တိုင်းရင်းသား လူမျိုးရေးနှင့် ပတ်သက်ပြီး ၀န်ကြီး ဦးအောင်မင်း ပြောကြား ခဲ့သော မူ (၃) ရပ်သည်၊ စစ်အစိုးရ၏ နယ်ခြားစောင့် တပ် (Border Guard Force) မူ၏ အသွင်သစ်သာ ဖြစ်သည့် အတွက် လက်မခံနိုင်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) ဒုဥက္ကဌ ဖြစ်သူ အေဘွယ်တွိ ကပြောပါသည်။
“BGF မူကို လက်မခံလို့ အရင်တုန်းကတည်းက အပစ်အခတ် ရပ်စဲရေး ရထားတဲ့ အဖွဲ့ အတော်များများက လမ်းခွဲကုန်ကြ တယ်လေ။ အဲဒီမူကတော့ လူငယ်တွေကို စစ်မှုထမ်းခိုင်းမယ်၊ လူလတ်တွေကို စီးပွားရှာခိုင်းမယ်။ လူကြီးတွေကိုတော့ ပါတီ ဖွဲ့ခိုင်းပြီး ရွေးကောက်ပွဲ ၀င်ခိုင်းတာဘဲလေ။ အဲဒါ မူသစ်မဟုတ်ဘူး၊ ဒါပေမဲ့ ဦးအောင်မင်းက အသစ်ပြန်ပြောနေတယ် ဆိုတော့ ဒါကိုကြည့်ရင် ဒီအစိုးရဟာ ပြုပြင်ရေး အစိုးရတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သမ္မတသစ်က သူတကယ် ပြုပြင်မယ်လို့ ပြောနေတော့ ကျနော် တို့စောင့်ကြည့်နေတာပါ” ဟု ဆိုပါသည်။
ဦးအောင်မင်းသည်၊ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက်နေ့က (၁၉၉၀) ခုနှစ်၌ အနိုင်ရခဲ့သော တိုင်းရင်းသား(၁၄)ပါတီနှင့် ရန် ကုန်မြို့တွင် ကျင်းပသော မြန်မာအီးဂရက် သင်တန်းကျောင်း၌ တွေ့ဆုံစဉ် ဤမူကို ပြောကြားခဲ့ပါသည်။
ယခင် စစ်အစိုးရသည် လက်နက်ကိုင် တိုင်းရင်းသားများနှင့် အပစ်အခတ် ရပ်စဲရေးကိုသာ လုပ်ဆောင်သွားကြပြီး၊နိုင်ငံရေး ကိစ္စကိုမူ အသစ်တက်လာသည့် အစိုးရနှင့်သာ နိုင်ငံရေး ဆွေးနွေးရန် အမြဲတမ်း တိုက်တွန်း ထားပါသည်။ သို့သော်လည်း တိုင်းရင်းသားအပေါ်၌ လက်ရှိ ကျင့်သုံးနေသော အစိုးရသစ်၏ မူသည် စစ်အစိုးရ၏ မူဟောင်းသာဖြစ်ကြောင်း၊ UNFC က ရှုမြင်နေခြင်းဖြစ်ပါသည်။
အစိုးရသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို ကိုင်တွယ်ရန် မူ (၈) ချက်ကို ချမှတ်ပြီး ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုအဖွဲ့နှင့် လုပ်ငန်း ကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။ ၀န်ကြီး ဦးအောင်မင်းသည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်တီ ဒုဥက္ကဌ ဖြစ်သည်နှင့်အညီ ၄င်းတို့ချမှတ်သော မူများကို ပြောဆိုဆွေး နွေး ရပေလိမ့်မည်။ ဤသို့ကြောင့် ရန် ကုန်မြို့တွင် ကျင်းပသော မြန်မာအီးဂရက် သင်တန်းကျောင်း၌ တိုင်းသားအရေးကို ထုတ်ဖေါ်ပြောကြားလိုက်ခြင်းဖြစ်ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/1959---bgf--.html