ခေါ်ယူကျင်းပသွားမည်ဟု ညီလာခံ ကျင်းပရေး အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ က မဇ္စျိမကို ပြောသည်။
“အစိုးရက ခေါ်ဆိုမယ့် ပင်လုံကဲ့သို့သော ကျယ်ပြန့်တဲ့ ညီလာခံနဲ့တော့ မဆိုင်ပါဘူး။ ဒီညီလာခံကလည်း ကျနော်တို့
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ် အပိုင်းမှာ တိုင်းရင်းသားတွေအနေနဲ့ အမြင်သဘောထား ဘယ်လို ရှိကြလဲ၊ အမြင်တွေ တခုတည်း ဖြစ်အောင် စုစည်းနိုင်ဖို့ပါ။ အမြင်ကောင်းတွေ ရအောင်၊ ကျနော်တို့ တိုင်းရင်းသားတွေ ရပ်တည်ရမယ့်၊ ပေါ်လစီ မူဝါဒတွေ ချမှတ်နိုင်ဖို့ပါ” ဟု နိုင်ဟံသာ က ပြောသည်။
အဆိုပါ ညီလာခံအား UNFC အဖွဲ့ဝင်များ အပါအဝင် အဖွဲ့ဝင် မဟုတ်သော အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ လူမှု အဖွဲ့အစည်းများနှင့် ပြည်ပရောက် တိုင်းရင်းသား အဖွဲ့အစည်းများကို ညီလာခံသို့ ဖိတ်ကြားမည်ဟု ဆိုသည်။
UNFC အဖွဲ့ဝင် မဟုတ်သော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP၊ ရှမ်းပြည်တပ်မတော် RCSS (SSA), ၀သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ မိုင်းလား အဖွဲ့များနှင့် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုNDF၊ တိုင်းရင်းသားလူမျိုးများကောင်စီ ENC တို့ကိုလည်း ဖိတ်ကြား ထားသည်ဟု သိရသည်။
ကျင်းပရေး ကော်မီတီ၌ အဖွဲ့ခေါင်းဆောင်အဖြစ် နိုင်ဟံသာမှ ဦးခေါင်၍၊ ဒု-အဖွဲ့ ခေါင်းဆောင်အဖြစ် ကချင်အမျိုးသမီးအဖွဲ့မှ တဦးနှင့် အဖွဲ့ဝင်များအဖြစ် စီဖိုးရာစိန်၊ ဒေါက်တာ ရွှေခါးတို့အပါအဝင် ၁၁ ဦး ရှိကြောင်း သိရသည်။
တိုင်းရင်းသား ညီလာခံအား ပထမ အနေနှင့် ထိုင်းနိုင်ငံ၌ တကြိမ်နှင့် ပြည်တွင်း၌ တကြိမ်၊ စုစုပေါင်းနှစ်ကြိမ် ကျင်းပရန် စီစဉ်ထားသည်ဟု သိရသည်။ ကျင်းပမည့် နေရာကိုမူ အတိအကျ မသတ်မှတ်ရသေးပေ။
၂၀၁၂ ခုနှစ် အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒု-ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၃ ဖွဲ့အား တရားဝင်ရော၊ အလွတ် သဘောပါ တွေ့ဆုံ ခဲ့ကြပြီး ဖြစ်သည်။ သို့သော် ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့နှင့် ကယန်းပြည်သစ်ပါတီကဲ့သို့ အဖွဲ့အချို့ကိုမူ တွေ့ဆုံခြင်း မရှိသေးပေ။
မြန်မာအစိုးရကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ တိုင်းရင်းသား ကဏ္ဍ၏ အရေးပါမှုကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ခေါင်းဆောင် ဦးအောင်မင်းတို့ ကိုယ်တိုင်မှ အသိအမှတ်ပြု
ပြောဆိုထားပြီး ဖြစ်ကြောင်း နိုင်ဟံသာ က ပြောပါသည်။
“အစိုးရ အနေနဲ့ကလည်း ပင်လုံကဲ့သို့ ကျယ်ပြန့်သော ညီလာခံကို လုပ်မယ်ဆိုပြီး ပြောထားပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့ကတော့ အစိုးရက သူတို့ အစီအစဉ်နဲ့ သူတို့စိတ်ကြိုက် လုပ်မယ်ဆိုတာကို ကျနော်တို့ တိုင်းရင်းသားတွေ ဘက်က သိပ်သဘာဝ မကျလှဘူး၊ မမျှတဘူးလို့ ပြောချင်တယ်။ ဒါကြောင့် ကျနော်တို့ တိုင်းရင်းသားတွေ ဘက်ကလည်း ဘာမူကို စွဲကိုင်ရမယ်ဆိုတာ ဒီညီလာခံမှာ အဖြေတခုခု ရနိုင်ကောင်းပါတယ်” ဟု ညီလာခံ ကျင်းပရေး အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ က မဇ္စျိမကို ပြောဆိုသွားသည်။
http://www.mizzimaburmese.com/news/inside-burma/9850-2012-08-11-17-35-17.html