ကချင်ပြည်နယ် မြစ်ကြီးနားမြို့ KIO/KIA ဗဟိုဌာနချုပ်လိုင်ဇာ သွားလမ်းရှိ လဂျားယန်ကျေးရွာ လုံရောက် (Lung Rawk) စခန်းရှိ မြန်မာအစိုးရ တပ်ပေါင်းစုမှ တပ်သား ၁၀ ဦးကျော်အား KIA တပ်မဟာ (၅) တပ်ရင်း (၂၄) မှ အဝေးထိန်းမိုင်း (remote mine) ဖြင့် တိုက်ခိုက်ရာတွင် ၅ ဦး သေဆုံးခဲ့ကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
၄င်းမြန်မာအစိုးရတပ်ပေါင်းစုသည် လဂျားယန် (Laja Yang) အနီး ထိုးစစ်ဆင်လှုပ်ရှားနေပြီး ယမန်နေ့ စက်တင်ဘာ၂၇ ရက်တွင် တပ်သားအချို့သည် ၄င်းတို့စခန်းအောက်ဘက်သို့ ရေချိုးဆင်းလာချိန် ညနေ ၅ နာရီချိန်တွင် ယခုလိုပေါက်ကွဲလာပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းပြောသည်။
“ကျနော်တို့ ဘက်က remote မိုင်းနဲ့ ၂ ကြိမ် ဆက်တိုက် ပေါက်ကွဲလိုက်တာ။” ဟုဆိုသည်။
ထိုပေါက်ကွဲမှုတွင် အစိုးရတပ်မှ ၅ ဦးသေဆုံးသော်လည်း ကျန်ထိခိုက်ဒဏ်ရာရရှိမှုကိုမူ အတိအကျမသိရှိရသေးကြောင်း ဆက်ဆိုသည်။
ထို့အတူ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးသွားလမ်းရှိ လုထောန် (Lu Htawng) ရွာအနီးတွင် တပ်ချထားသော ဝိုင်းမော်မြန်မာအစိုးရတပ် ခြေလျင်တပ်ရင်း ခလရ (၅၇)ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ(၅)အောက် တပ်ရင်း (၃) စစ်သားများ ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၁ ဦး သေဆုံးကြောင်း အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
“ကျနော်တို့ဘက်က ပြောက်ကျားစနစ်နဲ့ ပစ်တာဆိုတော့ ဘာမှမဖြစ်ဘူး။ သူတို့ဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်လာလို့ ကျနော်တို့ပြန်လာခဲ့တာ။” ဟုဆိုသည်။
၎င်းမြန်မာအစိုးရတပ်သည် လက်နက်ကြီများနှင့် ရ ကြိမ်ပစ်သော်လည်း KIA တပ်ရင်း(၃) တွင် ထိခိုက် သေဆုံးမှု မရှိကြောင်းဆက်ဆိုသည်။
တိုက်ပွဲများသည် အစိုးရတပ်နှင့် KIA တပ်ချ ထားသော နေရာတဝိုက် ဖြစ်ပွားနေဆဲဖြစ်ပြီး ဒေါ့ဖုန်းယန်-ဟိုင်းကိုင် (Hang Kai) တပ်စခန်းရှိ မြန်မာအစိုးရတပ်သည် ယနေ့ ၃ နာရီချိန်တွင် လက်နက်ကြီးများ (၁၀၅ မမ) ဖြင့် KIA တပ်ဖက်သို့ ၂ ကြိမ်ပစ်ခတ်ခဲ့ပြီး ယမန်နေ့များတွင်လည်း ၅ ကြိမ် ထက်မနည်း ပစ်ခတ် နေကြောင်းသိရသည်။
အစိုးရနှင့် KIO တိုက်ပွဲများတွင် စက်တင်ဘာလအတွင်း အစိုးရတပ်ဖက်မှ ကျဆုံးမှုအများဆုံးဖြစ်နေကြောင်း KIO ရှေ့တန်းသတင်းမှ နေ့စဉ် သတင်းစုံစမ်းသိရသော်လည်း အမှန်တကယ် အစိုးရဖက်က သေဆုံးမှုရှိမရှိကိုမူ အစိုးတပ်များနှင့် အတည်ပြုချက် မရရှိသေးပေ။