တိုက်ခိုက်မှုတွေထဲမှာ မြစ်ကြီးနားနဲ့ ဝိုင်းမော် မြို့တွေကို လျှပ်စစ်ဓာတ်အား ပေးနေတဲ့ မလိရေအားလျှပ်စစ် ထုတ်လုပ်ရေး စက်ရုံနားမှာ လက်နက်ကြီးကျည် ခြောက်ခု ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သူက ဆက်လက် ပြောပါတယ်။
တပ်မတော်အရာရှိဟောင်း ဖြစ်ပြီး၊ လက်ရှိမှာတော့ သမ္မတရုံး ညွှန်ကြားရေးမှူးဖြစ်တဲ့ ဦးဇော်ဌေးကတော့ အစိုးရတပ်က ရဟတ်ယာဉ်တွေ သုံးတာဟာ ရိက္ခာထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးအတွက် သုံးတာ ဖြစ်တယ်၊ တိုက်ခိုက်ဖို့အတွက် မဟုတ်ဘူး၊ မိုင်းတွေ ရှိနေလို့ ကုန်းကြောင်းက သွားတာထက် ဝေဟင်က သွားတာက ပိုအန္တရာယ် ကင်းတာမို့ သုံးတာပါလို့ တုန့်ပြန် ရှင်းလင်းပါတယ်။
ဦးလာနန်းကတော့ ဒါကို လက်မခံဘဲ ပြည်တွင်းစစ်မှာ ရဟတ်ယာဉ် သုံးလာတဲ့ သဘောကို အားလုံး အနေနဲ့ သုံးသပ်နိုင်ကြပါတယ်လို့ ပြောပါတယ်။ ရဟတ်ယာဉ်သုံး တိုက်ခိုက်မှုကို ဒီဇင်ဘာလ အတွင်းမှာ အကြိမ်ရေ များများ သုံးလာပြီး စစ်ဆင်ရေး အရှိန် မြှင့်တင်လာတယ်လို့ ဆိုပါတယ်။
တပ်မတော်အရာရှိဟောင်းနဲ့ လက်ရှိ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ အခုလို ရဟတ်ယာဉ် သုံးတာဟာ တပ်တွေကို တာဝန်ခံကြတဲ့ တပ်ခေါင်းဆောင်တွေကြား မညှိနှိုင်းကြလို့ ဖြစ်ရတာလို့ ရွှေလီ ဆွေးနွေးပွဲ မအောင်မြင်တဲ့ အပေါ်ကို ထောက်ပြ ပြောဆိုပါတယ်။
အစိုးရနဲ့ ကချင်ကြား ပြီးခဲ့တဲ့တခေါက် ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အစိုးရတပ်ဘက်က ဗိုလ်ချုပ်ကြီးမြင့်စိုးက ဆွေးနွေးဖို့ အသင့်ရှိခဲ့ပေမယ့် ကချင်တပ်ဘက်က ဗိုလ်ချုပ်ဂွမ်မော်က တက်ရောက် ဆွေးနွေးဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် အခုလို နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ကုန်တာလို့ သူ့အနေနဲ့ ထင်မြင် ယူဆကြောင်း ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။
တရုတ်ဖြူ ကူမင်တန်တွေကို တိုက်ထုတ်တုန်းက တခါ၊ ကရင်နဲ့ ရှမ်းပြည်မှာ တိုက်စဉ်က တခါ၊ အရေးပေါ် ရွှေ့ပြောင်း ကယ်ထုတ်ရတဲ့ ကိစ္စတွေရှိတဲ့အခါ အစိုးရတပ်ဘက်ကနေ ရဟတ်ယာဉ်တွေ သုံးခဲ့တာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဦးလာနန်းကတော့ အခုလို အစိုးရဘက်က ဝေဟင်ကနေပါ တိုးမြှင့် တိုက်ခိုက်လာတာဟာ ဝန်ကြီး ဦးအောင်မင်းတို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ ကေအိုင်အိုကြား ဆွေးနွေး ပြောဆိုနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နှောင့်နှေးသွားနိုင်တယ်လို့ ထင်မြင်ချက် ပေးပါတယ်။
http://www.bbc.co.uk/burmese/burma/2012/12/121223_kia_army_fighting.shtml