မြန်မာအစိုးရနဲ့ နှစ်ပေါင်း ၆၀ ကျော် သဘောကွဲလွဲနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကရင့် အမျိုးသား အစည်း အရုံး ကေအန်ယူနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီကနေ့ ကရင်ပြည်နယ် ဖားအံမြို့က ဇွဲကပင် ဟိုတယ်မှာ ငြိမ်းချမ်းရေးအတွက် နှစ်ဘက်တပ်တွေ လိုက်နာ ရမယ့် အချက်အလက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဘက် တပ်မှူးတပ်သားတွေ လိုက်နာရမယ့် စည်းကမ်း စုစုပေါင်း စာမျက်နှာ ၆၀ ကျော်ကို ဥပဒေပညာရှင်တွေနဲ့ပါ ညှိနှိုင်းကြတာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်တဲ့ ဦးညိုအုန်းမြင့်က ပြောပါတယ်။
“တပ်မှူးတပ်သားတွေ လိုက်နာရမယ့် စည်းကမ်းတွေမှာ ဘာမှ အခက်အခဲ ဖြစ်တာမျိုး မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေတွေက များလွန်းလို့ ခင်ဗျ။ နောက်တခါ ဒီ ကေအန်ယူဘက်ကတော့ လူ့အခွင့်အရေး ဆိုင်ရာရှုထောင့်နဲ့ နောက်တခါ ကရင်ပြည်သူတွေရဲ့ လုံခြံုရေးအတွက်ကို ၁၀၀ % ရအောင်ဆိုတဲ့ အနေအထားဘက်က ချဉ်းကပ်တာကိုလည်း ကျနော်တို့ တွေ့ရပါတယ်။ ဒီအပေါ် မှာလည်း အစိုးရဘက်က တစုံတရာ ငြင်းဆိုတာ မရှိပါဘူး။ တပ်ခွဲခြားရေး- တချို့တပ်တွေရဲ့ နေရာ အနေအထား ပေါ်မှာပေါ့နော်- တယောက်နဲ့တယောက် သံသယရှိမှုအပေါ်မှာ အခြေခံပြီးတော့ ခုနကပြောတဲ့ တပ်ပြောင်း သွားတဲ့ကိစ္စကို မသိလိုက်တဲ့ကိစ္စမျိုး၊ နောက်တခါ တချို့တွေမှာ မှားယွင်း မှုတွေ ကြံုတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်း နေကြတယ်။ တယောက်နဲ့ တယောက် အပြန်အလှန် ဆွေးနွေးနေတာတွေ ရှိပါတယ်။”
ကေအန်ယူဘက်ကတော့ လူ့အခွင့်အရေး၊ ကရင်ပြည်သူတွေရဲ့ လုံခြံုရေးနဲ့ တပ်နေရာချထားရေး ကိစ္စတွေကို အဓိက ထား ဆွေးနွေးခဲ့ကြပြီး အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေကလည်း သဘောတူနိုင်တယ်၊ မတူနိုင်ဘူးဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးရတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ဦးညိုအုန်းမြင့်က ဆိုပါတယ်။
“တကယ် အပစ်အခတ် ရပ်စဲတယ်ဆိုတာ ဥပမာ ပြောရရင် စာရွက်ပေါ်မှာ ရေးပေမယ့်လည်း တကယ် လိုက်နာရမယ့် စည်းကမ်းတွေ၊ နောက်တခါ ဒါကို စောင့်ကြည့်မှုတွေ၊ ဒီယန္တရားကို ဘယ်လို ဖြည့် ဆည်းမလဲဆိုတဲ့ဟာက ထူးခြားတယ်လို့ ပြောလို့ ရပါတယ်။ ကေအန်ယူဘက်က တချို့ကိစ္စတွေမှာ စိုးရိမ်မှု ရှိတယ်ဆိုတာ တွေ့ရတယ်။ သူတို့ရဲ့ စိုးရိမ်ချက်က ဥပမာ ဒီ Code of Conduct မရှိဘဲနဲ့ အပစ်အခတ်ရပ်စဲလိုက်တယ်ဆိုတာက ရှင်းရှင်းပြောရရင် အထဲမှာ လိုအပ်တဲ့ အချက် အလက်တွေ၊ နောက်တခါ ပြည်သူတွေ၊ နောက်တခါ ထပ်ပြီးတော့ တယောက်နဲ့တယောက် စစ်ပွဲတွေ မဖြစ်အောင် ဆိုတဲ့အပေါ်မှာ ဒါတွေကို ပိုပြီးသေချာချင်တယ်ဆိုတဲ့ အချက်က အကောင်းဘက်က စိုးရိမ်တယ်လို့ ကျနော် ထင်ပါတယ် ဗျ။”
မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှာတော့ သမ္မတရုံး ၀န်ကြီးတွေဖြစ်တဲ့ ၀န်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း တို့ အပါအဝင် လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဦးခင်ရီ၊ သစ်တောဝန်ကြီး ဦးဝင်းထွန်းတို့ ဦးဆောင်ဆွေးနွေးနေကြပါတယ်။ ကရင့်အမျိုးသား အစည်းအရုံးဘက်ကတော့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့ ဖဒိုအားတိုတို့ ဦးဆောင် ဆွေးနွေးနေကြပါတယ်။ အပစ်အခတ် ရပ်စဲရေးအတွက် တိတိကျကျ သတ်မှတ်နိုင်ဖို့ နှစ်ဘက် လိုက်နာရမယ့် အချက် အလက်တွေကို ဆွေးနွေးနေကြတာဖြစ်လို့ ငြိမ်းချမ်းရေးအတွက် ရှေ့တိုးခြေလှမ်းတခု ဖြစ်လာမယ် လို့လည်း ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ဆိုပါတယ်။
“ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတာကတော့ အဆင့်တွေ အများကြီး သွားရဦးမှာပေါ့နော်။ ဒီအဆင့် မှာတော့ နှစ်ဘက်လုံး လနဲ့ချီ ၂ လလောက် ပြင်ဆင်ထားတာ ဖြစ်လို့ တော်တော် များများကတော့ နီးနီးစပ်စပ် သဘောတူလို့ ရမှာပါ။ နောက် နှစ်ဘက်လုံး အတွက် အကျိုးလည်း ရှိမှာပါ။”
ကေအန်ယူနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ကြား အခု ဆွေးနွေးပွဲဟာ တတိယ အကြိမ်မြောက် ဖြစ်ပြီး အရင်နှစ်ကြိမ် ဆွေးနွေးမှုတွေအပြီးမှာတော့ နှစ်ဘက် ဆက်ဆံရေး ရုံးတွေ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ တတိယအကြိမ် ဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့က ဆွေးနွေး ဖို့ ရှိနေတာကို မြန်မာအစိုးရဘက်က အဆင်သင့် မဖြစ်တာကြောင့် ရွှေ့ဆိုင်းခဲ့ပြီး ဒီကနေ့မှ ကျင်းပနိုင် တာလည်း ဖြစ်ပါတယ်။ နှစ်ရက်ကြာမြင့်မယ့် အခုတခေါက် ဆွေးနွေးမှုကတော့ အပစ်အခတ် ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေးအတွက် နှစ်ဘက်လုံးက လိုက်နာရမယ့် အချက်အလက်တွေနဲ့ တပ်နယ်မြေ သတ်မှတ်ရေး ကိစ္စတွေကို ဆွေးနွေးနေကြတာပါ။ ရလဒ်ကောင်းတွေ ထွက်လာဖို့လည်း နှစ်ဘက်လုံး က မျှော်လင့်နေကြတာ ဖြစ်ပါတယ်ရှင်။