“ဒီနေ့က ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဂုဏ်ပြုတဲ့ အာဇာနည်နေ့လေနော်။ ကျနော်တို့ စစ်ပွဲပြန်ဖြစ်တာလည်း မနှစ်ကဖြစ်ပြီလေနော်။ ကျဆုံးသွားတဲ့ သူငယ်ချင်းတွေလည်း အရမ်းများပြီ သူတို့ကို သတိရလာတယ်။ စိတ်မပျော်ဘူး” ဟု လိုင်ဇာမှ KIA အရာရှိ မုန်အောင်လ ကပြောသည်။
ယခင်ငြိမ်းချမ်းရေး စာချုပ်မချုပ်ခင် အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တိုက်ပွဲကြောင့် ကျဆုံးသွားခဲ့သော ခေါင်းဆောင်များနှင့် ရဲဘော်များကို သတိရစေသည့်အပြင် ယခု ၁၇ နှစ်ကြာ အပစ်ခတ်ရပ်စဲသဘောတူညီမှု ပျက်ပြားသွားသည့်နောက်တွင် တိုက်ပွဲတွင်းကျဆုံးသွားခဲ့သည့် ရဲဘော်များကို သတိတရဖြစ်စေခဲ့ကြောင်း ပြောသည်။
အခမ်းအနားကို KIO စစ်ဌာနချုပ် အလဲန့်ဘွမ် (Alen Bum) တောင်တွင် KIO ခေါင်းဆောင်များနှင့် ရဲဘော်စစ်သားများသာပြုလုပ်ခဲ့ရာ လူ ၁၂၀၀ ကျော်တက်ရောက်ခဲ့ပြီး ၎င်းတွင် KIO ဥက္ကဌ ဦးဇောင်းဟရားမှ ခေါင်းဆောင်များ၏ လုပ်ဆောင်ချက် သမိုင်းကို ပြောကြားပြီး ဆက်လက်၍ အတူစည်းလုံးပူးပေါင်း ကြိုးစားကြရန် တိုက်တွန်း မိန့်ခွန်းပြောဆိုခဲ့ကြောင်း ပါဝင်တက်ရောက်သူ အရာရှိတစ်ဦးကပြောသည်။
ကချင်ဘာသာဖြင့် “Share Shagan Nhtoi” ဟုခေါ်ဆိုသော အာဇာနည်နေ့ အခမ်းအနားကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ KIO စစ်ဌာနချုပ် အလဲန့်ဘွမ် (Alen Bum) တောင်၊ ပြည်သူ့ကျန်းမာရေးဆေးရုံ၊ လိုင်ဇာမြို့ ရောတ်နင်ခေါင်ဟောခန်း (Rawt Ninghkawng Gawk Nu)၊ ဂျေယန့် (Je Yang) စစ်ပြေးဒုက္ခသည်စခန်း စသည့် ဌာနဆိုင်ရာ နေရာ (၄) ခုတွင် အသီးသီးကျင်းပပြီး အာဇာနည် ခေါင်းဆောင်များကို ဂုဏ်ပြု အလေးပြုခဲ့ကြသည်။
ထို့ပြင် ကချင်အာဇာနည်နေ့ကို ပြည်ပရောက် ကချင်လူမျိုး များမှ နိုင်ငံတိုင်းတွင် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ကျင်းပကြသည်။
၁၉၇၅ ခုနှစ်တွင် G.O.C. ဇော်ဆိုင်းနှင့် ထိပ်ပိုင်းအရာရှိများ ထိုင်းနယ်စပ်တွင် လုပ်ကြံခံရသည့် အနှစ် ၃၀ ကြာမှ KIO က G.O.C ဇော်ဆိုင်း လုပ်ကြံခံခဲ့ရသည့် သြဂုတ် ၁၀ ရက်ကို KIO အဖွဲ့၏ “Share Shagan Nhtoi” “အာဇာနည်နေ့” ဟု တရားဝင် သတ်မှတ်ခဲ့သည်။
ထို့နောက် ၂ဝဝ၅ ခုနှစ်မှစပြီး အာဇာနည်နေ့ အခမ်းအနားများကို နှစ်စဉ် KIO ထိန်းချုပ်ဒေသများတွင်ကျင်းပပြီး ကျဆုံးသွားသော KIO/KIA ခေါင်းဆောင်များ၊ စစ်သားများနှင့် အဖွဲ့ဝင်များ အားလုံးကို အလေးပြုဂါဝရ ပြုကြသည်။
http://kachinnews.com/burmese/news/909-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9-%E1%80%A1%E1%80%AC%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9%E1%80%B1%E1%80%94%E1%82%94%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%80%E1%80%BA%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC-%E1%80%9B%E1%80%B2%E1%80%B1%E1%80%98%E1%80%AC%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%A1%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%9B%E1%80%B1%E1%80%85.html