Sunday, August 26, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်နဲ့ အစိုးရအကြား အပစ်ရပ်ရေး ပြည်နယ်အဆင့် သဘောတူချက် လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ကိုယ်စားလှယ် အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူချက် ၅ချက်ကို ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ စနေနေ့မနက်က တောင်ကြီးမြို့မှာ လက်မှတ် ရေးထိုးခဲ့သလို ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲအတွက်လည်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ အကြိုညှိနှိုင်း သဘောတူခဲ့ကြပါတယ်။
ပြည်နယ်အဆင့်မှာ သဘောတူခဲ့တဲ့ အပစ်ရပ်ရေးကိစ္စတွေကို ခိုင်မာသထက် ခိုင်မာအောင် ဆက်ဆွေးနွေးသွားရေးနဲ့အတူ တပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့် Code of Conduct စည်းမျဉ်းကျင့်ဝတ်တွေ သတ်မှတ်နိုင်ရေး၊ ဆက်ဆံရေးရုံးတွေ လုပ်ငန်း လည်ပတ်နိုင်ဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့က အကူအညီပေးရေး၊ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး၊ ဒေသတွင်းက လူထုတွေရဲ့ ဘဝ လုံခြုံမှု ဆောင်ရွက်ရေး ကိစ္စတွေ နဲ့ပတ်သက်လို့ ဆက်လက်ဆွေးနွေးကြဖို့ သဘောတူခဲ့ကြတယ်လို့ PNLO အတွင်းရေးမှူး ခွန်မြင့်ထွန်းက ဘီဘီစီကိုပြောပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ ရှိတဲ့ PNLA တပ်နေရာတွေနဲ့ ပတ်သက်လို့တော့ စာနဲ့ တရားဝင် သဘောတူချက် ရတာမျိုး မရှိသေးပေမယ့် နှစ်ဘက်အကြား လူကြီးလူကောင်း သဘောတူချက်တော့ လုပ်ခဲ့ကြကြောင်း၊ တရားဝင် သဘောတူချက် ရဖို့ ဆက်ဆွေးနွေးသွားကြမှာ ဖြစ်ကြောင်း ခွန်မြင့်ထွန်းက ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ ရှမ်းပြည်နယ် ဝန်ကြီးကိုယ်တိုင်ရော၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ ပါ တက်ရောက် လက်မှတ် ရေးထိုး ခဲ့ကြတဲ့အတွက် အပစ်ရပ်ရေး သဘောတူချက် ခိုင်မာမှု ရှိတယ်လို့ ယူဆရမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။
ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်ဖို့ကလွဲရင် ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိမှာ မဟုတ်ကြောင်းနဲ့ သဘောထား လွဲမှားမှုတွေ ဖြစ်မလာစေဖို့ နှစ်ဘက်စလုံးမှာ တာဝန်ရှိကြောင်း PNLO ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ခွန်မြင့်ထွန်းက ပြောပါတယ်။
http://www.bbc.co.uk/burmese/burma/2012/08/120825_pnlo_ceasedfire_agreement.shtml
Posted in: PNLO,တွေ့ဆုံဆွေးနွေးမှု,ပအိုဝ်း,သတင်း,အခြား
Email This
BlogThis!
Share to Facebook