မြန်မာအစိုးရဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း၊ ဒုဥက္ကဌ ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ အရှေ့ပိုင်း နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ တက်ရောက်ကာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းမှ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်နှင့် ဗဟို ကော်မတီဝင် ၉ ဦးတို့ ပါ၀င်ကြကြောင်း သိရသည်။
“တော်တော်လေး နွေးနွေးထွေးထွေးနဲ့ တဘက်နဲ့ တဘက် သဘောထားကြီးကြီး ဆွေးနွေးကြတာတွေ့တယ်။ ၂ ဘက်လုံးမှာ ဖြစ် နေ တဲ့ နားလည်မှု လွဲနေတာလေးတွေ ဆွေးနွေးလိုက်တော့ တော်တော်လေး သက်သောင့် သက်သာ အနေအထား ဖြစ်သွားတယ်”ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။
SSA မြောက်ပိုင်း တပ်များ အခြေချနေထိုင်နိုင်ရေး၊ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ တပ်ပိုင်းဆိုင်ရာ ပဋိပက္ခဖြစ်ပွားမှုများနှင့် ဒေသ ဖွံ့ဖြိုးရေး အတွက် အစိုးရဘက်မှ ကူညီဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သည့် ၈ လကျော် အချိန်ကာလအတွင်း မြန်မာအစိုးရဘက်မှ သဘောတူညီချက်ပါ အချက်အလက်တချို့ကို ချိုးဖောက်သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း SSA-N က ဆိုသည်။
“SSA တပ်တွေအနေနဲ့ ရောက်ရှိတဲ့ နေရာမှာ ယာယီနေထိုင်ခွင့် ရဖို့ သဘောတူညီချက်ရှိတယ်။ အဲဒါကို ရွှေ့ခိုင်းတာ၊ မရွှေ့တဲ့ နေ ရာ တွေမှာ တပ်နဲ့ ၀င်တိုက်တာတွေ ရှိခဲ့တယ်။ အဲဒီတော့ အခု ဦးအောင်မင်းနဲ့ တွေ့တဲ့အခါ ကျနော်တို့ တပ်တွေ နေရာချထားရေး ကို ပထမအဆင့်အနေနဲ့ အကောင်အထည်ဖော်ဖို့ ညှိနှိုင်းမယ်”ဟု SSA ပြောရေးဆိုခွင့် ရှိသူ ဦးစိုင်းလကလည်း ပြောဆိုထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မိုင်းရှုးမြို့နယ် တာဆန်းဖူး ဒေသတွင် အခြေစိုက်ထားသော SSA-N တပ်မဟာ ၃ နှင့် တပ် မဟာ ၆ တို့ ကို ဆုတ်ခွာပေးခဲ့ရပြီး ၎င်းတပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုများ အခြေချနေထိုင်ရန်၊ စီးပွားရေး၊ စို်က်ပျိုးရေး လုပ်ငန်းများ ထူထောင်ရန်အတွက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
တပ်မဟာ ၆ နှင့် တပ်မဟာ ၃ ရှိ တပ်သားများနှင့် တပ်မိသားစု စုစုပေါင်း လူဦးရေ ၃၅၀၀ ခန့်ရှိပြီး အခြေချနေထိုင်ခွင့်ရရန် ခက်ခဲနေကြောင်း သိရသည်။
ဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁ နာရီခွဲမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှု မပြီး ပြတ်သဖြင့် ယနေ့တွင် ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
SSA မြောက်ပိုင်းအဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အပစ် အခတ် ရပ်စဲရန် အချက် အပါအဝင် ပြည်ထောင်စုအဆင့် ပဏာမငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
သဘောတူညီချက်တွင် SSA မြောက်ပိုင်း အဖွဲ့ မိသားစုများ၏ လူနေမှု ဘဝမြှင့်တင်ရေး၊ ဒေသတွင်း မူးယစ်ဆေးဝါး ကင်းစင်ရေး၊ ထာဝရငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ ပါ၀င်ခဲ့သည်။
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (ခေါ်) ရှမ်းပြည်တိုးတက်ရေး ပါတီ(SSA/ SSPP) သည် ၁၉၈၉ ခုနှစ် စစ်အစိုးရ လက်ထက်က အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရေးကို ငြင်းဆန်ကာ ၂၀၁၁ ခုနှစ် မတ်လမှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
http://burma.irrawaddy.org/archives/22565