များတွင်ပါ၀င် ဆောင်ရွက်နိုင်ရန်နှင့် လုပ်ပိုင်ခွင့် ကိစ္စများကို သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် ဆွေးနွေးမည် ဟုသိရသည်။
ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာ၌ ပါ၀င်ခွင့်ရရေး၊ တိုင်းရင်းသား ရေးရာ ၀န်ကြီးများအား ပေးအပ်ထားသည့် အဆောင် အယောင်၊ တာဝန် များ ထမ်းဆောင်ခွင့်ရရေး တင်ပြနိုင်ရန် အစည်းအဝေး တရပ်ကို ရန်ကုန်မြို့၌ ယနေ့ပြုလုပ်ကြောင်း တိုင်းရင်းသားရေးရာ ၀န်ကြီး များက ဧရာဝတီ ကိုပြောသည်။
ရခိုင် လက်နက်ကိုင်အဖွဲ့ နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေးပါက ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးများ ပါ၀င်ခွင့်ရရေး၊ အ လားတူ ကရင်၊ ချင်း စသည့် အဖွဲ့တို့နှင့်တွေ့ဆုံ ဆွေးနွေးရာတွင်လည်း သက်ဆိုင်ရာ ၀န်ကြီးများ အားလုံးပါ၀င်ခွင့်ရရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တတ်နိုင်သည့် ကဏ္ဍမှ ပါ၀င်ဆောင်ရွက်လိုကြောင်း ၎င်းတို့ က ပြောဆိုသည်။
“ဥပမာ-ရခိုင်အဖွဲ့နဲ့ အစိုးရ တို့တွေ့ရင် ရခိုင်ဝန်ကြီးတွေပါ၀င်ခွင့် ရဖို့၊ ချင်းအဖွဲနဲ့ဆွေးနွေးရင်လည်းပဲ ကျနော်တို့ ချင်းရေးရာ ၀န်ကြီး ၃ ဦးစလုံး ပါ၀င်ဆွေးနွေးခွင့်ရရေး ကိစ္စ သမ္မတနဲ့ ဆွေးနွေးမယ်၊ ဒါမှပဲ ကိုယ့်တိုင်းရင်းသား ကိုယ်စားပြုရာ ရောက်မှာပေါ့” ဟု ချင်း တိုင်းရင်းသား ရေးရာဝန်ကြီး ဦးနိုထန်ကပ် က ဆိုသည်
မြန်မာတနိုင်ငံလုံး၌ တိုင်းရင်းသားရေးရာ ၀န်ကြီး စုစုပေါင်း ၂၉ ဦးရှိပြီး ၎င်းတို့သည် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ရ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ပြီး တိုင်းရင်းသား ဘာသာစကား၊ စာပေ ယဉ်ကျေး မှု မြှင့်တင်ရေး ကိစ္စများကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အရ ရွေးကောက်ခံထားရသည့် တိုင်းရင်းသားရေးရာ ၀န်ကြီးများအတွက် လုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ ဖွဲ့ စည်းပုံ၌ တိတိကျကျ ထည့်သွင်းရေးဆွဲထားခြင်းမရှိသည့်အတွက် ၎င်းတို့ရပိုင်ခွင့်များကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က လွှတ်တော်၌ ၂ ကြိမ်တိုင် အဆိုတင်ခြင်း၊ မေးခွန်း မေးမြန်းခြင်း ဆောင်ရွက်ခဲ့ရာ ရှှုံးနိမ့်ခဲ့သည်။
လွှတ်တော်၌ ရှှုံးနိမ့်ခဲ့သည့်အတွက် ဒေါက်တာအေးမောင် ဦးဆောင်သော လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးက လက်မှတ်ရေး ထိုး၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးသို့ တင်ပြလျှောက်ထားရာ ချီးမြှင့်ငွေ ကိစ္စနှင့် အဆောင် အယောင် ကိစ္စကို ခုံရုံး အ ဖွဲ့ က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ဆုံးဖြတ်ပေးခဲ့သည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့တွင် ပါ၀င်သည့် တိုင်းရင်းသားရေးရာ ၀န်ကြီးများအတွက် အသုံးအဆောင် ပစ္စည်းများပါသည့် ရုံးခန်းနှင် ကား တစီး ပေးထားပြီး လုပ်ပိုင်ခွင့်တချို့ရှိနေပြီ ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် က ပြော သည်။ ရန်ကုန်တိုင်း၌ ရခိုင်နှင့် ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး တို့ ရှိသည်။
“အရေးကြီးတဲ့ ကိစ္စရှိရင် တိုင်းဝန်ကြီးချုပ်ဆီ တင်ပြရင် ခွင့်ပြုပေးပါတယ်၊ အပေါ်က ပုဂ္ဂိုလ်တွေ အများစုက ပြောင်းလဲနေပါပြီ၊ ဒါပေမယ့် အောက်ခြေဝန်ထမ်းတွေက လုံးဝ ပြောင်းလဲမှု မရှိသေးပါဘူး၊ အရင်ကမူတွေ ခေါက်ရိုးကျိုးနေတော့ အဲဒီအတိုင်း ပဲ ရှိနေကြသေးတယ်”ဟု ရခိုင်ရေးရာ ၀န်ကြီး က ဆိုသည်။
တိုင်းရင်းသား ရေးရာဝန်ကြီးများ အား ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီး အစိုးရဖွဲ့စည်းပုံ၌ ၀န်ကြီးဌာနတခုအဖြစ်သတ်မှတ် ထား၍ ဌာနတခု၏ အင်္ဂါရပ်နှင့်ကိုက်ညီရန် ဆောင်ရွက်ပေးရေး ခုံရုံးက သတ်မှတ်ပြီးနောက် နိုင်ငံတော် သမ္မတထံ တင်ပြထား သော်လည်း လက်တွေ့တွင် ထိရောက်မှု မရှိသေးကြောင်း သိရသည်။
“ဌာနတခုနဲ့ညီတဲ့ ဘတ်ဂျက်အသုံးစရိတ်၊ ရုံးခန်းနှင့်ဝန်ထမ်းတွေ ထားပေးဖို့၊ လုပ်ပိုင်ခွင့် ကိစ္စတွေကိုလည်းပဲ သမ္မတနဲ့ ဆွေးနွေး မယ်၊ အခုထိ ဘာမှ လုပ်ပိုင်ခွင့် မရှိကြသေးလို့ အငြင်းပွားမှု ပြဿနာတွေ ဖြစ်လာကြတာပါ”ဟု ချင်းရေးရာ ၀န်ကြီး က ဆို သည်။
ရွေးကောက်ခံထားရသည့် တိုင်းရင်းသားရေးရာ ၀န်ကြီးများသည် ချင်းပြည်နယ်မှ အပ တခြား ပြည်နယ်နှင့်တိုင်း အားလုံး တွင် ရှိပြီး ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး ၅ ဦး၊ ဗမာတိုင်းရင်းသား ၅ ဦး၊ ကချင် ၃ ဦး၊ ချင်း ၃ ဦး၊ မွန်၊ ရခိုင်၊ ရှမ်း၊ အင်းသား၊ ပအို့ဝ် စသည့်ဖြင့် တိုင်းရင်းသားရေးရာ ၀န်ကြီး စုစုပေါင်း ၂၉ ဦး ရှိသည်။
ထိုဝန်ကြီးများသည် တနှစ်လျှင် အနည်းဆုံး နှစ်ကြိမ် သမ္မတနှင့် တွေ့ဆုံဆွေးနွေးရေး အတွက်ကိုလည်း ဦးသိန်းစိန် နှင့်တွေ့ဆုံ စဉ် တင်ပြမည်ဟု ယနေ့ အစည်းအဝေး၌ သဘောတူဆုံး ဖြတ်ခဲ့ကြကြောင်း သိရသည်။
September 5, 2012
http://burma.irrawaddy.org/archives/19490