ချင်းပြည်နယ် တောင်ပိုင်းကနေ ပြည်မကိုသွားရင် အဓိကဖြတ်သန်းရတဲ့ တံတားတွေ တောင်ကျရေနဲ့ မျောပါသွားပြီး အခုချိန်ထိ ပြန်လည်ဆောက်လုပ်ပေးတာ မရှိတဲ့အတွက် ဒေသခံတွေမှာ အခက်အခဲတွေ့ရုံမက တံတားမရှိလို့ လှေနဲ့ကူးတဲ့အခါ လှေမှောက်ပြီး သေဆုံးရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေပြာတံတားနဲ့ အုန်းတောတံတားတွေ မျောပါကုန်တာ ဖြစ်တယ်လို့ မင်းတပ်မြို ့ တောင်ပုလုဆရာတော် ဦးပညာသီရိက မိန့်ကြားပါတယ်။
"ချင်းကနေ ပခုက္ကူဆင်းလာရင် ပေါက်နဲ့ ပခုက္ကူကြားပေါ့။ ချင်းနဲ့ ပိုနီးတာပေါ့နော်။ ပေ ၈၀၀၀၊ ၉၀၀၀ တံတားကြီး ၂ ခု ပါသွားတာပေါ့။ ပြီးခဲ့တဲ့နှစ်က တန်ဆောင်မုန်းလမှာ ရေကြီးတော့ တစ်စင်းက နှစ်ခါ၊ တစ်စင်းက သုံးခါပါသွားတယ်။ လုပ်ထားတာကလည်း ချင်းပြည်နယ်မှာ ပြောမဲ့လူမရှိတော့ ရန်ကုန်ပြော ပြောရင် မဒမတိုင်ပေါ့ဗျာ။ မျောတိုင်တွေ စိုက်လုပ်တာဆိုတော့ ပါတာပေါ့။ အဲဒီအပေါ်ကတခါ ကွန်ကရစ်တိုင်လုပ်ပြန်တော့ တူတူတန်တန်မဟုတ်။ နောက်တခါ ပြန်လုပ်တော့လည်း ရေနဲ့ တံတားနဲ့ အမြင့်က ၁၃-၄ ပေဆိုတော့၊ ရေကလာတာက ပေ ၃၀-၄၀ ဆိုတော့ အကုန်ပါတာပေါ့။ နှစ်ခုလုံး ပေ ၈၀၀၀ ကျော်တယ်။ ဝိတိုရိယတောင်ရဲ့ မြောက်ဘက်၊ တောင်ဘက်ပေါ့၊ ယောတစ်ယောလုံးက ဆင်းတဲ့ရေ၊ တောင်ပိုင်းကလည်း ဝိတိုရိယတောင်ဘက်၊ မြောက်ဘက်ကဆင်းတဲ့ ရေဆိုတော့ ဝါးလုုံးထိုး သိပ်ပြီးတော့ ဒုံးပျံလိုမြန်တဲ့ရေတွေ။ အဲတာကို သူတို့ ဂရုတစိုက်မလုပ်လို့"
မင်းတပ်နဲ့ ၁၂ မိုင်လောက်ဝေးတဲ့ ကျောက်ထု လေယာဉ်ကွင်း ရှိပေမဲ့ လေယာဉ်မဆင်းတာ ခြောက်နှစ်လောက်ရှိနေပြီး မဖြစ်မနေ ခရီးထွက်ရသူတွေဟာ ကလေးမြို့ဘက်က လှည့်သွားရတဲ့အတွက် စရိတ်စက အကုန်အကျ ပိုများတယ်လို့ ဆိုပါတယ်။
လှေနဲ့ကူးပြန်တော့ အသေအပျောက် ရှိတယ်လို ့ဆရာတော်က မိန့်ပါတယ်။ ချင်းပြည်နယ်မှာ တက္ကသိုလ်၊ ကောလိပ်မရှိလို့ အဝေးသင် တက္ကသိုလ်ကို အားကိုးရတဲ့ ကျောင်းသားတွေ ပခုက္ကူမှာ စာမေးပွဲ သွားဖြေရတဲ့အခါ ခရီးဖင့်ပြီး သိန်းနဲ့ချီ ကုန်ကျတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေပြာနဲ့ အုန်းတော တံတားနှစ်စင်းစလုံး ချင်းပြည်နယ် တောင်ပိုင်းဒေသ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ထီးလင်း၊ ဆောစတဲ့ မြို့တွေကို ဆက်သွယ် ပေးတာဖြစ်ပြီး ယောချောင်းကို ကျော်ဖြတ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/chin-bridges-broken-09172012213717.html