September 16, 2012

“နယ်စည်းမခြား ဝန်ကြီး” ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း (တတိယပိုင်း)

သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အဓိက လုပ်ဆောင်နေသူတဦးဖြစ်သည့် မီးရထားဝန်ကြီး ဦးအောင်မင်းသည် ပြီးခဲ့သည့် သြဂုတ်လကုန်တွင် သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးတဦးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးအောင်မင်းနှင့် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်တို့ နေပြည်တော်တွင် တွေ့ဆုံမေးမြန်းခဲ့သည်။ မိမိကိုယ်ကိုယ် “နယ်စည်းမခြား ဝန်ကြီး” ဟု ပုံဖော် ပြောဆိုသွားသော သမ္မတရုံး ဝန်ကြီးသစ် ဦးအောင်မင်းအနေဖြင့် လုပ်ဆောင်မည့် တာဝန်များ၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ကြုံရသည့် စိန်ခေါ်မှုများ၊ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် စစ်တပ်၏ အခန်းကဏ္ဍ၊ နယ်စပ်ရှိ ဒုက္ခသည်များ နေရပ်ပြန်ရေး ကိစ္စများကို မေးမြန်းထားပါသည်။
မေး ။ ။ ဒုက္ခသည်တွေ၊ IDP (ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်) တွေ နေရပ်ပြန်ရေးကိစ္စ၊ နောက်ပြီးတော့ ပြန်လည်ထူထောင်ရေး ကိစ္စတွေ၊ ပြီးတော့ မိုင်းရှင်းတဲ့ ကိစ္စတွေ၊ အဲဒီကိစ္စတွေအတွက်ရော ဘယ်လို စီစဉ်ထားတာ ရှိပါသလဲ။
ဖြေ ။ ။ အခု ကျနော်ပြောတာတွေ အားလုံးက တကယ်တော့ Peace Process ထဲမှာပါတဲ့ အချက်တွေပဲ ဖြစ်တယ်။ ဒါတွေအားလုံးကိုလည် ကျနော်တို့က လက်တန်းလုပ်တာ မဟုတ်ပါဘူး။ ကျနော်ဆိုရင် နိုင်ငံတကာက Conflict Area ၂၀ မှာရှိတဲ့ ဒီပြဿနာအားလုံးကိုလည်း ကျနော်လေ့လာပါတယ်။ အခုလည်း ဆွေးနွေးပွဲတွေ လုပ်တယ်။ Workshop တွေ လုပ်တယ်။ ဟိုတနေ့ကဆိုရင် HD (Centre for Humanitarian Dialogue) အဖွဲ့က Adam Cooper တို့ အဖွဲ့တွေ။ သူတို့က ဘယ်သူ့ကိုခေါ်လာလဲဆိုရင် ဖိလစ်ပိုင်က Peace Negotiator (ငြိမ်းချမ်းရေး ညှိနှိုင်းသူ) တွေ၊ နောက်အင်ဒိုနီးရှားက Peace Negotiator တွေ ခေါ်ပြီးတော့ ကျနော်တို့ ဆွေးနွေးကြတယ်။ အတွေ့အကြံုတွေ ဖလှယ်ကြတာပေါ့။ အဲဒီတော့ သူတို့ပြောတဲ့ ဒီ process တွေကို လေ့လာပြီးမှ ကျနော်တို့က စနစ်တကျနဲ့ လုပ်တာဖြစ်ပါတယ်။ အဲလို လုပ်တဲ့အခါကျတော့ အခုဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး ငြိမ်းချမ်းရေးရသွားမယ်ဆိုရင် ဒီပြဿနာက ကျနော်တို့ ဆက်ပြီးတော့ ရင်ဆိုင်ရမယ့်ပြဿနာ။
အဲတော့ ဒီလက်နက်ကိုင်က တသိန်းလောက် ရှိမယ်၊ တိုင်းရင်းသားတွေအားလုံး ပေါင်းလိုက်ရင် တသိန်းလောက်ရှိမယ်။ သူတို့ပြန်လာကြတော့မယ်။ ဒါလည်းကျနော်ရဲ့ Estimation (ခန့်မှန်းချက်) မဟုတ်ဘူး။ သူတို့ထဲမှာ ၀င်ပြီးတော့ စာရင်းကောက်လို့ မရဘူး။ နယ်စပ်မှာ ရှိတဲ့ TBBC (ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့) လို အဖွဲ့မျိုး၊ UNHCR လိုအဖွဲ့မျိုး၊ သူတို့က ကောက်ထားတဲ့ စာရင်းတွေကို ခင်ဗျားတို့ကို ပြောပြတာ။ ဧရာဝတီမှာလည်း ဒီသတင်းတွေ ရှိပြီးသားပဲ။ အဲဒီက ဥစ္စာတွေကို ကျနော်ပြန်ပြောပြတာ။ သူတို့ တသိန်းလောက်ပြန်လာမှာ။ အဲဒါ ပြီးတဲ့အခါမှာ IDP ပေါ့။ IDP ဆိုတော့ ကျေးရွာမှာ မလုံခြံုလို့ ထွက်ပြေးတာပေါ့ဗျ။ လုံခြံုရင် ပြန်လာမှာပေါ့။ IDP လည်း လေးသိန်းလေးသောင်းခြောက်ထောင် ပြန်လာမယ်။
နောက် ဒုက္ခသည်စခန်းက ၁၀ ခုလောက်ရှိတယ်။ အခု ကချင် မပါပေါ့ဗျာ။ နယ်စပ်မှာရှိတဲ့ ကရင်ဒုက္ခသည်စခန်း ၁၀ ခုမှာ Refugees သုံးသိန်းခွဲ ရှိတယ်။ နယ်မြေမအေးချမ်းလို့ ထိုင်းနိုင်ငံသွားပြီး အလုပ်လုပ်တဲ့သူတွေ ရှိတယ်။ အားလုံး ထိုင်းနိုင်ငံမှာရောက်နေတာက ၂ သန်း လောက်ရှိတယ်။ အကယ်၍ နယ်မြေအေးချမ်းရင် သူတို့ပြန် လာကြတော့မယ်။
သူတို့ပြန်လာရင် ကျနော်ပထမဆုံး (၁) ဘာလုပ်ပေးရမလဲ၊ Demining မိုင်ရှင်း ပေးရမယ်။ နံပတ် (၂) Shelter တွေ ဆောက်ပေးရမယ်။ နံပတ် (၃) Food security တနှစ်စာ ပေးရမယ်။ ပြီးရင် Job creation သူတို့ကို ကျနော် အလုပ်ပေးရမယ်။ Job creation ကလည်း ဥပမာအားဖြင့် နှစ်မျိုးနှစ်စား ရှိတာပေါ့။ ကိုယ့်ရွာပြန်ပြီး ကိုယ့်ဟာကို လယ်ပြန်လုပ်မယ်၊ တောင်ယာပြန်ခုတ်မယ်၊ ခြံပြန်လုပ်မယ် ဆိုရင် ကျနော်တနှစ်စာ ရိက္ခာပေးပြီးတော့ သူတို့ကို နွားတွေ၊ ကျွဲတွေ ၀ယ်ပေး၊ ပေါက်ဆိန်တွေ၊ ပေါက်ပြားတွေ ၀ယ်ပေး၊ ထွန်စက်တွေ ၀ယ်ပေးဆိုရင် တနှစ်ပြီးလို့ရှိရင် သူတို့ တောင်ယာက ဆန်တွေထွက်လာမယ်၊ စပါးတွေ ထွက်လာမယ်ဆိုရင် ကျနော်တာဝန် ပြီးသွားပြီပေါ့။
အဲဒီလို လယ်ပြန်လုပ်မယ့်သူ ရှိသလို ကျနော်တို့ ရွာမပြန်တော့ဘူးဗျာ၊ ကျနော်စက်ရုံမှာပဲ လုပ်တော့မယ်ဆိုရင် ကျနော်တို့က နယ်စပ်စခန်းမှာဖြစ်တဲ့ မဲဆောက်တို့၊ မယ်ဆိုင်တို့၊ ဘုရားသုံးဆူတို့၊ မယ်ဆယ်တို့ အဲဒီလို နေရာမျိုးတွေမှာ၊ ၀င်ပေါက်ထွက်ပေါက်တွေမှာ Industrial Zone, Industrial Estate လေးတွေ ကျနော် ဆောက်ပေးမယ်။ ဆောက်ပေးပြီးတော့ အဲဒီမှာ Jon creation လုပ်ပေးမယ်။ အဲဒီမှာ ဘာဖြစ်မလဲဆိုရင် နာနတ်သီစက်ရုံ၊ နာနတ်ပင် ကိုယ့်ဟာကိုယ် စိုက်မယ်။ ပြောင်းဖူးစက်ရုံတွေ ပါမယ်။ အထည်ချုပ်စက်ရုံတွေ ပါမယ်။ အဲဒီတော့ အခုကျနော်ပြောတဲ့ လုပ်ငန်းစဉ်တွေကို ကျနော် မလုပ်ပေးနိုင်ရင် ဘာဖြစ်မလဲလို့ ခင်ဗျားမေးရင် ပြန်ဖြေလိုက်မယ်။ ကျနော်မလုပ်ပေးနိုင်ရင် သူတို့တောထဲ ပြန်သွားမှာပေါ့။ ဒါကြောင့်မို့ ကျနော့်မှာ ကြီးမားတဲ့ အခက်ခဲ ရင်ဆိုင်ရတယ်ဆိုတာ ကျနော်အရှည်ကို စဉ်းစားတဲ့အခါမှာ အလုပ်တွေ အများကြီးပဲဆိုတာ သွားတွေ့တယ်။ ကျနော် တယောက်တည်းလည်း လုပ်လို့မရဘူး။
အဲဒီတော့ ဒီ Peace Process လုပ်တဲ့အခါမှာ အချက် ၆ ချက်နဲ့ ကိုက်ညီဖို့လိုတယ်။ နံပါတ် (၁) အချက်က နိုင်ငံတော်ကို ခေါင်းဆောင်တဲ့ သမ္မတကြီး ကိုယ်တိုင်က ဒါကို လိုလိုလားလားနဲ့ လုပ်ချင်တဲ့ စိတ်ရှိဖို့လိုတယ်။ အခု သူဒီစိတ်ရှိလို့ ကျနော်တို့ကို ခိုင်းတာပေါ့ဗျာ။ နံပါတ် (၂) ပြည်သူလူထု သန်း ၆၀ သန်းကလည်း ဒါကို လိုလိုလားလား ရှိရမှာပေါ့။ ပြည်သူလူထုမှာ အစိုးရလည်း ပါတာပေါ့ဗျာ။ လွှတ်တော်လည်း ပါတာပေါ့ဗျာ။ ဒါ ကျနော်ခြံုပြီး ပြောလိုက်တာပါ။ နံပါတ် (၃) ကတော့ တိုင်းရင်းသားတွေ ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးလိုချင်တဲ့စိတ် ရှိရမယ်။ သူတို့ မရှိဘူးဆိုရင် ကျနော် ခေါ်တိုင်းလည်း သူတို့ဘယ်လာမလဲဗျာ။ နံပါတ် (၄) သူတို့နဲ့ ရင်ဆိုင်နေတဲ့ တပ်ကလည်း ငြိမ်းချမ်းရေးကို လိုလိုလားလားနဲ့ လိုချင်တဲ့စိတ်ရှိရမယ်။ နံပါတ် (၅) နိုင်ငံတကာကလည်း ထောက်ခံအားပေးမူ လိုအပ်တယ်။ အရင်တုန်းက တိုင်းရင်းသားတွေနဲ့ စကားပြောတဲ့အခါမှာ နို်င်ငံတကာ အဖွဲ့အစည်းတွေက အစိုးရကို မယုံနဲ့၊ မပြန်ကြနဲ့ ဒီလိုစကားမျိုးပြောတာပေါ့။ အခု နိုင်ငံတကာ အသိုင်းအဝိုင်းတွေကလဲ ထောက်ခံလာပြီ။ နံပါတ် (၆) ကတော့ Player တွေ ကောင်းဖို့လိုတယ်။ Player တွေကတော့ ကျနော်တို့ပေါ့ဗျာ။ ကျနော်တို့ဆိုလည်း ခင်ဗျားမြင်တဲ့အတိုင်းပဲ။ ခင်ဗျားနဲ့လည်း အကြိမ်ကြိမ် ကျနော်တွေ့ခဲ့တာပဲ။ ချင်းမိုင်လည်း သွားခဲ့တာပဲ။ မယ်ဟောင်ဆောင်လည်း သွားတာပဲ။ စခန်းထဲခေါ်လည်း သွားတာပဲ။ ဒီလိုသွားပြီးတော့ ယုံကြည်မူ တည်ဆောက်ခဲ့တာပဲ။ ဒါကြောင့်မို့လို့ Player တွေကောင်းဖို့ လိုအပ်တယ်ဆိုတာ။ ဒီ အချက် ၆ ချက်နဲ့ ကိုက်ညီမှသာ ဒီ Peace Process က ဆောင်ရွက်လို့ ရမယ်၊ အောင်မြင်မယ်။ အဲဒီ အချက် ၆ ချက်က တချက်ချက် ချွတ်ယွင်းနေတောင်မှ လုပ်ရကိုင်ရတာ ခက်ပါတယ်။ အခုကာလဟာ ဒီအချက် ၆ ချက်နဲ့ တကယ်ကိုက်ညီနေတဲ့ အချိန်ဖြစ်နေတယ်။ အားလုံးကလည်း လိုလားနေတယ်။ ဒီအခွင့်အရေးကြီးကို လက်မလွတ်ကြဖို့ လိုအပ်တယ်။ အားလုံးဝိုင်းလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာကို ကျနော်ပြောချင်တယ်။
မေး ။ ။ ကျနော်ကြားတာ ဒီ Peace Process မှာ ခုန ၀န်ကြီးပြောသွားတဲ့ အထဲမှာ Player ပေါ့၊ အဲဒီ Player ထဲမှာရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဘယ်လောက် အရေးကြီးလဲ။
ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်လည်း ၀ိုင်းကူမယ်လို့ ကတိပေးထားပြီးသားပါ။ လိုအပ်တာကိုပြောပါ ၀ိုင်းကူမယ်လို့ ပြောထားပြီးသား။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခု လွှတ်တော်တက်နေရတာ ပေါ့ဗျာ။ လွှတ်တော် တက်နေရတော့ သူမအားလပ်ဘူး။ အားလပ်တဲ့ နောက်ပိုင်းကာလတွေမှာ သူ ကျနော်နဲ့ လိုက်မှာပေါ့ဗျာ။ ခင်ဗျားတို့ အဲဒါ စောင့်ကြည့်လိုက်ပေါ့။
မေး ။ ။ လွှတ်တော်ထဲက တိုင်းရင်းသားတွေကလည်း ဒီ Peace Process မှာ သူတို့ ၀င်ပါချင်တာမျိုး အသံတွေ ထွက်လာတာ ရှိတယ်။ အဲဒီအပေါ်မှာ ၀န်ကြီးတို့ သဘောထား ဘယ်လိုရှိလဲ။
ဖြေ ။ ။ အခုဆိုရင် နိုင်ငံတော်သမ္မတကြီးကနေ မေလ ၃ ရက်နေ့မှာ Peace ဗဟိုကော်မတီနဲ့ Peace လုပ်ငန်းကော်မတီ ဆိုပြီး ဖွဲ့လိုက်ပါတယ်။ Peace လုပ်ငန်းကော်မတီမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပါလာပါပြီ။ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းဦးစီးတဲ့ တိုင်းမှူးတွေ အကုန်ပါတယ်။ ဒီဘက်မှာ ဦးအောင်မင်း ဦးစီးတဲ့ ၀န်ကြီးအဖွဲ့တွေ ပါပါတယ်။ နောက်ဒီဘက်မှာ လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် ဦးစီးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါပါတယ်။
အခုဆိုရင် ကျနော် သွားတိုင်း သွားတိုင်းမှာ သက်ဆိုင်တဲ့ နယ်မြေမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄ ယောက်၊ ၄ ယောက် ကျနော်ခေါ်သွားပါတယ်။ ခေါ်သွားတဲ့ ရည်ရွယ်ချက်ကလည်း တနေ့တကယ် အဆုံးသတ်ရမှာ သူတို့နဲ့ပဲ အဆုံးသတ်ရမှာ ဖြစ်တယ်။ သူတို့မပါလို့ မပြီးဘူး။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားတွေ တောင်းတဲ့ အခွင့်အရေးတွေထဲမှာ ဖွဲ့စည်းပုံခြေခံဥပဒေထဲမှာ ခွင့်ပြုထားရင် ကျနော်အကုန်ပေးလိုက်မယ်။ သို့သော်လည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်မပြုထားတာကို ကျနော်ပေးလို့ မရဘူး။ ပေးလို့မရတဲ့အခါမှာ ဘယ်သူက ပေးလို့ရလဲဆိုရင် လွှတ်တော်က ဥပဒေပြင်ပြီးတော့ ပေးလို့ရပါတယ်။ ဒါကြောင့်မို့လို့ နောက်ဆုံးအဆင့်ကို လွှတ်တော်ကို ပေးမယ်။ လွှတ်တော်က လုပ်ပေးပါ။ အခုကတည်းကနေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျနော် သွားအတူ လာအတူနဲ့ သွားနေကြပါတယ်။
မေး ။ ။ အားလုံးပါ၀င်လို့ရတဲ့ (တိုင်းရင်းသား) ညီလာခံကို ဘယ်တော့လောက် စမယ်လို့ ၀န်ကြီးမှန်းထားလဲ။
ဖြေ ။ ။ ဒါက လူတိုင်းမေးကြပါတယ်။ ကျနော်တို့ ဒုတိယအဆင့်မှာ Political Dialogue လို့ပြောတာကတော့ သူတို့လိုအပ်ချက်တွေ တောင်းမှာပေါ့ဗျာ။ နှစ်ပေါင်း ၆၀ လောက် မခံစားရဘူးလို့ စိတ်ထဲမှာထင်တဲ့ တန်းတူညီတူ တောင်းကြမှာပေါ့။ ဒါတွေကို ကျနော်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါတာတွေ အားလုံးပေးလိုက်မှာပေါ့။ ကျနော် မပေးနိုင်တာကျတော့ တတိယအဆင့်ကို တက်မှာပေါ့။ Peace မှာ သေးတယ်ကြီးတယ်ဆိုပြီမှ ဘယ်ကိစ္စမှ မချန်ထားခဲ့ရဘူးဗျ။ ဘာဖြစ်လို့လဲဆို သူတို့သံသယ အကုန်လုံး ကြေပျောက်သွားအောင် ဖြေရှင်းမယ့် ကိစ္စလေ။ ဆူးလေးတခုလောက် ကျန်ခဲ့ရင်ကို နောက်ပိုင်း ဒီဆူးလေးကနေ အကြီးကြီး ဖြစ်လာနိုင်တယ်။ အကုန်လုံးကို ရှင်းရမှာပဲ။ ပြေလည်အောင် ရှင်းရမှာပဲ။ ဒါကြောင့်မို့လို့ ကြာနိုင်တယ်။ ဒါပေမယ့် တခုပြောချင်တာတော့ ၂၀၁၅ ခုနှစ်မှာ Election ရှိတယ်။ နောက်အစိုးရ တက်လာမယ်။ အဲဒီ အစိုးရလက်ထဲကိုတော့ ကျနော် ဒီအထုပ်ကြီးကို မလွှဲခဲ့ချင်ဘူး။ အဲဒီမတိုင်ခင်မှာ ပြီးအောင်လုပ်ပေးခဲ့ချင်တယ်။ ပြီးအောင်လုပ်နိုင်အောင်ကိုလည်း ကြိုးစားတယ်။
မေး ။ ။ အဲဒီအတွက် ၀န်ကြီးကို တော်တော် အကောင်းမြင်တယ်လို့ ပြောလို့ရမလား။ ၂၀၁၅ မတိုင်ခင် ဖြစ်နိုင်ဖို့။
ဖြေ ။ ။ ကျနော်ကတော့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ကျနော်တွေ့ခဲ့တဲ့လူတွေ အားလုံးက ကျနော်အပေါ်မှာ ယုံကြည်တယ်ဗျ။ သမ္မတကြီးအပေါ်မှာလည်း ယုံကြည်ကြတယ်။ အဲတော့ ဒီယုံကြည်မူက အဓိကပဲဗျ။ အခုတောင် တချို့တိုင်းရင်းသားတွေက ဦးအောင်မင်း နေမကောင်းမှာကို စိုးရိမ်နေကြတယ်။ တော်ကြာ ဦးအောင်မင်း ဒီကြားထဲမှာ ကြောများပြတ်သွားမလား။ ကြောပြတ်သွားရင် ငါတို့ဘယ်သူနဲ့ ဆက်ပြီးဆွေးနွေးရမလဲ။ ဒီလို စိုးရိမ်နေကြတော့ ဦးအောင်မင်းကို မေတ္တာပို့တဲ့သူတွေ တော်တော်များလာတယ်။
မေး ။ ။ ကချင်နဲ့ ကိစ္စက ဝန်ကြီးရဲ့ မျှော်လင့်ချက်က ဘယ်လိုရှိလဲ။
ဖြေ ။ ။ ကချင်က တကယ်တော့ ရှင်းရှင်းပြောရရင် Narrow thin red line ဒီလိုင်းလေးတလိုင်း ရှိတာပေါ့။ ခုနပြောတဲ့  Ground level zeroပေါ့။ Zaro ကို ကျနော်မြင်တာတော့ ရောက်ခါနီးနေပြီဗျ။ နည်းနည်း ရောက်ခါနီးနေပြီ။ ခြေလှမ်းတလှမ်းလေး ကျော်လိုက်တာနဲ့ ဒီကိစ္စပြီးသွားမယ်။ အဲဒီတော့ စတုတ္တအကြိမ်လုပ်မဲ့ ဆွေးနွေးပွဲကို တက်ပါ … တက်ပါ၊ ကျနော် ဒါကိုပြောနေတာပဲ။ ဒါလေးလုပ်လိုက်တာနဲ့တင် Narrow thin red line ဒါလေးကို ကျော်လိုက်ရင် ဟိုဘက်မှာ ဒီကိစ္စကြီးက အောင်မြင်သွားမှာပဲ။ အဲဒီတော့ ကျနော်မြင်တာတော့ ဒီ Narrow thin red line လိုင်းထဲကို ရောက်နေပြီ၊ ကျော်ဖို့ပဲ လိုတယ်။ ကျနော်တယောက်တည်း ကျော်လို့မရဘူး။ နှစ်ဦးပေါင်းကျော်မှ ရမှာ။
မေး ။ ။ နောက်ဆုံးမေးချင်တာက သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ ၀န်ကြီးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ရတဲ့ အခါမှာ ဘယ်လောက်အထိ စိတ်ကျေနပ်မူရသလဲ၊ ဒါမှမဟုတ် တခါတလေကျတော့ စိတ်ပျက်ပြီးတော့ ထွက်ချင်တဲ့ နေ့တွေနဲ့ ကြံုခဲ့ဖူးတာတွေ ရှိသလား။
ဖြေ ။ ။ ကျနော် သမ္မတကြီးကို အခုမှ စပြီးတော့ တွေ့ခဲ့တာ မဟုတ်ပါဘူး။ ကျနော် ကျောင်းဆင်းကတည်းက သမ္မတကြီးနဲ့အတူတူ ရှေ့တန်းလည်း သွားဖူးပါတယ်။ အတူတူလည်း လုပ်ဖူးပါတယ်။ အဲဒီတော့ ကျနော် သမ္မတကြီးအပေါ်မှာ ယုံကြည်မှု အပြည့်အဝ ရှိပါတယ်။ တကယ်တော့ ရှင်းရှင်းပြောရရင် ကျနော်တို့ အသက်တွေက ၆၀ လည်း ကျော်သွားပြီ။ ကျနော်တို့ အခု တကယ်လုပ်နေတာဟာ သမ္မတကြီးအတွက်ပဲ လုပ်ပေးနေတာပါ။ ဒီလို ခေါင်းဆောင်မျိုး ရှိတဲ့အချိန်မှာ ဒီမှာ Reform တွေလည်း ဖြစ်သွားပြီ။ Reform စလုပ်နေပြီ။ ခင်ဗျားတို့ ပြည်သူလူထု သန်း ၆၀ လိုချင်တဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကိစ္စတွေလည်း လုပ်နေပြီ။ Peace process တွေလည်း လုပ်နေပြီ။ အဲဒီတော့ ဒီလူမရှိလို့ မဖြစ်ဘူးလို့ ကျနော်ခံယူထားပါတယ်။ အခု ကျနော်လုပ်နေတာလည်း ကျနော်အတွက် တခုမှ မပါဘူး။ တကယ်တော့ ကျနော့်အသက်အရွယ်နဲ့ဆို အနားယူဖို့ တော်တော်ကောင်းနေပါပြီ။ နှစ်ခါပြန်လောက် အနားယူဖို့ ကောင်းတဲ့ အချိန်ပါ။
မေး ။ ။ ၀န်ကြီး အရင်စစ်ဗိုလ်လေး ဘဝတုန်းက ဒီလိုလုပ်ရမယ်လို့ တွေးခဲ့မိလား။ ဘယ်လို Political ambition တွေရှိခဲ့ဖူးလဲ။
ဖြေ ။ ။ ကျနော်ကတော့ တကယ်တော့ဗျာ DSA မှားဖြေလိုက်တာပဲ။ ကျနော်က လမ်းသရဲပါပဲ တကယ်တော့။ စိန်ပေါလ်ကျောင်းသားပေါ့နော်။ အဲဒီလို ဘဝကနေ ကျနော်က သူငယ်ချင်းတွေက DSA ဖြေတော့ ကျနော် ဘုမသိဘမသိ ၀င်ဖြေတော့ DSA ထဲရောက် စာချုပ်ချုပ်၊ ပြန်ထွက်လို့လည်းမရ။ တပ်ထဲရောက်တော့လည်း ဆရာကောင်းတွေနဲ့တွေ့၊ ဆရာကောင်းတွေကနေ ပြန်ထွက်ခွင့်မပေးဘဲ နောက်ဆုံးကျတော့ ဒီအဆင့်အထိ ရောက်လာတာပါ။ ကျနော်က ဆရာကံ ကောင်းတယ်လို့ ပြောလို့ရပါတယ်။ အဲဒီတော့ ကျနော်တပ်ထဲ ရောက်တဲ့အချိန်မှာလဲ ဒီအနိဋ္ဌာရုံတွေပေါ့ဗျာ။ တိုက်ပွဲတွေဖြစ် တိုက်ပွဲတွေပြုကြ၊ လုပ်ကြ၊ သွားကြလာကြ။ သားတကွဲ မယားတကွဲနဲ့ နေကြ စားကြသောက်ကြ။ ဒါတွေကို မြင်ပြီးခဲ့အခါမှာ ဒီပြဿနာတွေကို ချုပ်ငြိမ်းအောင် ဘယ်လို လုပ်ရမလဲဆိုတာကို တပ်ထဲရောက်တဲ့နေ့ကစပြီး စဉ်းစားမိတာပါ။ သို့သော်လည်းပဲ ဒီကိစ္စတွေကို ကျနော့်ကို လုပ်ခွင့်မပေးတဲ့ အခါကျတော့ ကျနော်လည်း လုပ်ခွင့်မရဘူး။ အခု သမ္မတကြီး ဦးသိန်းစိန် တက်လာတဲ့အခါကျတော့ သမ္မတကြီးက ကျနော့်ကို လုပ်ခွင့်ပေးတာပေါ့။ ကျနော် ငယ်ငယ်လေးကတည်းက စဉ်းစားခဲ့တဲ့ကိစ္စတွေ၊ ဒါတွေကလည်း တိုင်းရင်းသားတွေဘက်ကနေ ၀င်ပြီး ကိုယ်ချင်းစာတဲ့စိတ်နဲ့ စဉ်စားပေးခဲ့တဲ့ အချက်တွေ။ ဒါတွေ အများကြီး ကျနော့်ဆီမှာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီဥစ္စာကို လုပ်တဲ့အခါမှာ သူများထက်ပိုပြီး တွေ့တာပေါ့ဗျာ။ သူများထက်ပိုပြီး မြင်တာပေါ့ဗျာ။ ဒါကြောင့်မို့လို့ အခု ဖြေရှင်းရတဲ့ အခါမှာလည်း မြန်တာပေါ့ဗျာ၊ လွယ်ကူတာပေါ့။
မေး ။ ။ အမျိုးသားလုံခြံုရေးဆိုလို့ သတိရမိတယ်။ NIB (အမျိုးသားထောက်လှမ်းရေး အဖွဲ့) ကို ပြန်ဖွဲ့မှာလား။
ဖြေ ။ ။ NIB ကို မဖွဲ့ပါဘူး။ အမျိုးသားလုံခြံုရေးလို့ ပြောတာကတော့ ဒီတိုင်းရင်းသား All inclusive ပါ။ နိုင်ငံရေးအရ ပြောရင်တော့ အမျိုးသားတွေအားလုံး ရင်ကြားစေ့ရေးပေါ့ဗျာ။ အားလုံးပါ၀င်ရမှာပေါ့။ အခုန ကျနော်ပြောတဲ့ တာဝန်တွေအားလုံး ဒီထဲမှာ ပါပြီးသားဖြစ်သွားပြီ။
  1. “နယ်စည်းမခြား ဝန်ကြီး” ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း (ပထမပိုင်း)
  2. “နယ်စည်းမခြား ဝန်ကြီး” ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း (ဒုတိယပိုင်း)
http://burma.irrawaddy.org/archives/20369
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India