မတ်လ ၂၈ ရက်နေ့က တန့်ယန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တပ်မတော် (SSA) နှင့် မြန်မာ့ တပ်မတော်တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသော ဒုက္ခသည်များသည် မနက်ဖြန် ဧပြီလ ၁၁ ရက်နေ့တွင် သက်ဆိုင်ရာ ကျေးရွာ များသို့ ပြန်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ကျနော်တို့ကတော့ တအား ပြန်ချင်တာပေါ့ဗျာ။ ဒီလမှာ တောင်ယာ လုပ်ငန်းတွေ မစနိုင်ရင် တနှစ်လုံးအတွက် နောက်ကျ သွားမှာ။ ၁ နှစ်စာ နစ်နာတာပေါ့။ တိုက်ပွဲ မရှိတော့ဘူး ကြားတာနဲ့ ပြန်ဖို့ ပြင်နေကြတာ” ဟု တန့်ယန်းမြို့ပေါ်သို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် ကောင်းကော် ကျေးရွာသား တဦးက ဧရာဝတီကို ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း လှုပ်ရှားနေသော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း၏ လွယ်လန်းနှင့် လွယ်စေး တပ်စခန်း ၂ ခုကို ဆုတ်ခွာပေးရန် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးက ယခုလ ၂၅ ရက်နေ့က လားရှိုးမြို့ ရွှေလီရိပ်သာတွင် SSA မြောက်ပိုင်းတပ်ဖွဲ့နှင့် တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့သည်။
ရှမ်းပြည် တပ်မတော် မြောက်ပိုင်းက တပ်စခန်းများ ဆုတ်ခွာပေးခြင်း မရှိသဖြင့် မတ်လ ၂၈ ရက်နေ့မှ စတင်ကာ အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လွယ်လန်း၊ လွယ်စေး၊ ကုန်းကော်၊ ကောင်းဆိုင်း၊ ပါဖန်၊ လွိုင်ပု၊ နမ့်လွတ် စသည့် ကျေးရွာများမှ ဒေသခံ တထောင်နီးပါးခန့်တို့ တန့်ယန်းမြို့ပေါ်သို့ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
“၂၈ ရက်နေ့ ညကနေစပြီး သုံးလေးရက် ဆက်တိုက် ရောက်လာကြတယ်။ အများစုက ဆွေမျိုးအိမ်တွေ၊ သူတို့နဲ့ ရင်းနှီးတဲ့ သီးနှံ ပွဲစားတွေအိမ်မှာ နေတယ်။ ဘုန်းကြီးကျောင်း ရောက်လာတာက လေးရာကျော်ရှိတယ်။ မနက်ဖြန်ကို ပြန်ပို့ဖို့ စီစဉ်ထားတယ်။ အခုဟာက မြို့ပေါ်နားကတော့ သတင်းကတော့ အားလုံး အေးဆေး ငြိမ်းချမ်းနေတယ်။ ဒါပေမယ့် ဒီ မြေမြှုပ်မိုင်းနဲ့ ပတ်သက်တာ ကျတော့ ကျနော်တို့လညး် အာမ မခံရဲဘူး။ မိုင်းတခုပဲ ကြောက်ရတယ်။ တဘက်နဲ့ တဘက် ပစ်ခတ်မှု မရှိတော့ဘူး။ အစိုးရတပ်တော့ ရှိနေတယ်” ဟု တန့်ယန်းမြို့နယ် တအာင်း (ပလောင်) စာပေနှင့် ယဉ်ကျေးမှု အသင်းမှ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောသည်။
စစ်ဘေးရှောင် ဒုက္ခသည်များကို ပြန်ပို့ရန် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ကားများ စီစဉ်ထားပြီး ရ ရက်စာ ဆန်နှင့် ရိက္ခာကိုလည်း ပို့ပေးမည်ဖြစ်ကာ ရ ရက်အတွင်း အခြေအနေ ပြန်လည် ဆိုးဝါးလာပါက တန့်ယန်းမြို့ပေါ်သို့ ချက်ချင်း ပြန်လာနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။
“မနေ့က မြန်မာ့ တပ်မတော်ကနေပြီးတော့ အခြေအနေတွေ အေးဆေးသွားပါပြီ၊ ဒုက္ခသည်တွေ အိမ်ပြန်လို့ ရပါပြီ ဆိုတဲ့ သဘောမျိုး လာပြောသွားတာ ရှိတယ်။ ဒုက္ခသည်တွေကလည်း ပြန်ချင်နေကြတော့ ကျနော်တို့က အလှူခံ ရထားတဲ့ ဆန်ရိက္ခာ ရ ရက်စာကို စီစဉ်ပြီး ထည့်ပေးမယ်။ အခြေအနေ မကောင်းရင်လည်း တန့်ယန်းကို ပြန်လာဖို့ ရွာလူကြီးတွေနဲ့ တိုင်ပင်ထားတာရှိတယ်” ဟု တန့်ယန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းထွန်းဝင်းက ဧရာဝတီကို ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေဆဲ အချိန်တွင် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွား နေခြင်းကို လွှတ်တော်တွင် တင်ပြဆွေးနွေးရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။
ရှမ်းပြည် တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေစဉ် ဧပြီလ ၃ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် လားရှိုးမြို့တွင် တွေ့ဆုံခဲ့ပြီး မတ်လ ၂၈ ရက် တွေ့ဆုံပွဲတွင် လွယ်လန်း၊ လွယ်စေးဒေသမှ တပ်များ ဆုတ်ခွာခိုင်းသည့် ကိစ္စကို ရှမ်းပြည်တပ်မတော်မှ ထပ်မံ ငြင်းဆိုခဲ့ကြောင်း သတင်းများက ဆိုသည်။
ရှမ်းပြည် တပ်မတော်သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက် ရရှိထားသော်လည်း နယ်မြေသတ်မှတ်မှု မပြုလုပ်နိုင်သေးသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
http://burma.irrawaddy.org/archives/37444