“မနေ့က ပြီးသွားတဲ့ အစည်းအဝေး မှာတော့ ကျနော်တို့ရဲ့ WGEC အဖွဲ့က အဖွဲ့ဝင်တွေ တိုးချဲ့ ဖွဲ့စည်း သွားဖို့ ဆုံးဖြတ် တယ်။ အဲဒါ ကတော့ တိုင်းရင်းသား အရေးကို ဆောင်ရွက်တဲ့ နေရာမှာ ဘက်ပေါင်းစုံက အဖွဲ့တွေ ပါဝင် သင့်တယ် ဆိုတဲ့ အမြင်နဲ့ တိုးချဲ့ ဖွဲ့စည်းခြင်း ဖြစ်ပါတယ်” ဟု ဆိုပါသည်။ တိုးချဲ့ လိုသော ကော်မီတီဝင် များမှာ လူမှု အခြေပြု အဖွဲ့အစည်းများ၊ လူငယ် အဖွဲ့အစည်း များနှင့် အမျိုးသမီး အဖွဲ့အစည်းများ ဖြစ်သော အဖွဲ့ (၃) ဖွဲ့မှ ကိုယ်စားလှယ် (၆) ဦးဖြင့် ထပ်မံ တို့ချဲ့ မည်ဖြစ်သည်။ ဤသို့ကြောင့် WGEC အဖွဲ့၏ တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေး ကော်မီတီဝင်တွင် အဖွဲ့ဝင် (၂၀) ဦး ဖြစ်လာ ခဲ့ပါသည်။
WGEC ၏ ရှေ့လုပ်ငန်းစဉ် ကိုမူ နိုဝင်ဘာ လဆန်း၌ အစည်းအဝေး ကျင်းရန် ရှိသည့် အပြင် လိုအပ်သော အလုပ်ရုံ ဆွေးနွေးပွဲ များကိုပါ ကျင်းပရန် ရှိသည်။ ၄င်းတို့၏ ရည်ရွယ်ချက်၌ ပြည်ပ၌ တိုင်းရင်းသား ညီလာခံ ကျင်းပ ခဲ့သလို အစိုးရ လက်ခံပါက ပြည်တွင်းရှိ တိုင်းရင်းသား အဖွဲ့များ ပါသည့် ညီလာခံ တရပ် ကျင်းပရန် ရှိပါသည်။
WGEC သည် UNFC အပါ၀င် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ (၁၉) ဖွဲ့ ကို အခြေခံပြီး ကော်မီတီ ၀င်(၁၄) ဦးဖြင့် ဖွဲ့စည်း ထားပါသည်။ ဤအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား လူမျိုးများ ညီလာခံကို ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့၌ ကျင်း ပခဲ့ခြင်း ဖြစ်ပါသည်။
ထိုညီလာခံမှ တိုင်းရင်းသားများနှင့် ပတ်သက်သော ပဏာမ လမ်းပြ မြေပုံ အချက် (၆) ချက်ကို ချမှတ်နိုင်ခဲ့ပါသည်။
တိုင်းရင်းသားလူမျိုးများ၏ငြိမ်းချမ်းရေးဆိုင်ရာနိုင်ငံရေးလုပ်ငန်းစဉ်( ၆ )ချက်
(၁) တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ အမျိုးသမီးနှင့် လူငယ်ထု အပါအဝင် Civil Societies တို့ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပပြီး “နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာမူဘောင်” (Framework for Political Dialogue) တွင် ပါဝင်မည့် အချက်အလက် များကို သဘောတူ ချမှတ်ရန်။
(၂) (က) ပြည်ထောင်စု အစိုးရ ကိုယ်စားလှယ်များနှင့် လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း များ၏ စု စည်းထားသော ကိုယ်စားလှယ်များ အကြား တွေ့ဆုံ ဆွေးနွေး၍ “တွေ့ဆုံ ဆွေးနွေးရေး ဆိုင်ရာ မူဘောင် သဘောထား” (The Framework of Political Dialogue) သဘော တူညီချက် ရရှိရန်။
(ခ) ထိုသို့ ဆွေးနွေး ရာတွင် ဘက်နှစ်ဘက်မှ လက်ခံနိုင်သော နေရာတွင် ဆွေးနွေးရန်။
(ဂ) ထို့ပြင် ထိုသို့ ဆွေးနွေးစဉ်နှင့် သဘော တူညီချက် များကို အကောင်အထည် ဖော်ရာတွင် ဘက်မလိုက်သော နိုင်ငံ တကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ ထားရှိရန်နှင့် သဘော တူညီချက် များကို အများပြည်သူ သိရှိအောင် ပူးတွဲ ထုတ်ပြန်ရန်။
(၃) အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ အကြား တွေ့ဆုံ ဆွေးနွေးပွဲမှ “တွေ့ဆုံ ဆွေးနွေး ရေးဆိုင်ရာ မူဘောင် သဘောထား” (The Framework of Political Dialogue) သဘော တူညီချက် ရရှိပြီးမှ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအလိုက် သော်လည်းကောင်း၊ လူမျိုး အလိုက် သော်လည်းကောင်း တိုင်းရင်းသား တို့၏ ညီလာခံများ ကျင်းပပြီး ရှင်းလင်း ညှိနှိုင်း သဘောထား ရယူသွားရန်။
(၄) တနိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းရင်းသား များ၏ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးနှင့် လူငယ် အဖွဲ့အစည်းများ အပါအဝင် Civil Societies အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် အသိ ပညာရှင်၊ အတတ် ပညာရှင်များ ပါဝင်သော တိုင်းရင်းသား လူမျိုး စုံညီလာခံ တခုကို ခေါ်ယူ ကျင်းပ သွားရန်။
(၅) တိုင်းရင်းသား အင်အားစု များ၏ ကိုယ်စားလှယ်များ၊ ဒီမိုကရေစီ နည်းအရ လှုပ်ရှားနေကြသော နိုင်ငံရေး အင်အား စုများ၏ ကိုယ်စားလှယ်များ၊ အစိုးရ ကိုယ်စားလှယ်များ အချိုးညီ ပါဝင်ပြီး အင်အားစု သုံးစုစလုံး လက်ခံနိုင်သော ပုံစံဖြင့် ပင်လုံ စိတ်ဓါတ်ကို အခြေခံသော ပြည်ထောင်စု ညီလာခံကြီး တရပ် ကျင်းပသွားရန်။ ထိုညီလာခံကြီးမှ ချမှတ်သော သဘော တူညီချက် များကို “တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ ပြည်ထောင်စု သဘော တူညီချက်” (Union Accord) အဖြစ် သဘောတူ လက်မှတ် ရေးထိုးရန်။
(၆) “တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ ပြည်ထောင်စု သဘော တူညီချက်” (Union Accord) ကို အချိန် အတိအကျ သတ် မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်။
အကယ်၍ အစိုးရက ခွင့်ပြုက ယခု ရရှိထားသော အချက် (၆) ချက်ကို ပြည်တွင်း၌ ကျင်းပရန် ရှိသည့် တိုင်းရင်းသား ညီလာခံသို့ တင်ပြရန် ရှိပါသည်။
မြန်မာ့ ငြိမ်းချမ်းရေးသည် အစိုးရအဖွဲ့၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုနှင့် တိုင်းရင်းသား အဖွဲ့တို့ (၃) ပွင့်ဆိုင် အဖြေရှာမှ ရနိုင်မည်ဟု ကုလ သမဂ္ဂမှ ခံယူထားပါသည်။ ဤသို့ကြောင့် တိုင်းရင်းသား အဖွဲ့များ သည်လည်း ၄င်းတို့ အစုအဖွဲ့မှ ကိုယ်စားပြု အမြင်များ ကျယ်ပြန့်ပြန့် ရရှိရန် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2195-2012-10-05-08-15-49.html