာချက်က ဆိုသည်။

“တချို့ရွာသားတွေက ထွက်ပြေးဖို့ ရွာကနေ ထွက်ကြတော့ စစ်ကြောင်းနဲ့ တွေ့ပြီးတော့ ဘယ်သွားဖို့လဲ ဘာညာ
မေးတော့ ကြောက်လို့ တခြားနေရာကို ထွက်ပြေးမယ် ပြောတော့ မသွားရဘူး ဆိုပြီးတော့မှ သူတို့ရဲ့ ဆိုင်ကယ်၊ သူတို့ရဲ့ ယာဉ်တွေကို ယူပြီးတော့မှ မီးရှို့ပစ်တယ်” ဟု ဦးခမ်းဟန်ဖ က ပြောသည်။

မတ်လ နှောင်းပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ရှိ လွယ်လန်းနှင့် လွယ်စေး ဒေသ တဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ရွာပေါင်း ၁၆ ရွာမှ လူဦးရေ ၁,၀၀၀ ကျော် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံခဲ့ကြရာမှ သင်္ကြန်ကာလ နောက်ပိုင်းတွင် တိမ်းရှောင်သူပေါင်း ခန့်မှန်းခြေ ၂,၀၀၀ ခန့် ရှိလာခဲ့သည်ဟု SHRF မှ မယိင်းဟာန်ဖ က ပြောသည်။

“အစတုန်းက တထောင်ကျော်ကျော်ပဲ ရှိတယ်ရှင့်။ နောက်တော့ သင်္ကြန်အချိန်မှာ တိုက်ပွဲ ထပ်ဖြစ်လို့ ထပ်ပြေးလာ
ကြတော့ နှစ်ထောင်လောက် ရှိပြီရှင့်” ဟု မဇ္စျိမကို ပြောသည်။

မြို့နယ် အုပ်ချူပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ဧပြီလ ၁၁ ရက်နေ့တွင် ဒုက္ခသည် ၃၀ ခန့် နေရပ် ပြန်သွားကြသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် တန့်ယန်းမြို့သို့ ဒုက္ခသည်များ ထပ်မံရောက်ရှိလာကြကာ ပြန်သွားသည့် ဒုက္ခသည်အချို့လည်း ပြန်လည် ရောက်ရှိလာကြသည်ဟု ကယ်ဆယ်ရေးစခန်း ကော်မတီဝင် ကိုစိုင်းလူ က ပြောသည်။

ဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် လားရှိုးနှင့် တန့်ယန်းမြို့နယ်အတွင်းရှိ သံဃာတော်များ၊ လူငယ် အဖွဲ့အစည်းများ၊ လူမှု ကူညီရေးအသင်းများ၊ နိုင်ငံရေး ပါတီများနှင့် မြို့နယ် အာဏာပိုင် အဖွဲ့အစည်းများက အကူအညီများ ပေးလျက် ရှိသည်ဟု ဆိုသည်။

ဧပြီလ ၃ ရက်နေ့က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ရှိ ရွှေလီ ရိပ်သာတွင် အစိုးရ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်တို့နှင့် တွေ့ဆုံစဉ် ဒုက္ခသည်များအား
နေရပ်တွင် ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်နိုင်ရန်အတွက် တိုက်ပွဲများ ထပ်မံမဖြစ်ပွားရန် SSA/SSPP ဘက်က တောင်းဆိုတင်ပြထားသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ကာ၊ ယနေ့တွင်လည်း တန့်ယန်းမြို့နယ်၊ လွယ်ကျေး ကျေးရွာဘက်တွင် တိုက်ပွဲငယ် ဖြစ်ပွားခဲ့သည်ဟု SSA/SSPP မှ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

ဆက်သွယ်ရေး အခက်အခဲကြောင့် မည်သည့်တပ်ရင်းနှင့် ဖြစ်ပွားခဲ့ခြင်းနှင့် ထိခိုက်မှု အခြေအနေကို မသိရှိရ
သေးကြောင်း သူက ပြောသည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA/SSPP) သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် အစိုးရတပ်နှင့် အကြိမ် ၁၀၀ ထက် မနည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/11386-2013-04-22-14-43-24.html

April 21, 2013

အစိုးရနဲ့ SSA တိုက်ပွဲ ဒေသခံတွေဒုက္ခရောက်

ရှမ်းကလေးငယ်တချို့။ (မေလ ၂၁ ရက်၊ ၂၀၀၅)။ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့အနီးမှာ တရားဝင်အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ အခုဆိုရင် နှစ်ထောင်နီးပါးရှိသွားပြီလို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။ ရာချီတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် သောက်သုံးရေပြတ်လပ်ပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ရှမ်းလူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

အပစ်ရပ်ဖို့ နှစ်ဘက်သဘောတူထားတဲ့ကြားကပဲ SSA ရှမ်းပြည်မြောက်ပိုင်းတပ်မတော်နဲ့ မြန်မာစစ်တပ်ကြား အခုဆိုရင် ရင်ဆိုင်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲတွေက ပြင်းထန်လာနေတဲ့အတွက် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်နဲ့ မြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရှမ်းလူထုအခြေပြုအဖွဲ့ ပြောခွင့်ရ စိုင်းခေးစိုင်က ပြောပါတယ်။

“လောလောဆယ်မှာ လူဦးရေ ၂,၀၀၀ နီးပါး ရှိပြီခင်ဗျ။ အခုလတ်တလောကတော့ ပစ်ခတ်နေတဲ့နေရာတွေက ရွာသားတွေကတော့ တချို့မြို့ထဲမှာတော့ ခဏရှောင်နေတယ်။ တချို့ကတော့ ဘုန်းကြီးကျောင်းတွေဆီမှာ ရှောင်နေတယ်။ တချို့ကတော့ တရုတ်နယ်စပ်၊ တချို့ကတော့ ထိုင်းဘက်ခြမ်း အဲဒီလိုတော့ သူ့ဟာနဲ့သူ သူ့လမ်းနဲ့သူ ပုန်းရှောင်နေတာရှိပါတယ်။”

အခုဆိုရင် ရှမ်းပြည်မြောက်ပိုင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ ၂,၀၀၀ လောက်ရှိသွားပြီဖြစ်ပြီး၊ ဒုက္ခသည်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ အရေးတကြီး လိုအပ်နေတယ်လို့ စိုင်းခေးစိုင်က ပြောပါတယ်။

“အရေးကြီးဆုးကတော့ လတ်တလော ကျနော်တို့ အစားအစာရယ်၊ နောက်ပြီးတော့ သောက်သုံးရေ ရယ်ပေါ့။ နောက် တခြား အိပ်ယာ၊ ခြင်ထောင် အဲဒါတွေကတော့ ဒုတိယပေါ့နော်။ ပထမဆုံးကျတော့ သူတို့ နေ့စဉ်စားသောက်ဖို့ အစားအစာတွေကလည်း အရေးကြီးနေပါတယ်ခင်ဗျ။ အဲဒါကို ကျနော်တို့ ကူညီဖို့လည်း တခြားနေရာတွေကိုလည်း တိုက်တွန်းနေတယ်။”

တကယ်တော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ လက်အောက်ခံ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်ဖွဲ့နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကြား ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက အပစ်အခတ်ရပ်စဲရေး သဘောတူထားပြီးဖြစ်ပါတယ်။ နှစ်ဘက်တပ်ကြား ဒီလိုမျိုးတိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အပေါ်မှာလည်း နှစ်ဘက်တာဝန်ရှိသူတွေ ရှမ်းပြည်နယ် လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးထားပြီးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလို့ စိုင်းခေးစိုင်က ပြောပါတယ်။
“အပစ်အခတ်ရပ်စဲတာက နှစ်ကြိမ်တောင်ရှိပါပြီ။ အခု လတ်တလော အသစ်ပြန်ပြီးတော့ လက်မှတ်ရေးထိုးတာလည်း ရှိတယ်ခင်ဗျ။ နောက်ပြီးတော့ ဆွေးနွေးနေတာလည်း ရှိတယ်ခင်ဗျ။ အဲဒီလိုမျိုးလုပ်ရင်းတန်းလန်းနဲ့လည်း ပစ်နေတာတွေ ပိုဖြစ်လာတာကတော့ အဲဒါတော့ဘာကြောင့်လဲ ပြောလို့မတတ်ဘူး။”

မြန်မာစစ်တပ်နဲ့ SSPP/ SSA မြောက်ပိုင်းတပ်တွေကြား ပြီးခဲ့တဲ့ မတ်လကတည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာမှာ သင်္ကြန်တွင်းတုန်းကလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။ ရှမ်းပြည်နယ် တန့်ယန်းမြို့နဲ့ မိုင်းရှူးမြို့ကြားမှာ အခုထက်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းလည်း ဆက်ပြောပြပါတယ်။

“တန့်ယန်းနဲ့ မိုင်းရှူးပေါ့။ တန့််ယန်းရယ်၊ မိုင်းရှူးရယ်ကြားထဲမှာ ဖြစ်နေတယ်ခင်ဗျ။ အဲဒီလိုမျိုး လက်နက်ကြီးနဲ့ပစ်တာတွေ၊ ထိခိုက်မှုတွေ ရှိတယ်။ နောက်ပြီးတော့ ၀င်ပြီးတော့ လမ်းဖြတ်ရင်းနဲ့တိုက်တာတွေ။ တချို့ကတော့ အစီအစဉ်ရှိရှိနဲ့ တက်ပြီးတော့ တွေ့ဆုံတိုက်တာတွေ အဲဒါတော့ ခဏခဏဖြစ်နေတယ်။”

အခုအချိန်အထိ ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ အစိုးရတပ်ကြား စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပြီး နယ်မြေမတည်ငြိမ် မအေးချမ်းတဲ့အတွက် ဒေသခံပြည်သူတွေ အခုလို ဒုက္ခတွေတွေ့နေရတဲ့အပေါ် နှစ်ဘက်အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေအနေနဲ့ အပစ်ရပ်သဘောတူမှုကို လေးစားသင့်ပြီး ဒေသခံပြည်သူတွေကလည်း စစ်အမြန်ငြိမ်းဖို့ လိုလားနေကြတယ်လို့ ပြောပါတယ်။

“ကျနော်တို့ အပစ်အခတ်လည်း ရပ်စဲထားပြီးပြီ။ သိပ်မကြာသေးဘူး။ လက်မှတ်ထိုးတာလည်း သိပ်မကြာသေးဘူး။ အကောင်အထည်ဖော်ဖို့လည်း စကားပြောပြီးသားဖြစ်နေတဲ့ အတွက်ကြောင့် ဒီစစ်ကတော့ တတ်နိုင်လို့ရှိရင် ရပ်ပြီးတော့ နှစ်ဦးနှစ်ဘက် ကောင်းကောင်းဆွေးနွေး သဘောတူဖို့ပေါ့။ နောက်ပြီးတော့ ကျနော်တို့ အစိုးရဘက်ကလည်း ကျနော်တို့ သဘောတူထားတဲ့အတိုင်း အဲဒီနယ်မြေတွေကိုလည်း ပေးထားပြီဖြစ်တဲ့အတွက်ကြောင့် အဲဒီနယ်မြေကို ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတဲ့ဟာမျိုး နှစ်ဦးနှစ်ဘက်ပေါ့။ အဲဒီမှာ နိုင်ငံရေးအရရော၊ စစ်ရေးအရရော နှစ်ဘက်စလုံး သဘောတူညီချက်အတိုင်း လိုက်နာကြဖို့ရယ်၊ နောက်ပြီးတော့ ပြည်သူလူထု၊ အဲဒီဒေသခံတွေပဲဖြစ်ဖြစ် အဲဒီနေရာမှာရှိနေတဲ့ ထောင်သောင်းမက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျ။”

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ အပစ်ရပ်ဖို့ သဘောတူခဲ့ပေမဲ့ တနှစ်ကျော်ကာလ အတွင်းမှာ အနည်းဆုံး တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော် ဖြစ်ခဲ့သလို တနှစ်ကျော်ကြာ အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ခေါ် RCSS/SSA တောင်ပိုင်းနဲ့လည်း အပစ်ရပ်ဖို့ သဘောတူပြီးတဲ့နောက် တိုက်ပွဲပေါင်းအကြိမ် ၆၀ ကျော်လောက် ဖြစ်ပွားခဲ့ပါသေးတယ်။

http://burmese.voanews.com/content/shan-fighting-04-20-13/1645548.html

ရှမ်းတပ်မတော်ထက် ဝသွေးစည်းတပ်ကို ပစ်မှတ်ထား

ssa_sspp_soldiers 
မြန်မာအစိုးရ နဲ့ တရားဝင် အပစ်အခတ် ရပ်စဲထားတဲ့ SSA/SSPP ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် နဲ့ အစိုးရ တပ်တွေ ကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေပြီး ဒေသခံ ၁၅၀၀ နီးပါးလည်း စစ်ပြေး ဒုက္ခသည် အနေနဲ့ ထွက်ပြေး တိမ်းရှောင် နေကြ ရပါတယ်။
အခုလို ရှမ်းပြည် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်လို ဖြစ်နေတဲ့ အနက် ဧပြီလ ၁၅ ရက်နဲ့ ၁၆ ရက်မှာ အပြင်းထန် ဆုံးဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ မတ်လ လယ် ကတည်းက စတင် ဖြစ်ပွားကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ် ရဲ့ ဒေသခံ သတင်းထောက် စိုင်းမွန်း က ဘီဘီစီ ကိုပြောပါတယ်။
တိုက်ပွဲ ဖြစ်ရခြင်း အကြောင်းရင်းက တန့်ယန်း နဲ့ မိုင်းရှူး မြို့နယ် အကြားရှိ နယ်မြေ တွေ က ရှမ်းတပ်တွေ ရုပ်ပေးဖို့၊ မရုပ်ရင် အထက် အမိန့်အရ နယ်မြေ ထိန်းသိမ်း၊ စိုးမိုးဖို့ အတွက် တိုက်ပွဲ တွေ နဲ့ ထိတ်တိုက်ရင်ဆိုင်ရမယ့် အကြောင်း လားရှိုးတိုင်းမှူး က SSA/SSPP ကိုယ်စားလှယ် သုံးယောက် ကို ခေါ်ပြီး ပြောခဲ့ ကြောင်း စိုင်းမွန်းက ရှင်းပြပါတယ်။
SSA/SSPP ဘက်ကလည်း တပ်ဆုတ် ဖို့ နေရာ မရှိတော့ လို့ မရွှေ့နိုင်တော့ ကြောင်း၊ အဲဒီအတွက် အကြောင်း မကြားပဲ၊ နယ်မြေထဲ ဝင်လာရင်၊ ရင်ဆိုင် တိုက်ပွဲ ဖြစ် မှာပဲ လို့ ပြောခဲ့တာ က စလို့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ တကယ် တော့ ရှမ်း ကို တိုက်ချင်တာထက်၊ ဝ ကိုတိုက် ဖို့ ရေရှည် စီမံကိန်း အရ တန့်ယန်း ဖက် တောင်ကြော တွေ ကို စစ်အင်အား ဖြည့်လိုပုံတွေ သျှမ်းသံတော်ဆင့် သတင်းစဉ် ရဲ့ ဒေသခံ သတင်းထောက် စိုင်းမွန်း က သုံးသပ် ပြပါတယ်။
လွယ်ခေး၊ လွယ်စေး၊ လွယ်လမ်း တောင်ကုန်းတွေ ကို အဓိက ထား ပြီးစစ်တပ် က ထိန်းချုပ်လိုခြင်း က သေနင်္ဂဗျူဟာ အရ လက်နက်ကြီးတွေ တောင်ကုန်းပေါ် တပ်ဆင်နိုင်ပြီး UWSA ဝ ပြည် သွေးစည်း ညီညွတ်ရေးတပ် ကို ပစ်ခတ် ထိန်းချုပ်နိုင်ပုံ၊ ဒီအခါ ကျရင်လည်း UWSA အနေနဲ့ မိမိ တပ် ကို ကာကွယ်တဲ့ အနေနဲ့ ပြင်ဆင်ရမယ့် အသွင်ဆောင် ကြောင်း UWSA နဲ့ နီးစပ်တဲ့ ဒေသခံ တယောက် က ဘီဘီစီ ကို ပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2013/04/130421_ssa_sspp_uwsa.shtml

April 17, 2013

SSA မြောက်ပိုင်းနဲ့ မြန်မာစစ်တပ် သင်္ကြန်တွင်း တိုက်ပွဲဖြစ်

အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့ (ဖေဖော်ဝါရီလ ၂၀၁၃) 
မြန်မာနိုင်ငံတဝှမ်း နှစ်သစ်ကူး ရေသဘင်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲခဲ့ကြတဲ့ သင်္ကြန်ကာလမှာ ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းမှာ  အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား အနည်းဆုံး တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အခြေအနေက ဆက်လက် တင်းမာနေဆဲ ရှိနေပါတယ်။ လောလောဆယ် တန့်ယန်းမြို့ပေါ်မှာ ရောက်ရှိနေတဲ့ ရာနဲ့ချီတဲ့ စစ်ပြေး ဒုက္ခသည်တွေဟာ လည်း နေရပ်ကို မပြန်နိုင်ဘဲ ရှိနေကြပါတယ်။ ရှမ်းပြည်နယ်အတွင်းက နောက်ဆုံး အခြေအနေတွေကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နှစ်ဘက်တပ်တွေအကြား ကြိုးကြား ကြိုးကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်ဖို့ လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးပြီး ၁၀ ရက်ကျော်ကာလမှာ အခုလို တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့တာပါ။

လတ်တလော ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကိုတော့ SSA မြောက်ပိုင်းရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ က အခုလို ပြောပါတယ်။

“ဖြစ်တာက ခဏ ခဏ ဖြစ်နေတဲ့ ဂွင်တွေပဲလေ။ လွယ်ဆေး၊လွယ်လန်း တဝိုက်မှာပဲ။ ၁၅ ရက်နေ့ မနက် ၉ နာရီမှာ မိုင်းကောင် အရှေ့ခြမ်းမှာ အဲ့ဒီတဝိုက်မှာ ဖြစ် တယ်လေ။ ၁၅ ရက်နေ့ မနက် ၉ နာရီမှာ တကြိမ်၊ ညနေပိုင်းမှာ တကြိမ် ဖြစ်တယ်
ပေါ့။ ၁၅ ရက်နေ့မှာ ၂ ကြိမ်ဖြစ်တယ်။ ၁၆ ရက်နေ့မှာလည်း ဖြစ်တယ်လေ။ တိုက်ပွဲကတော့ တနေ့လုံးတော့ မဟုတ်ဘူးပေါ့။ တကြိမ်ကို ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ပါပဲ။”

လတ်တလော ထပ်မံ ဖြစ်ပွားလာတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်မှုးစိုင်းလက အခုလို ဆက်ပြောပါတယ်။

“ဖြစ်တာက ခါတိုင်းဖြစ်သလိုပါပဲ။ ကျနော်တို့ ရှိတဲ့နေရာ သူတို့ ၀င်ရှင်းတယ်လေ။ ကျနော်တို့ အဲ့ဒီဒေသမှာ မနေနိုင်အောင်ပေါ့။ ကျနော်တို့ကို ဖယ်ထုတ်တဲ့ သဘောမျိုးပေါ့။ အဲ့ဒီနေရာဒေသမှာ ကျနော်တို့ ဟိုး ရှေးပဝေသဏီ ကတည်းက နေခဲ့တယ်လေ နော။ ကျနော်တို့ကတော့ ကျနော်တို့ ရှိတဲ့နေရာ ခုခံယုံကလွဲပြီးတော့ ကျနော်တို့လည်း မတတ်နိုင်ဘူးလေ နော။”

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးတဲ့ သတင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ လက်ရှိဖြစ်ပွားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး အစိုးရဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

SSA မြောက်ပိုင်းတပ်ဖွဲ့နဲ့ အစိုးရတပ်အကြားမှာ ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းကလည်း အဲ့ဒီဒေသတွင်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါသေးတယ်။ ဒီတိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ တန့်ယန်းမြို့ကို ထွက်ပြေး ခိုလှုံနေကြရပါတယ်။ လောလောဆယ်မှာတော့ ဒုက္ခသည်တွေဟာ နေရပ်မပြန်နိုင်
ဖြစ်နေတယ်လို့လည်း ဒုက္ခသည်အရေး ကူညီသူတဦးက ပြောပါတယ်။

“အခု အောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာ နေတယ်။ ၄၀၀ ကျော်လောက် ရှိသေးတယ်ခင်ဗျ။ စစ်ပွဲထပ်ဖြစ်မှာ စိုးလို့ထင်တယ်။ စိုးရိမ်တာပေါ့။ အဲ့ဒါကြောင့် သူတို့ မပြန်နိုင်တာ အဲ့ဒါပါပဲ။”

ဒီကနေ့ နှစ်ဆန်းတရက်နေ့ နေ့ခင်း ၁ နာရီလောက်က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့က ရွှေတိဂုံပုံတူ စေတီတော် ဘုရားဝင်းအတွင်းမှာ ဗုံးတလုံး ပေါက်ကွဲ ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒါပေမဲ့ ပင်လုံမြို့ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒါဟာ ဗုံးပေါက်ကွဲတာမဟုတ်ဘဲ မီးရှုးဒုံး ပေါက်ကွဲ တာသာ ဖြစ်တယ်လို့ တာဝန်ကျ ရဲတပ်ကြပ်ကြီးတဦးက ပြန်လည်ဖြေဆိုပါတယ်။

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ အပစ်ရပ်ဖို့ သဘောတူခဲ့ပေမဲ့ တနှစ်ကျော်ကာလအတွင်းမှာ အနည်းဆုံး တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော် ဖြစ်ခဲ့သလို တနှစ်ကျော်ကြာ အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီခေါ် RCSS/SSA တောင်ပိုင်းနဲ့လည်း အပစ်ရပ်ဖို့ သဘောတူပြီးတဲ့နောက် တိုက်ပွဲပေါင်းအကြိမ် ၆၀ ကျော်လောက် ဖြစ်ပွားခဲ့ပါတယ်။
 
http://burmese.voanews.com/content/still-fighting-between-ssa-north-and-govt-troops/1643226.html

April 2, 2013

SSA မြောက်ပိုင်းနဲ့ အစိုးရ ငြိမ်းကိုယ်စားလှယ်များ လားရှိုးတွင် တွေ့မည်

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်တချို့ မနက်ဖြန် လားရှိုးမြို့တွင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ တွေ့ဆုံပွဲတွင် လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်နှင့် လားရှိုး မြို့နယ်တို့တွင် အစိုးရ စစ်တပ်နှင့် SSA-N တို့ ဖြစ်ပွားနေသည့် တိုက်ပွဲကိစ္စများကို အဓိကထား ဆွေးနွေးသွားမည်ဟု သိရသည်။ လတ်တလောတွင် တန့်ယန်းမြို့နယ်နှင့် လားရှိုးမြို့နယ်တို့၌ အစိုးရ စစ်တပ်က နယ်မြေ စိုးမိုးရေးအတွက် နေရာ ဖယ်ခိုင်းမှုကြောင့် နှစ်ဖက်တပ်များ တိုက်ပွဲများ ဖြစ်ပွားနေကြောင်းလည်း သိရသည်။ အစိုးရ နယ်မြေရှင်းလင်းရန် ပစ်မှတ်ထား တောင်းဆိုနေသော ယင်းနေရာများသည် SSA-N နှင့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် တို့၏ စစ်ရေး အရ နှစ်ဖက်မဟာမိတ် ဆက်ဆံရေး ပင်မလမ်းကြောင်း ဖြစ်သကဲ့သို့ ခနောက်စိမ်း၊ သစ်နှင့် တခြားဒေသ ထွက်ကုန်များကိုလည်း တရုတ်နိုင်ငံဘက်သို့ ကုန်သွယ်ကူးသန်းသည့် လမ်းကြောင်းလည်း ဖြစ်သည်။

http://burma.irrawaddy.org/archives/36891

March 18, 2013

ရှမ်းပြည်မြောက်ပိုင်း KIA နယ်မြေတွင်း တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား

pangsai-myen-dap-na-laknak
ကေအိုင်အေတပ်မှ သိမ်းဆီးရရှိတဲ့ ရှမ်းမြောက် မြန်မာစစ်တပ်များမှ လက်နက်တချို့။
ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၃၄ နယ်မြေတွင် ယနေ့ ၁၁ နာရီခန့်တွင် အစိုးရနှင့် KIA ကြား ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာနေရာသည် KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၄ နယ်မြေ မန်ယောန် (Man Yawn) ကျေးရွာအနီးဖြစ်ပြီး အစိုးရဖက်မှ တိုက်ခိုက်လာခြင်းဖြစ်ကြောင်း တပ်မဟာ ၄ မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးပြောသည်။
တိုက်ပွဲသည် အစိုးရတပ်ဖွဲ့ မန်တုန် (Mandung) အခြေစိုက် ခလရ ၁၃၀၊ ၁၀၅ နှင့်  ခမရ ၅၀၂၊ ၅၀၃  စသည့် စုပေါင်းတပ်ဖွဲ့များသည် အင်အား ရ၀ ကျော်ဖြင့် KIA တပ်ရင်း ၃၄ နှင့် ရင်ဆိုင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုကိုမူ မသိရပေ။
အစိုးနှင့်KIO ကြား မကြသေးခင်က တွေ့ဆုံနွေးမှုပြလုပ်ပြီးနောက်ပိုင်း ဆက်တိုက်ဆိုသလို အစိုးရတပ်ဖက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့တွင်လည်း ၎င်းတပ်ဖွဲ့များနှင့် မိုးမိတ်မြို့နယ် လွယ်ယားကျေးရွာတွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျေးရွာသို့ လက်နက်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အဆိုပါ KIA အရာရှိကပြောသည်။
“ကျနော်တို့ဘက်က တုန်ကြီး (Tung Gyi) ဘက်ကိုတက်သွားဖို့ ရွာကနေဖြတ်သွားတဲ့ချိန် လမ်းမှာ ခဏ ထမင်းချက်စားနေတုံး အစိုးရတပ်တွေ ပစ်လာလို့ အပြန်အလှန်ပစ်ခတ်ကြတာ။ အစိုးရတွေပစ်လိုက်တဲ့ လက်နက်ကြီး လွယ်ယားရွာကအိမ်တစ်အိမ်မှာကျပြီး အိမ်မီးလောင်သွားတယ်။ အဲဒါကြောင့်ကျနော်တို့ဘက်က ရွာမှာပိုဆိုးလာမှာစိုးလို့  အဲဒီနေရာကနေ နောက်ဆုတ်လိုက်တာ ရှောင်လိုက်တာ အဲဒီနောက်တော့ သူတို့ရွာကိုဝင်ပြီး အိမ် ၅ အိမ်ကိုမီးပြန်ရှို့ပေးလိုက်တယ်။ ဒီနေ့ ပစ်တဲ့နေရာမှာလည်း ရွာကိုပြန်ထိလာမှာစိုးလို့ ပြန်ရှောင်ထားလိုက်တယ်။ သူတို့က ကျနော်တို့ရဲ့ သတင်းကြားတိုင်း ဘယ်ကိုကြားရင် ဘယ်ကိုလိုက်နေတဲ့ သဘောပဲ”
ထိုသို့ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ၎င်းလွယ်ယာကျေးရွာမှ အိမ်ထောင်စု ၆၀ ခန့်ရှိသော ပြည်သူလူထုများ သည် ယခုချိန် ၎င်းတို့၏ တောင်ယာ၊ လယ်ယာများနှင့် တောများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယခုချိန် ထိုနယ်မြေတွင် မန်တုန် အခြေစိုက် ခလရ ၁၃၀ တပ်ဖွဲ့များနှင့် ကျောက်မဲအခြေစိုက် စကခ (၁) တပ်အောက် ခမရ ၅၀၂၊ ၅၀၃၊ ၅၀၄၊ ၅၀၅၊ ၅၀၆ စသည့် စုပေါင်းတပ်ရင်းများမှ အင်အား ၅၀၀ ခန့်မှ စစ်ရေးလှုပ်ရှားနေကြောင်း သိရသည်။

http://kachinnews.com/burmese/news/1053-%E1%80%9B%E1%80%BD%E1%80%99%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8-kia-%E1%80%94%E1%80%9A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2-%E1%80%86%E1%80%80%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%95%E1%80%BC%E1%80%AC%E1%80%B8.html

November 14, 2012

အစိုးရတပ် ထိုးစစ်ဆင်မှုများ ရှိကြောင်း SSA-N ပြော

SSA မြောက်ပိုင်းနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ လားရှိုးမြို့ ရွှေလီခန်းမတွင် တွေ့ဆုံနေစဉ် (ဓာတ်ပုံ – ဦးလှမောင်ရွှေ Facebook မှ)
အပစ်အခတ် ရပ်စဲထားသည့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်စခန်း တနေရာကို ယခုလဆန်းပိုင်းမှ စတင်၍ အစိုးရစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ ခရိုင် မိုင်းငေါ့မြို့နယ်ခွဲတွင် လှုပ်ရှားနေသည့် SSA မြောက်ပိုင်း တပ်မဟာ ၆၁၂ စခန်းကို အစိုးရတပ်က ၀င်ရောက် တိုက်ခိုက်နေသည်ဟု SSA မြောက်ပိုင်းတပ်ဖွဲ့မှ ဒု အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းထူးက ပြောကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနတွင် ယမန်နေ့က ဖော်ပြထားသည်။
SSA မြောက်ပိုင်း တပ်စခန်းကို ကျောက်မဲမြို့နယ် အခြေစိုက် အစိုးရ ခြေမြန်တပ်ရင်း (ခမရ) ၅၀၁၊ ၅၀၂၊ ၅၀၃၊ ခြေလျင်တပ်ရင်း (ခလရ) ၂၃၊ ရ၁၊ ၉၅ တပ်ဖွဲ့တို့က တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာ ၉ ရက်နေ့အထိ တိုက်ပွဲ ၄ ကြိမ်ထက် မနည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်း တိုက်ပွဲပေါင်း ၅၀ ခန့် ရှိပြီးဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ စားပွဲပေါ်မှာ အေးအေးဆေးဆေး ဆွေးနွေးတဲ့မူဝါဒကို ကျင့်သုံးပါတယ်။ စတင် တိုက်ခိုက်တာ လုံးဝ မရှိပါဘူး၊ လုံးဝ အာမခံ ပြောနိုင်ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းထူးက ပြောသည်။
ယင်း တိုက်ပွဲ ဖြစ်ပွားမှုများတွင် နှစ်ဘက် ထိခိုက်ဒဏ်ရာရရှိသူများနှင့် အကျအဆုံး စာရင်းများကို မသိရှိသေးပေ။
SSA မြောက်ပိုင်း တပ်စခန်းကို အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အကြောင်းအရင်းကို မသိရသော်လည်း နယ်မြေစိုးမိုးရေးနှင့် စစ်ရေးလှုပ်ရှားမှုများကို ထိန်းချုပ်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ဧရာဝတီသို့ ပြောသည်။
“မြန်မာ့တပ်မတော် အလုပ်က နယ်မြေ ရှင်းလင်းရေးနဲ့ နယ်မြေစိုးမိုးရေးတို့ကို ဆက်လုပ်နေတာပေါ့ဗျာ။ အဲဒီလိုမျိုး လုပ်နေတဲ့ ကာလပတ်လုံး တိုက်နေမှာပဲ” ဟု ၎င်းက ဆိုသည်။
စစ်ရေးအရ နှစ်ဖက်တင်းမာမှုများ ရှိနေသော်လည်း ယနေ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း သိရသည်။
SSA မြောက်ပိုင်း တာဝန်ရှိသူများနှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ လားရှိုးမြို့တွင် အောက်တိုဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသေးကြောင်း၊ ယင်းတွေ့ဆုံမှုတွင် နယ်မြေဖွ့ံဖြိုးရေးကို ဇောင်းပေး ဆွေးနွေးခဲ့ပြီး စစ်ရေးတင်းမာမှုအခြေအနေကို မဖြေရှင်းဘဲ ချန်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၂ ရက်နေ့က မန္တလေးမြို့တွင် အစိုးရနှင့် SSA မြောက်ပိုင်း တပ်ဖွဲ့မှ ကိုယ်စားလှယ်များ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးရန် သဘောတူညီချက် ရရှိခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကလည်း အစိုးရတပ်များသည် SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များကို တပတ်ခန့် ထိုးစစ်ဆင်ခဲ့ပြီး ရ မိုင်နှင့် လွိုင်ဖာဖု တပ်စခန်းများကို အစိုးရတပ်က နေရာယူခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းက ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွင်ပါရှိသည့် နှစ်ဖက်တပ်များ နေရာသတ်မှတ်ခြင်း မပြုနိုင်သေးခြင်း၊ ဆက်ဆံရေးရုံး မဖွင့်လှစ်နိုင်သေး ခြင်းတို့ကြောင့်ဖြစ်ကြောင်း လွှတ်တော်တွင် သြဂုတ်လအတွင်းက ဖြေကြားခဲ့ဖူးသည်။
မိုင်းရယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကို သိလိုကြောင်း မေးခွန်းနှင့် စပ်ဆက်၍ ဦးအောင်မင်းက ထိုကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
SSA မြောက်ပိုင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်၍ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး မိုင်းရှူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မိုးမိတ် စသည့် ဒေသများတွင် လှုပ်ရှားသည့်အဖွဲ့ ဖြစ်သည်။

http://burma.irrawaddy.org/archives/25419

October 30, 2012

SSA မြောက်ပိုင်းတပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ် ဖမ်းထား

အစိုးရတပ်က ဖမ်းဆီးထားသည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်သားသစ်များ (ဓာတ်ပုံ – မြဝတီ / Facebook)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်ထဲတွင် စစ်သင်တန်းပြုလုပ်နေသော ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း (SSA-N) တပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ်များက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
မူဆယ်ခရိုင်ထဲတွင် SSA-N က အသစ်စုဆောင်းထားသော တပ်ဖွဲ့ဝင်များကို သင်တန်းပေးနေကြောင်း ဒေသခံများ၏ သတင်းပို့မှုမှတဆင့် နယ်မြေခံ အစိုးရ စစ်ကြောင်းက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ စစ်တပ်အာဘော် မြဝတီ အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
“ဖြစ်စဉ်တွင် ပြောက်ကျား ယူနီဖောင်း ဝတ်ဆင်ထားသော သောင်းကျန်းသူ ၄၈ ဦးအား အရှင်ဖမ်းဆီးရမိခဲ့ပြီး အဖွဲ့ခေါင်းဆောင်မှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း” ဟု မြဝတီ အွန်လိုင်း သတင်းတွင် ရေးသားထားသည်။
သင်တန်းပေးနေသူများသည် SSA-N ဝမ်ဟိုင်း ဌာနချုပ် တပ်မဟာ (၁) လက်အောက်ခံ တပ်အရာရှိများဖြစ်ကြောင်း၊ နယ်မြေခံ အစိုးရ စစ်ကြောင်းက ယင်းသို့ ဝင်ရောက်ဖမ်းဆီးရာတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး SSA-N ခေါင်းဆောင် တချို့လွတ်မြောက်သွားပြီး နှစ်ဦးကျဆုံးသွားကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးခံထားရသူများအနက် တပ်ကြပ်ကြီး အဆင့်ရှိသူ အိုက်ရီ (ခေါ်) ရီဆာ အပါအဝင် စိုင်းဆမ်လှ၊ ကွန်ခမ်းနှင့် လှခိုင်တို့မှာ ဝမ်ဟိုင်း ဌာနချုပ်မှဖြစ်ကြောင်း၊ ကျန်တပ်ဖွဲ့ဝင် ၄၄ ဦးမှာ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူနှင့် လားရှိုး အပါအဝင် မြို့/ရွာ ရ ခုမှ အဓမ္မ လူသစ် စုဆောင်း ခံရသူများဖြစ်ကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။
နယ်မြေခံ အစိုးရစစ်တပ်နှင့် ရဲတပ်ဖွဲ့များက စုဆောင်းခံထားရသော တပ်ဖွဲ့ဝင် ၄၄ ဦးကို သက်ဆိုင်ရာ မိဘ၊ ဆွေမျိုးများနှင့် ဆက်သွယ်အကြောင်းကြားနေလျက်ရှိပြီး တရားဝင်လွှဲပြောင်း အပ်နှံပေးသွားမည်ဟုဆိုသည်။
၎င်းတို့ တပ်ဖွဲ့ဝင် ၄၈ ဦး အစိုးရ စစ်တပ်၏ ဖမ်းဆီးခံရမှု၊ နှစ်ဦး သေဆုံးမှု၊ တပ်သားစုဆောင်းမှုတို့ကို SSA-N ကလည်း မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။ သို့သော် မြဝတီသတင်းစာ၌ ဖော်ပြသကဲ့သို့ တပ်သားစုဆောင်းရာတွင် အတင်းအဓမ္မ စုဆောင်းခြင်းမရှိကြောင်း SSA-N ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှက ဧရာဝတီသို့ ပြောသည်။
“ဟုတ်တယ်၊ အဲဒီပုံစံပါပဲ။ သေတာက ၂ ယောက်လို့ပြောတာပဲ။ ဒါပေမယ့် အတင်းအဓမ္မ တပ်သား စုဆောင်းတာတို့ ဘာတို့က သူတို့ ကျနာ်တို့ကို စွပ်စွဲပြောဆိုနေကျစကားပဲ။ ကျနော်တို့ အပစ်ရပ်စဲထားတာတောင် ရန်သူသဘောမျိုး သောင်းကျန်းသူလို့တောင် အခေါ်အဝေါ်မျိုးနဲ့ သုံးထားတာကိုး” ဟု ဗိုလ်မှူး စိုင်းလှက ဆိုသည်။
ယခုအခါ SSA-N နှင့် အစိုးရတို့အကြား တရားဝင် အပစ်ခတ်ရပ်စဲထားပြီး အစိုးရအနေဖြင့် တိုင်းရင်းသား အားလုံး၏ ယုံကြည်မှုကို ရယူရန်လိုအပ်ကြောင်း၊ ယုံကြည်မှု တည်ဆောက်ဆဲကာလတွင် ယခုကဲ့သို့ ပြဿနာမျိုးမလိုလားကြောင်း သူက ဆက်ပြောသည်။
SSA-N အနေဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှုကိုသာ ရှေးရှုသွားမည်ဖြစ်ပြီး ယခုဖြစ်ရပ်နှင့် ပတ်သက်၍ လက်တုန့်ပြန်ခြင်း၊ အငြင်းပွားနေခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ယခုဖြစ်ရပ်ကြောင့် အစိုးရနှင့် နှစ်ဖက်ဆွေးနွေးပွဲများ အပေါ် ထိခိုက်မှုရှိမည် မဟုတ်ဘဲ ဆက်လက် ဆွေးနွေးသွားမည်ဟု ဆိုသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တာဝန်ရှိသူများနှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ လားရှိုးမြို့တွင် ယခုလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က  ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံမှုတွင် နယ်မြေဖွ့ံဖြိုးရေးကို ဇောင်းပေး ဆွေးနွေးခဲ့ပြီး စစ်ရေး တင်းမာမှုအခြေအနေကို မဖြေရှင်းဘဲ ချန်ခဲ့ကြောင်း သိရသည်။
SSA မြောက်ပိုင်းအဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရန် အချက် အပါအဝင် ပြည်ထောင်စုအဆင့် ပဏာမ ငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
ယင်းသို့ သဘောတူ လက်မှတ်ရေးထိုးပြီးနောက် ယခု အောက်တိုဘာလထိ တိုက်ပွဲပေါင်း ၄၀ ကျော် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး စိုင်းလှက ပြောသည်။

http://burma.irrawaddy.org/archives/24192

October 11, 2012

လားရှိုးတွင် ငြိမ်းချမ်းရေး စကားပြော

SSA-N နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ လားရှိုးမြို့ ရွှေလီခန်းမတွင် တွေ့ဆုံနေစဉ် (ဓာတ်ပုံ- ဦးလှမောင်ရွှေ Facebook မှ)
ရှမ်းပြည် တပ်မတော်မြောက်ပိုင်း(SSA-N) နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့သည် လားရှိုးမြို့ ရွှေလီခန်းမတွင် တွေ့ဆုံနေကြကြောင်း သတင်းရရှိသည်။
မြန်မာအစိုးရဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း၊ ဒုဥက္ကဌ ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ အရှေ့ပိုင်း နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ တက်ရောက်ကာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းမှ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်နှင့် ဗဟို ကော်မတီဝင် ၉ ဦးတို့ ပါ၀င်ကြကြောင်း သိရသည်။
“တော်တော်လေး နွေးနွေးထွေးထွေးနဲ့ တဘက်နဲ့ တဘက် သဘောထားကြီးကြီး ဆွေးနွေးကြတာတွေ့တယ်။ ၂ ဘက်လုံးမှာ ဖြစ် နေ တဲ့ နားလည်မှု လွဲနေတာလေးတွေ ဆွေးနွေးလိုက်တော့ တော်တော်လေး သက်သောင့် သက်သာ အနေအထား ဖြစ်သွားတယ်”ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။
SSA မြောက်ပိုင်း တပ်များ အခြေချနေထိုင်နိုင်ရေး၊ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ တပ်ပိုင်းဆိုင်ရာ ပဋိပက္ခဖြစ်ပွားမှုများနှင့် ဒေသ ဖွံ့ဖြိုးရေး အတွက် အစိုးရဘက်မှ ကူညီဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သည့် ၈ လကျော် အချိန်ကာလအတွင်း မြန်မာအစိုးရဘက်မှ သဘောတူညီချက်ပါ အချက်အလက်တချို့ကို ချိုးဖောက်သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း SSA-N က ဆိုသည်။
“SSA တပ်တွေအနေနဲ့ ရောက်ရှိတဲ့ နေရာမှာ ယာယီနေထိုင်ခွင့် ရဖို့ သဘောတူညီချက်ရှိတယ်။ အဲဒါကို ရွှေ့ခိုင်းတာ၊ မရွှေ့တဲ့ နေ ရာ တွေမှာ တပ်နဲ့ ၀င်တိုက်တာတွေ ရှိခဲ့တယ်။ အဲဒီတော့ အခု ဦးအောင်မင်းနဲ့ တွေ့တဲ့အခါ ကျနော်တို့ တပ်တွေ နေရာချထားရေး ကို ပထမအဆင့်အနေနဲ့ အကောင်အထည်ဖော်ဖို့ ညှိနှိုင်းမယ်”ဟု SSA ပြောရေးဆိုခွင့် ရှိသူ ဦးစိုင်းလကလည်း ပြောဆိုထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မိုင်းရှုးမြို့နယ် တာဆန်းဖူး ဒေသတွင် အခြေစိုက်ထားသော SSA-N တပ်မဟာ ၃ နှင့် တပ် မဟာ ၆ တို့ ကို ဆုတ်ခွာပေးခဲ့ရပြီး ၎င်းတပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုများ အခြေချနေထိုင်ရန်၊ စီးပွားရေး၊ စို်က်ပျိုးရေး လုပ်ငန်းများ ထူထောင်ရန်အတွက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
တပ်မဟာ ၆ နှင့် တပ်မဟာ ၃ ရှိ တပ်သားများနှင့် တပ်မိသားစု စုစုပေါင်း လူဦးရေ ၃၅၀၀ ခန့်ရှိပြီး အခြေချနေထိုင်ခွင့်ရရန် ခက်ခဲနေကြောင်း သိရသည်။
ဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁ နာရီခွဲမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှု မပြီး ပြတ်သဖြင့် ယနေ့တွင် ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
SSA မြောက်ပိုင်းအဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အပစ် အခတ် ရပ်စဲရန် အချက် အပါအဝင် ပြည်ထောင်စုအဆင့် ပဏာမငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
သဘောတူညီချက်တွင် SSA မြောက်ပိုင်း အဖွဲ့ မိသားစုများ၏ လူနေမှု ဘဝမြှင့်တင်ရေး၊ ဒေသတွင်း မူးယစ်ဆေးဝါး ကင်းစင်ရေး၊ ထာဝရငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ ပါ၀င်ခဲ့သည်။
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (ခေါ်) ရှမ်းပြည်တိုးတက်ရေး ပါတီ(SSA/ SSPP) သည် ၁၉၈၉ ခုနှစ် စစ်အစိုးရ လက်ထက်က အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရေးကို  ငြင်းဆန်ကာ ၂၀၁၁ ခုနှစ် မတ်လမှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

http://burma.irrawaddy.org/archives/22565

October 10, 2012

SSA-N နှင့် အစိုးရ ငြိမ်းအဖွဲ့တို့ တပ်မိသားစု နေရာချရေး သဘောတူ

ချင်းမိုင်(မဇ္စျိမ) ။       ။ မိုင်းရှူးနှင့် တန့်ယန်းမြို့နယ် အကြားရှိ ဟိုနမ်းဒေသတွင် တပ်မိသားစုဝင်များနှင့် စစ်ဘေံရှောင် ရွာသားများအတွက် ရွာသစ်တည်ရန် ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) SSPP/SSA-N နှင့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ ဗုဒ္ဓဟူးနေ့က သဘောတူညီခဲ့ကြသည်။

ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးမှုအဖြစ် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့် လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းဇော်တို့ ဦးဆောင်သော ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ကိုယ်စားလှယ်များနှင့် အထွေထွေအတွင်းရေးမှူး ဦးခွန်ဆိုင်း ခေါင်းဆောင်သော SSPP/SSA-N မှ ကိုယ်စားလှယ်များ လာရှိုးမြို့တွင် ဆွေးနွေး၍ အဆိုပါ အိမ်ခြေ ၃၅ဝ ရှိ ရွာသစ်တည်ရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။

“ဆွေးနွေးတာက တပ်နေရာချထားရေး၊ (SSA-N)တပ်မိသားစုဝင်တွေ၊ စစ်ဘေးရှောင် ကျေးရွာသားတွေ နေရာ ချထားဖို့ မိုင်းရှူးနဲ့ တန့်ယန်းကြားမှာ အခြေချဖို့ သဘောတူတယ်။ လူထု မထိခိုက်တဲ့နေရာ၊ နှစ်ရှည်ပင်၊ နှစ်တိုပင် စိုက်နိုင်တဲ့နေရာ ဖြစ်ဖို့ တဆင့်ပြီးတဆင့် ရွာတည်ဖို့ စီမံချက်ချမယ်။ လိုအပ်တဲ့ ပံ့ပိုးမှုကို အစိုးရက ကူညီမယ်” ဟု SSA-N ပြောခွင့်ရ ဗိုလ်မှူး စိုင်းလ က ပြောသည်။

သွပ်မိုး ပျဉ်ထောင် အိမ်အလုံးပေါင်း ၃၅ဝ တည်ဆောက်ရန်အတွက် ပထမအဆင့်အဖြင့် ကော်မတီဖွဲ့စည်း၍ ရေရရှိမှု အခြေအနေ၊ လမ်းဖောက်လုပ်မည့် အခြေအနေများအား ကွင်းဆင်းလေ့လာမည် ဖြစ်ကြောင်း မဇ္စျိမကို ပြောသည်။

တပ်များ သွားလာရေးကိစ္စတွင် ကြိုတင်ညှိနိုင်းရန်အတွက် အထက်သို့ တင်ပြရန် မလိုဘဲ သက်ဆိုင်ရာ တိုင်းဌာနချုပ် တွင်သာ ဖြေရှင်းသွားရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဆွေးနွေးပွဲကို မွန်းလွဲ ၁ နာရီမှ စတင်ခဲ့ပြီး ညနေ ၄ နာရီထိ ကြာမြင့်ခဲ့သည်ဟု ဗိုလ်မှူးစိုင်းလှ က ပြောသည်။

ဆွေးနွေးပွဲတွင် မိုင်းရှူးမြို့နယ် ကူးတိုးဆိပ်(တာဆမ်းဖူး)မှ SSA-N တပ်စခန်းတခုကို အောက်တိုဘာလ ၅ ရက်နေ့
နောက်ဆုံးထား ပြောင်းရွှေ့ရမည်ဟု ရှမ်းပြည်နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ က စာပေးပို့ ထားမှုနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခြင်း မရှိသော်လည်း တပ်ဆုတ်ပေးမည် မဟုတ်ကြောင်း သူက ဆိုသည်။

ဇန်နဝါရီလက SSA-N နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ကြပြီးနောက် တိုက်ပွဲအကြိမ်ပေါင်း ၄ဝ ခန့် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး စိုင်းလှ က ပြောသည်။


http://www.mizzimaburmese.com/news/inside-burma/10237-ssa-n------.html

October 8, 2012

အစိုးရ ငြိမ်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် SSA-N ထပ်မံတွေ့ဆုံမည်

ချင်းမိုင်(မဇ္စျိမ) ။        ။ ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) SSPP/SSA-N နှင့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့ ဗုဒ္ဓဟူးနေ့တွင် လားရှိူးမြို့၌ ထပ်မံတွေ့ဆုံရန်ရှိကြောင်း SSA ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလှ က ပြောသည်။

ဇန်နဝါရီလက ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးကြမည်
ဖြစ်ပြီး SSA မှ ခုနှစ်ဦးပါ ကိုယ်စားလှယ်အဖွဲ့အား အထွေထွေ အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး ခွန်ဆိုင်း က ဦးဆောင်မည်ဟု ဆိုသည်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမယ်ထင်တယ်။ ဘာအချက်အလက် အဓိက ဆွေးနွေးမယ်ဆိုတာ ကြိုတင် မပြောထားဘူး။ ဒီသုံးရက်အတွင်းမှာ တွေ့မယ်။ မနက်ဖြန်တော့ မဟုတ်ဘူး။ သဘက်ခါလောက် တွေ့မယ်” ဟု ဗိုလ်မှူး စိုင်းလက ပြောသည်။

မိုင်းရှူးမြို့နယ် ကူးတိုးဆိပ်(တာဆမ်းဖူး) SSA တပ်များကို အောက်တိုဘညလ ၅ ရက်နေ့ နောက်ဆုံးထား၍ ဆုတ်ခွာပေးရန် ရှမ်းပြည်နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ က စာပို့ထားသည်။

“ကျနော်တို့ သဘောတူညီချက်တွေ ပြောရမယ်။ အကောင်အထည်ဖော်တယ်။ လိုက်နာဆောင်ရွက်တာ မရှိတာ
ကြောင့် ပြဿနာ ခဏခဏ ဖြစ်နေတယ်လေ။ အဲဒါ သဘောတူညီထားတဲ့အတိုင်း လိုက်နာ ကျင့်သုံးဖို့ ပြောမယ်။ ဒီလို ဆက်ဖယ်ဆိုရင် ပြဿနာတော့ ဖြစ်မှာပဲ” ဟု ဗိုလ်မှူး စိုင်းလှ က ဆက်ပြောသည်။

အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် တိုက်ပွဲပေါင်း အကြိမ် ၅ဝ ကျော် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ရှမ်းပြည်နယ် လားရှိုးမြို့နှင့် တောင်ကြီးမြို့တို့တွင် SSPP/SSA-N ဆက်သွယ်ရေးရုံးများ ဖွင့်လှစ်ထားပြီး
ဖြစ်သည်။

http://www.mizzimaburmese.com/news/breaking-newsbrief/10227------ssa-n-.html

August 22, 2012

တပ်စခန်းတခု ဆုတ်ခွာရန် SSA မြောက်ပိုင်းကို အစိုးရတပ် ဖိအားပေး


ကင်းစခန်းတခုရှိ ရှမ်းပြည်တပ်မတော်မှ စစ်သည်တဦး (ဓာတ်ပုံ – Reuters)
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ၏ တာဆမ်းဖူး တပ်စခန်းတခုကို ထပ်မံ ဆုတ်ခွာပေးရန် အစိုးရတပ်က ညွှန်ကြားထားရာ စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည်။
ယင်း တာဆမ်းဖူး တပ်စခန်းကို ဆုတ်ခွာပေးရန် အစိုးရ ခြေမြန်တပ်ရင်း အမှတ် ၁၄၉ နှင့် ၁၅၀ တပ်မှူးများက ပြီးခဲ့သည့် တပတ်က ညွန်ကြားထားပြီး SSA မြောက်ပိုင်း၏ ၀မ်ဟိုင်း ဌာနချုပ် အပါအဝင် ၎င်းတို့၏ တပ်စခန်း အနီးအနားတွင်လည်း အစိုးရတပ် စစ်အင်အား တိုးချဲ့ထားကြောင်း SSA မြောက်ပိုင်းမှ ဗိုလ်မှူး စိုင်းလှက ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် မိုင်းရှူးမြို့နယ်ရှိ အစိုးရက SSA မြောက်ပိုင်း၏ လွိုင်ဖာဖု တပ်စခန်းနှင့် မြောက်ပိုင်း တန့်ယန်းမြို့နယ် ရ မိုင် တပ်စခန်းတို့ကို ဆုတ်ပေးခဲ့ရပြီး ယင်း တာဆမ်ဖူး တပ်စခန်းကို မဆုတ်ပေးနိုင်ကြောင်း ၎င်းကဆိုသည်။
“ကျနော်တို့က စစ်ရေးနဲ့ ဖြေရှင်းတဲ့ပုံစံမျိုးကို မလိုလားလို့ပဲ အပစ်အခတ် ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးဘက်ကို လျှောက်လှမ်းခဲ့တယ်။ ဒါပေမယ့် သူတို့က စစ်ရေးနဲ့ ဖြေရှင်းနေမယ်ဆိုရင်တော့ ကျနော်တို့လည်း မတတ်နိုင်ဘူး။ စစ်ရေးနဲ့ပဲ ပြန်ပြီးတော့ တုံ့ပြန်ရမယ်” ဟု ဗိုလ်မှူး စိုင်းလှက ဆက်ပြောသည်။
SSA မြောက်ပိုင်း တပ်စခန်းများကို အစိုးရတပ်မှူးများက ဆုတ်ခွာပေးရန် ဖိအားပေးသည့် အကြောင်းအရင်းကိုမှု မသိရသော်လည်း နယ်မြေစိုးမိုးရေးနှင့် စစ်ရေးလှုပ်ရှားမှုများကို ထိန်းချုပ်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များ၏ အဆိုအရ ၎င်းတို၏ တပ်စခန်းများကို ဆုတ်ခွာပေးရန် အထက်အရာရှိများ၏ ညွန်ကြားသည့် အတိုင်း ယင်းဒေသတွင် လှုပ်ရှားနေသည့် တပ်မှူးများက လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။
စစ်ရေးအရ နှစ်ဖက်တင်းမာမှုများကြောင့် SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များကလည်း စစ်ရေး ပြင်ဆင်ထားပြီး လတ်တလော တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။
ဇူလိုင်လဆန်းပိုင်းကလည်း အစိုးရတပ်များက SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များကို တပတ်ခန့်အကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ရ မိုင်နှင့် လွိုင်ဖာဖု တပ်စခန်းများကို အစိုးရတပ်က နေရာယူခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းကမူ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့မှု ဖြစ်စဉ်များ၌ လုပ်ငန်းစဉ်တွင် ပါရှိသည့် နှစ်ဖက်တပ်များ နေရာသတ်မှတ်ခြင်း မပြုနိုင်သေးခြင်း၊ ဆက်ဆံရေးရုံး မဖွင့်လှစ်နိုင်သေးခြင်းတို့ ဖြစ်ကြောင်း အစိုးရသတင်းစာတွင် ယမန်နေ့က ဖော်ပြထားသည်။
မိုင်းရယ် မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်က လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကို သိလိုကြောင်း မေးခွန်းနှင့် စပ်ဆက်၍ ဦးအောင်မင်းက ထိုကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
SSA မြောက်ပိုင်းသည် ယခုနှစ်ဆန်းပိုင်းတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး မိုင်းရှူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မိုးမိတ် စသည့် ဒေသများတွင် လှုပ်ရှားသည့် အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က မန္တလေးမြို့တွင် အစိုးရနှင့် SSA မြောက်ပိုင်း တပ်ဖွဲ့မှ ကိုယ်စားလှယ်များ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးရန် သဘောတူညီချက် ရရှိထားပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၃၀ ခန့် ဖြစ်ပွားခဲ့ကြောင်း SSA မြောက်ပိုင်းဘက်က ဆိုသည်။
ဦးသိန်းဇော်နှင့် SSA မြောက်ပိုင်း တပ်ဖွဲ့ဝင် ကိုယ်စားလှယ်များသည် နှစ်ဘက်တပ်များ ပြန်ဆုတ်၍ အပစ်အခတ် ရပ်စဲထားရေး၊ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးရေး စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်ရှိ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) သည်လည်း ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပြုလုပ်ထားသော်လည်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

http://burma.irrawaddy.org/archives/18326

July 31, 2012

အစိုးရ တပ်ဖွဲ့၏ ရာဇသံကို SSA-N က အာခံသည်

SSA-N_01000988ဇူလိုင် (၂၆) ရက်နေ့ နောက်ဆုံးရက် အဖြစ် ထားပြီး ရာဇသံ ပေးခဲ့သည့် နမ့်မဂွင်မှ ဆုတ်ခွာပေးရန် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/ SSA-N) အား အမိန့်ပေး ထားခြင်းကို ယနေ့အထိ အာခံနေဆဲဖြစ်သည်ဟု အမည် မဖေါ်လိုသည့် SSA-N ဗိုလ်မှူးကြီး တဦးက ပြောပါသည်။
“ အပစ်ရပ်တုန်းကတော့ ကိုယ့်နေရာ ကိုယ်နေကြလို့ သဘောတူထားတယ်။ နောက်မှ တန့်ယန်းနဲ့ မိုင်းရှူးက ကျနော်တို့ နေရာကို အကြောင်းမကြားဘဲနဲ့ အရင်ဝင်တိုက်တယ်။ အဲဒီနည်းနဲ့ နှစ်ကြိမ်တိုင် ၀င်တိုက်ပြီးတော့ ကျနော်တို့ရဲ့ စခန်း (၃) နေရာ စလုံး ဆုတ်ပေးရပါတယ်။ ဒါတောင် မပြီးသေးဘူး။ အဲဒီ (၂၆)ရက်နေ့ကို နောက်ဆုံးထားပြီးတော့ နမ့်မဂွင်ထဲမှာ ရှိတဲ့ ကျ နော်တို့ တပ်ဖွဲ့တွေကို ထပ်ဆုတ်ခိုင်းပြန်ပါတယ်။ ဒီတခါမှာတော့ ကျနော်တို့ ဗဟိုကနေ လုံးဝမဆုတ် ရဘူးလို့ အမိန့်ထုတ် ခဲ့ တယ်။ ။ အဲဒီလိုလည်း ထုတ်လိုက်ရော အခုရက်ချိန်း လွန်သွားတာတောင် သူတို့က ဆက်မတိုက်တော့တာ တွေ့ရပါတယ်”
ဟု ဆိုပါသည်။
နမ့်မဂွင် ဆိုသည်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့၏ အရှေ့မြောက်ဖက်၊ လားရှိူးမြို့တောင်ဖက်နှင့် မိုင်းရယ်မြို့နယ်၏ မြောက်ဖက်၌ ရှိသော နယ်မြေကို ဆိုလိုခြင်းဖြစ်ပါသည်။ အဆိုပါနေရာတွင် SSA-N ၏ တပ်မဟာ (၁)ဧရိယာနှင့် ကချင်ပြည် လွတ်မြောက် အဖွဲ့(KIA) ၏ တပ်မဟာ (၄) ဧရိယာဖြစ်ပါသည်။ ထို့အပြင် ပလောင် လွတ်မြောက်ရေး အဖွဲ့ (PSLO) တပ်ဖွဲ့တို့ လှုပ်ရှားနေသော ဧရိယာလည်း ဖြစ်ပါသည်။
SP_01_fgerg009SSA-N နှင့် အစိုးရဆွေးနွေးစဉ်
ဤအခြေအနေတွင် SSA-N သည် နောက်ဆုတ်ပေးတော့မှာ မဟုတ်သည့် အတွက် အစိုးရ တပ်ဖွဲ့များသည် အပစ် အခတ်ရပ် စဲရေးကို တမင်ဖျက်ဆီးရာ ရောက်မှာကို စိုးရိမ်ဟန်ရှိသည့်အတွက် ဆက်မတိုက်တော့ဘဲ တမင် ရပ်စဲလိုက်ဖွယ် ရှိသည်ဟု ဝေဖန်သူများက ဆိုပါသည်။
SSA-N သည် ရှမ်းပြည်နယ်ရှိ မိုင်းရှူး၊ မိုင်းယန်း၊ သီဘော၊ မန်ဖန်နှင့် မိုင်းရယ် မြို့နယ်များ၌ လှုပ်ရှားနေပြီး၊ ၀မ်းဟိုင်း၌ ဌာန ချုပ်ထားရှိခဲ့ပါသည်။ ထို့အပြင် SSA-N သည် “၀” ပြည် သွေးစည်း ညီည့တ်ရေး ပါတီ အပါ၀င် မိုင်းလား အဖွဲ့တို့နှင့်လည်း မဟာမိတ် ဖွဲ့ထားပါသဖြင့် ၄င်းတို့ လျို့ဝှက် ဌာနချုပ် စခန်းကို “၀”နှင့် မိုင်းလား ဖက်၌လည်း ထားရှိခဲ့သည်ဟု အဆိုပါ SSA-N ဗိုလ်မှူးကြီးက ဆိုပါသည်။
အစိုးရ၏ တိုင်းရင်းသား အပေါ် သဘောထားသည် သစ်ဆန်းမှု မရှိဟု နေပြည်တော် အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုအဖွဲ့၏ သဘောထားကို ကြည့်ခြင်းအားဖြင့် သိသာနိုင်သည်ဟု သုံးသပ်သူများက ဆိုပါသည်။ ဤသို့ကြောင့် အစိုးရ သည် တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို မကြေညာသည့်အပြင် နည်းဗျူဟာ သစ်ခင်းပြီး၊ အပစ်ရပ်သော အဖွဲ့၊ အပစ်မ ရပ်သောအဖွဲ့နှင့် ချေမှုန်းသင့်သော အဖွဲ့ဟူ၍ အမျိုးမျိုး သွေးခွဲထားပြီး အချိန်အခါပေါ်မူတည်၍ အားလုံးကို ချေမှုန်းသွားလိမ့် မည်ဟု အကဲခတ်များက ဆိုပါသည်။

http://phophtaw.org/burmese/index.php/news/local-news/1952----ssa-n--.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India