ထိုင်းမြန်မာ နယ်စပ်တလျောက်သို့ ရောက်ရှိလာသည့် စစ်ပြေးဒုက္ခသည်များ၏ စိုက်ပျိုးရေး လုပ်ငန်းအတွင်း ကူညီ ဆောင်ရွက်ပေးနေသော SSA တပ်မဟာ (၇၂၇) မှ တပ်ဖွဲ့ဝင်များ ယခုလ (၃၀) ရက်နေ့ က ဖမ်းဆီးခံခဲ့ရသည်ဟု နားကောင်းမှူး ဒေသခံ တဦးက အခုလို ပြောသည်။
“နေ့တိုင်းလိုပါပဲ ညနေပိုင်း အလုပ်သိမ်းချိန်ဆိုရင် သူတို့ ရွာထဲကို ၀င်လာလည်နေကျပဲလေ။ အဲဒီနေ့ကတော့ “၀” တပ်တွေက သူတို့ (၇) ယောက်ကို ဖမ်းသွားတယ်။ လက်နက် တွေတော့ မပါပါဘူး။ ခါတိုင်းလည်း ရွာထဲလာရင် ဘာလက်နက်မှ ယူမလာ ကြဘူးလေ။”
SSA တပ်ဖွဲ့မှ အမည်မဖော်လိုသည့် တပ်မှူးတဦးက မိုင်းတုန်မြို့နယ် နားကောင်းမှူး ကျေးရွာအုပ်စုအတွင်းရှိ ပုံတောင်း ကျေးရွာအနီး လုံခြုံရေးအရ ရှေ့ထွက်စခန်း တည်ဆောက်နေသည့် တပ်ဖွဲ့မှ ဖမ်းဆီး ခံရခြင်းဖြစ်ပြီး လောလောဆယ် UWSA ၏ ဟွေအော့ တပ်စခန်းတွင် ထိန်းသိမ်း ခံထားရသည်ဟု အခုလို ပြောသည်။
“သူတို့ (UWSA) ဖက်က လှမ်းအကြောင်းကြားလာတယ်။ ဒီနေ့တော့ ဟွေ့အော့မှာ တွေ့ရအောင်လို့ ပြောတယ်။ အခု ကျနော်တို့ဆီက အရာရှိတယောက် သွားဆွေးနွေး နေတယ်။ အခြေအနေ ကောင်းသွားမှာပါ။”
UWSA တပ်ဖွဲ့၏ စခန်းဟောင်းနေရာတွင် SSA တပ်ဖွဲ့မှ ရှေ့ထွက်စခန်း တည်ဆောက် လိုက်သည့်အပေါ် မကျေနပ်သဖြင့် ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်းနှင့် အခင်း ဖြစ်ပွားသည့် နေ့က ထောင်နှင့်ချီသည့် WUSA တပ်ဖွဲ့များ လာရောက် ၀ုိင်းရံထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“မိုင်းဆတ်၊ ဟိုပန်၊ မိုင်းကျောက် ဖက်ကနေတက်လာတာ။ မိုင်းကျောက်ဖက်က တင်ပဲ ကားအစီး (၃၀) ကျော်မယ်။ တောင်ခြေမှာ ပြည့်နက်နေတာပဲ။ အင်အား တစ်ထောင် လောက်တော့ ရှိနိုင်တယ် လာဝိုင်းထားတာ။ သူတို့လည်းဆုတ် ငါတို့လည်း ဆုတ်ပေ့ါ။ နှစ်ဖက်စလုံး ဆုတ်မယ်ပြောပြီး ပြန်ဆုတ်ခဲ့ကြတာ။”
အလားတူ SSA တပ်ဖွဲ့၏ ကျိုင်းတုံ စစ်ဒေသ၊ လွယ်ကော်ဝမ်း ဌာနချုပ်သို့ ထောင်နှင့်ချီ သည့် UWSA တပ်ဖွဲ့ဝင်များ လာရောက်ဝိုင်းရံမှု လွန်ခဲ့သည့် ဇွန်လ (၁၆) ရက်မှ (၂၀) ရက်အတွင်း တကြိမ် ဖြစ်ပွားခဲ့သေးသည်။
ထိုစဉ်က နယ်မြေ ဖြတ်သန်းသွားလာရာတွင် တဖက်နှင့်တဖက် ကြိုတင် အကြောင်း ကြားရန်၊ သက်ဆိုင်ရာ ထိန်းချုပ် နယ်မြေအတွင်း နှစ်ဖက်တပ်များ ကျူးကျော် ၀င်ရောက်ခြင်း မပြုရန်နှင့် မည်သည့်တပ်ဖွဲ့မှ တပ်စခန်းတိုးချဲ့ဆောက်လုပ်ခြင်း မပြုရန် နှစ်ဖက် တပ်မှူးများ သဘောတူ ခဲ့ကြောင်း ကျိုင်းတုံ စစ်ဒေသမှ အရာရှိတဦးက ပြောသည်။
UWSA တပ်ဖွဲ့သည် စစ်အစိုးရလက်ထက်က ရယူထားသည့် အပစ်အခတ်ရပ်စဲရေးအား ဆက်လက် ထိန်းသိမ်းရန် ၂၀၁၁ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့က အစိုးရနှင့် သဘောတူလက်မှတ် ရေးထိုးခဲ့သလို RCSS/ SSA တပ်ဖွဲ့ကလည်း ယမန်နှစ် ဒီဇင်ဘာလက ပဏာမအဆင့် အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့သည်။
http://www.nmg-news.com/bur/index.php?option=com_content&view=article&id=462&catid=5&Itemid=12