“ ကျနော်တို့ တောင်ကြီးမှာ ဒီလမကုန်မီ ဖွင့်နိုင်အောင်ကြိုးစားနေပါတယ်။ စုစုပေါင်းတော့ ၃-၄ နေရာ လျာထား ပါတယ်။ အခုတောင်ကြီးမှာ အရင်ဆုံးဖွင့်မှာပါ။ ကျန်တဲ့နေရာတွေမှာတော့ ထပ်ပြီးဆွေးနွေးပြီးမှဘဲဆက်ဖွင့် သွားမှာပါ” ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ် ၊ ငြိမ်းချမ်းရေး ကိုယ်စား လှယ် ဒုတိယ ခေါင်းဆောင်လည်း ဖြစ်သော စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးခွန်သူရိန်က သျှမ်းသံတော်ဆင့်အားပြော ပြသည်။
ဆက်ဆံရေးရုံးများကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊မောက်မယ်မြို့၊ ဆီဆိုင်မြို့အပြင် မွန်ပြည်နယ် သထုံမြို့တွင် လည်း ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် နှင့် PNLO ၏ အတွင်းရေးမှူး ခွန်မြင့်ထွန်းကပြောပါသည်။
“ကျနော်တို့ ဌာနချုပ်ကိုလည်း သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်မောက်မယ်မြို့နယ် ကဒူးကြီးမှာ စိုက်ဖို့ မျှော်မှန်းထား ပါတယ်။ ဒီအကြောင်းတွေကို လာမယ့်အောက်တိုဘာလမှာ လုပ်ဖို့ သဘောတူထားတဲ့ ပြည်ထောင်စုအဆင့် ထပ်မံဆွေးနွေးပွဲမှာမှ ဒီအကြောင်းတွေထပ်ပြီးဆွေးနွေးပါမယ်” ဟု ဗိုလ်မှူးကြီးခွန်သူရိန်ကပြောပါသည်။
နှစ်ဦးနှစ်ဘက်ယုံကြည်စိတ်ချမှုရှိဖို့ အချိန်ယူရမှာဖြစ်ကြောင်း၊ ထို့အတွက် ဒုတိယအကြိမ်ပြုလုပ်မည့် ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲ၌ ပွင့်ပွင့် လင်းလင်းဆွေးနွေးဖို့ လိုအပ်ကြောင်း လည်း ပြောပါသည်။
ယမန်နေ့ ဩဂတ်စ် ၂၇ ကမူ PNLO ငြိမ်းချမ်းရေးကိုယ်စားလှယ်များက ၁၉၆၀ ဝန်းကျင်က ပအိုဝ်း (တက္ကသိုလ်) ကျောင်း သားဟောင်းကြီးများအဖွဲ့နှင့်တွေ့ဆုံပြီး ၎င်းတို့ဦးစီးဖွင့်လှစ်ထားသည့်တောင်ကြီးမြို့ မင်းကွန်းပရိယတ္တိ စာသင် တိုက်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံသို့သွားရောက်လေ့လာလည်ပတ်ခဲ့ကြကြောင်း ဗိုလ်မှူးကြီးခွန်သူရိန်က ပြောပြသည်။
ယခုလ ၂၅ ရက်က တောင်ကြီးမြို့ တောင်ကြီးဟိုတယ်တွင် ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲသို့ PNLO ကိုယ်စား လှယ် အဖွဲ့ခေါင်းဆောင် ခွန်မြင့်ထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ပြီး အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အမှတ်(၂)လျှပ်စစ် ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးခင်မောင်စိုးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ ပြည်နယ် အစိုးရဘက် မှ သျှမ်းပြည်နယ် လုံခြုံ ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ် ဥပဒေချုပ် ဦးမောင် မောင် ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အဆိုပါတွေ့ဆုံပွဲ၌ အပစ်ရပ်စဲရေးနှင့် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲအတွက် သဘောတူညီချက် လက်မှတ် ရေးထိုး နိုင်ခဲ့သည့်အပြင် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ ပါ ပြုလုပ်နိုင်ခဲ့ ကြောင်း ဗိုလ်မှူးကြီးခွန်သူရိန်က ပြောသည်။
PNLO သည် အစိုရနှင့် အပစ်ရပ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ၁၃ ဖွဲ့မြောက် လက်မှတ်ရေးထိုးသည့်အဖွဲ့ဖြစ်ပြီး တောင်ကြီးမြို့တွင် တတိယမြောက် ဆက်ဆံရေးရုံးဖွင့်လှစ်ခဲ့သည့် အဖွဲ့ဖြစ်ပါသည်။
ယခုတကြိမ် ပြည်နယ်အဆင့် ဆွေးနွေးပွဲမှ သဘောတူညီချက် ၅ ချက်မှာ -
၁- ၂၀၁၂ ဩဂတ်စ်လ ၂၅ မှစ၍ အပစ်အခတ်ရပ်စဲရေး
၂-နှစ်ဘက်သဘောတူညီမှုရထားသည့် သတ်မှတ်နယ်မြေများတွင် နေထိုင်ရေး
၃-သတ်မှတ်နေရာမှအပ တခြားဒေသသို့ လက်နက်ဖြင့်သွားရောက်ခြင်းမပြုရေး
၄-ဆက်ဆံရေးရုံးများကို တောင်ကြီး၊ ဆီဆိုင်၊မောက်မယ်မြို့များ၌ ထားရှိရေး
၅-ပြည်ထောင်စုအဆင့်ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့များဖွဲ့စည်းရေး စသည်တို့ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။
ညနေပိုင်း ပြည်ထောင်စုအဆင့်ဆွေးနွေးရာ၌ ဆွေးနွေးသဘောတူခဲ့သော အချက် ၈ ချက်မှာ-
၁- ပစ်ခတ်တိုက်ခိုက်မှု ခိုင်မာသည်ထက်ခိုင်မာအောင်ဆွေးနွေးရန်
၂- Code of Conduct သတ်မှတ်နိုင်အောင် ညှိနှိုင်းဆောင်ရွက်ရေး
၃-ဆက်ဆံရေးရုံးမှားလုပ်ငန်းလည်ပတ်နိုင်အောင်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ကူညီရန်
၄-PNLO/PNLA တပ်ဖွဲ့ဝင်များ၏ တပ်တည်နေရာများကိုဆက်လက် ညှိနှိုင်းရန်
၅-မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ရေးကိစ္စညှိနှိုင်းဆောင်ရွက်ရန်
၆-သတင်းမီဒီယာများကိစ္စညှိနှိုင်းဆောင်ရွက်ရန်
၇-တပ်ဖွဲ့ဝင်များ၏စားဝတ်နေရေးကိစ္စ ဆွေးနွေးညှိနှိုင်းရန်
၈-ပြည်သူလူထုလုံခြုံရေးနှင့် အခြေခံစိုက်ပျိုးရေးကိစ္စဆွေးနွေးညှိနှိုင်းရန်တို့ဖြစ်သည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3436--pnlo-.html