
Friday, December 07, 2012

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏
ဖွံ့ဖြိုးရေးကော်မတီရုံးကို ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့တွင်
ဒီနေ့မနက် ၉ နာရီ၌ ရုံးဖွင့်ပွဲအခန်းအနားကို ကျင်းပပြုလုပ်သွားပါတယ်။
အခန်းအနားမှာ KNPP
အဖွဲ့ကိုယ်စားလှယ်များ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဒေသခံလူထုတို့က
တက်ရောက်ခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားတဲ့ အချက်တွေထဲက
ဖွံဖြိုးရေး လုပ်ငန်းကို အစိုးရနှင့် KNPP အတူတကွ ဆောင်ရွက်ဖို့ သဘောတူ
လက်မှတ်ရေးထိုးထားတဲ့ အချက်အပေါ် လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ နှစ်ဖက်
ခေါင်းဆောင်တွေက လူထုထဲကို ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်ဖို့ အဓိကကျတဲ့
နေရာအဖြစ်နဲ့ ၎င်းနေရာကို ရွေးခြယ်ခဲ့ခြင်းဖြစ်တယ်လို့ KNPP
အတွင်းရေးမှူး(၁) ခူးဦးရယ်က အခန်းအနားဖွင့်ပွဲမှာ ပြောသွားပါတယ်။

ကေအဲန်ပီပီ ဖွံ့ဖြိုးရေးရုံးဖွင့်ပွဲ (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))
အတွင်းရေးမှူး
(၁)ခူးဦးရယ်က " ဘက်စုံပြည်နယ်အစိုးရ လွတ်တော်တွေသာမကပဲနဲ့ တကယ့်အခြေခံ
လူထု အစုအဖွဲ့တွေနဲ့ နေ့တဓူဝ ကျနော်တို့ဆက်စပ်တဲ့ လုပ်ငန်းတွေ
ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ပထမခြေလှမ်းအနေနဲ့ ဒီမှာပဲ
အလယ်ဗဟိုကျမယ်လို့ ပိုပြီးတော့ ထဲထဲဝင်ဝင်လုပ်တဲ့အခါမျိုးမှာ ပိုပြီးတော့
လွယ်ကူမယ်လို့ ယုံကြည်ရတဲ့အပေါ်မှာ ဒီးမော့ဆိုမှာ ကျနော်တို့
ဒီဖွံ့ဖြိုးရေးရုံးကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။" လို့ ပြောသွားပါတယ်။
အခန်းအနားကို တက်ရောက်လာတဲ့ ဒေသခံမှ
လူမှုအဖွဲ့အစည်းတဖွဲ့ဖြစ်တဲ့ ကန္ဒရဝတီလူငယ်အဖွဲ့မှ ဥက္ကဌဖြစ်သူ ကိုတုတူက
ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ လူထုတွေ အသိအမြင်ဖွံ့ဖြိုးဖို့
အရေးကြီးနေတယ်လို့ ပြောပါတယ်။
၎င်းက " လိုအပ်ဆုံးဆိုတော့
လူငယ်အပိုင်းအနေနဲ့ အဓိက ဖွံ့ဖြိုးရေးရဲ့ အမြင်ပေါ့နော် သဘောတရားကို
တကယ်သိသိ ထဲထဲဝင်ဝင် နားလည်ဖို့ လိုအပ်ဆုံးလို့ကျနော်ထင်တယ်။ အခုလောလောဆယ်
ဖွံ့ဖြိုးရေးလုပ်နေကြတဲ့ အဖွဲ့အစည်းတွေက အများကြီးပေ့ါနော် ဒါပေမဲ့
ကျနော်တို့ဒေသခံတွေကဖွံ့ဖြိုးရေးဆိုတာ တကယ့်အနစ်သာရကို သိရှိဖို့က
အားနည်းတယ်။ ဖွံ့ဖြိုးရေးဆိုတာ သူများရဲ့ပေးကမ်းမှု လှူဒါန်းမှုကိုပဲ
မြင်တာပေါ့ တကယ့်ကိုယ့်စီက ဘာတွေလုပ်ရမလဲ ကျနော်တို့ရဲ့
တာဝန်ဘယ်လိုအရေးကြီးလဲဆိုတာ သိဖို့က ပိုပြီးတော့အရေးကြီးတယ်လို့မြင်ပါတယ်။
အရေးကြီးဆုံး ကျနော်တို့ရဲ့ စိတ်ဓာတ်ရေးဆိုင်ရာကို
ဖွံ့ပိုပြီးလုပ်ဆောင်သင့်တယ်လို့ ကျနော်မြင်ပါတယ်" လို့ ပြောပါတယ်။
KNPP ဖွံ့ဖြိုးရေးကော်မတီရုံးမှ
ပြည်ထဲရေးဒုဝန်ကြီး ဦးခဲလေက " ဖွံ့ဖြိုးရေးလုပ်ငန်းဆိုတော့
နိုင်ငံတဝန်းလုံးမှာ အထူးသဖြင့် ကျနော်တို့ပြည်နယ်မှာက တအားလိုအပ်တယ်။
ဖွံ့ဖြိုးရေးလုပ်ငန်းကို ကျနော်တို့အကွက်ကျကျ လုပ်ဆောင်သွားနိုင်ဖို့
ကျနော်တို့က တခြား CBO တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်။
လုပ်ငန်းကိုအကောင်အထည်ဖော်တဲ့နေရာမှာကလည်း ပြည်သူတွေရဲ့လိုအပ်ချက်တွေကို
တတ်နိုင်သလောက် ညှိနှိုင်းဆွေးနွေးပြီးတော့မှ ဆုံးဖြတ်ချက်ချ ပြီးတော့မှ
အကောင်အထည်ဖော်သွားမယ်။" လို့ ပြောပါတယ်။
KNPP နှင့် မြန်မာအစိုးရ
အပစ်အခတ်ရပ်စဲပြီးနောက် KNPP ၏ကော်မတီအဖြစ် ပြည်တွင်းတွင်
ဆက်ဆံရေးရုံးအပါအဝင် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဆိုပြီး
၎င်းကော်မတီနှစ်ခုဖြင့် ရုံးခန်းများဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့
သိရပါတယ်။
http://www.ktimes.org/index.php/news/392-knpp--
Posted in: KNPP,ကရင်နီ,ဆက်ဆံရေးရုံးများ,တွေ့ဆုံဆွေးနွေးမှု,သတင်း
Email This
BlogThis!
Share to Facebook