ကျနော် မန္တလေးထောင်မှာနေရတုန်းက လေးတိုက်ထဲမှာဦးအောင်ဝင်းနဲ့ဆုံခဲ့ရပါတယ်။ ဦးအောင်ဝင်းဆိုတာက အရင်က ဗမာပြည်ကွန်မြူနစ်ပါတီ မြစ်ဝကျွန်းပေါ်တိုင်း၊ ပုသိမ်ခရိုင်တပ်မှူးပါ။ နောက်တော့ အဖမ်းခံရပြီး လက်နက်ချခဲ့ပါတယ်။ ဒါပေမဲ့ သူဟာပါတီနဲ့နိုင်ငံရေးကို သံယောဇဉ်မပြတ်သူမို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ ၁၉၆၃ ခုနှစ် ပြည် တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ပါ၀င်ခဲ့ပါတယ်။ ကွန်မြူနစ်ဟောင်းဆိုတော့ သူက ပြောတတ်ဟောတတ်၊ လူထုကို စည်းရုံးတတ်လို့ သူ့ဒေသမှာ ခေါင်းဆောင်ပိုင်းက ပါခဲ့ပါတယ်။ ဒါကြောင့်”တော်လှန်ရေး”ကောင်စီအစိုးရရဲ့ အဖမ်းခံရပြီး ပုသိမ်ထောင်ကနေ မန္တလေးထောင်ကို အပြောင်းခံရတာပါ။ ထောင်ပြောင်းရာကို သူနဲ့အတူ ဖျာပုံ ဗကသ က ကိုခင်လတ် လည်း ပါလာပါတယ်။ ကျနော်တို့က ၂၀ ကျော်တွေ၊ သူက ၅၀ လောက်ဆိုတော့ သူ့အဖို့ ကျနော်တို့ဟာ တကယ့်ကို တူသားအရွယ်တွေပါ။ ဒါပေမဲ့ ဦးလေးဦးအောင်ဝင်းက ကျနော်တို့ကို တလေးတစားပဲဆက်ဆံပါတယ်။ အား လုံးကို ခင်ဗျား-ကျနော်ပဲပြောပါတယ်။ ကျနော်တို့ကလည်း သူ့နဲ့အတူ နေရင်း သူ့ကိုပိုနားလည်သဘောပေါက်လာပြီး သူ့ကို ဦးလေးလို့့ တလေးတစားခေါ်၊ တလေးတစားဆက်ဆံကြပါတယ်။
သူဟာ ကျနော်တို့ကို သူ့အကြောင်းနဲ့ပတ်သက်လို့ အမှန်အတိုင်းပဲ ပြောပြထားပါတယ်။ သူလက်နက်ချခဲ့တယ် ဆိုတာ ကို ရိုးရိုးသားသားပြောပါတယ်။ ဘယ်လိုပဲဆိုဆို သူဟာ ကျနော်တို့အဖို့ လက်တွေ့တော်လှန်ရေးဗဟုသုတ ဟင်းလေး အိုးကြီး ဖြစ်နေပါတယ်။ မေးသမျှဖြေ၊ ဖြေသမျှမှတ်ကြပါတယ်။ အဲဒီမှာ ကျနော်တို့က စစ်ရေးကိုစိတ်ဝင်စားတော့ သူ့ တိုက်ပွဲ အတွေ့အကြုံတွေကို မေးပါတယ်။ သူက စိတ်ရှည်လက်ရှက် ပြောပြယုံမက စီးကရက်ဘူးပတ်တွေ၊ စက္ကူစလေး တွေ၊ ဖျာစလေးတွေနဲ့ သံမြေပုံလေးတွေလုပ်ပြီးတော့လည်း ရှင်းပြပါတယ်။ နောက်ပြီး သူ့လက်တဖက်မှာတွေ့ရတဲ့ သေနတ်ဒဏ်ရာ အမာရွတ်ကြီးရခဲ့တဲ့ တိုက်ပွဲအကြောင်းလည်း ပြောပြပါသေးတယ်။
အဲဒီလိုနဲ့ နိုင်ငံရေးအကြောင်းတွေပြောကြတဲ့ တနေ့မှာ သူက သူ့အနေနဲ့ လက်နက်ချပြီးတဲ့နောက် ကျေးရွာတွေကိုလှည့် ပြီး ပါတီဆန့်ကျင်ရေးတွေပြောခဲ့ရကြောင့် မျက်ရည်တွေဝဲပြီး ပြောပြပါတယ်။ သူလုပ်ချင်လို့ လုပ်တာမဟုတ်ပါဘူး။ အ စိုးရစစ်တပ်ကခိုင်းလို့ လုပ်ရတာပါလို့လည်း ကျနော်တို့ကို ၀န်ခံသလိုပြောပါတယ်။ အဲဒါနဲ့တဆက်တည်းပြောတာက- “လူတယောက်ဟာ လက်နက်ချလိုက်ပြီဆိုရင် တခါထဲချရတာ မဟုတ်ဘူး။ အကြိမ်ကြိမ်ချနေရတာပဲ” လို့ ပြောပြ ပါ တယ်။ အဲဒီစကားကို ကျနော့်တသက် မမေ့နိုင်တော့ပါဘူး။
ဒီလိုနဲ့ ကျနော်က ကျနော်သိထားတဲ့ လက်နက်ချဖူးသူတွေကို ပြန်စဉ်းစားလိုက်တော့ သူပြောသလိုဖြစ်နေတယ် ဆိုတာ ကို တန်းတွေ့ရပါတယ်။ တချို့က မြဝတီလိုမဂ္ဂဇင်းထဲမှာ ဆောင်းပါးတွေရေးပြီး လက်နက်ချပြနေရတယ်၊ တချို့က မဆလရဲ့ကောင်စီတွေထဲဝင်ပြီး သခင်ကိုချီးကျူးပြနေကြရပါတယ်။ တချို့ကတော့ သတင်းပေးလုပ်ရ၊ မြက်ခင်းသစ်လို ဟာမှာစာရေးကြ၊ တချို့ကစာအုပ်ထုတ်ပြီး ကိုယ့်သခင်ဟောင်းကို ဆဲပြကြရပါတယ်။ မမြင့်ချင့်အဆုံးပါ။ ဟီးရိုးကနေ ဇီးရိုးဖြစ်သွားတဲ့ အဖြစ်အပျက်တွေလည်း များလှပါတယ်။
ဒါဖြင့်အခုကာလမှာရော၊ အဲဒါမျိုးတွေမရှိဘူးလား။ ကျနော်တော့သက်ပြင်းပဲချမိပါတယ်။ လက်နက်ချတဲ့တဲ့ လူ တွေက အမောက်ထောင်၊ မိုးခါးရေးသောက်ခိုင်းတာတွေတောင် အနှံ့အပြားတွေ့နေရပါတယ်။
ဒီနေရာမှာ လက်နက်ချတယ်ဆိုတာဘာလဲလို့ သေချာအောင်မေးလာတာမျိုး ရှိနိုင်ပါတယ်။ ကျနော်တို့ အစဉ်အလာပြော ကြတာကတော့ ရန်သူ့ဆီက အခွင့်အရေးတခုရဖို့အတွက် မိမိယုံကြည်ချက်ကို စွန့်လွှတ်တဲ့အကြောင်း ရန်သူသိအောင် နှုတ်နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ၊ ဟန်အမူအရာနဲ့ဖြစ်စေ၊ တည့်တည့်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ဖော်ပြတာကို လက်နက် ချတယ်လို့ သတ်မှတ်ပါတယ်။ တခြားအဖွဲ့အစည်းတွေတော့ မပြောတတ်ပါ။ ဗမာပြည်ကွန်မြူနစ်ပါတီမှာတော့ ပါတီဝင် တယောက်ဟာ ရန်သူ့ဆီမှာ လက်နက်ချခဲ့တယ်ရင် သူဟာ ဘယ်လောက်ပဲအဆင့်မြင့်တဲ့ ကေဒါကြီးဖြစ်နေပါစေ ပါတီ ၀င်ပြန်ဖြစ်ခွင့် မရှိတော့ပါဘူး။ ကိုယ့်အထက်တာဝန်ရှိသူက လက်နက်ချခိုင်းလို့ လက်နက်ချရပါတယ်ဆိုတဲ့ အကြောင်း ပြနည်းမျိုးကိုလည်း လက်မခံပါ။ အဲဒီလူဟာ ပါတီအတွက်၊ တော်လှန်ရေးအတွက်တော့ တာဝန်ယူ လုပ်ကိုင်ခွင့်တွေရှိပေ မဲ့ ပါတီဝင်တော့ ပြန်မဖြစ်တော့ပါဘူ။။
ဒီလိုရေးတဲ့အတွက် လက်နက်ချသူတွေကို ရှုတ်ချတာ၊ အထင်သေးတာ မဟုတ်ပါဘူး။ လက်နက်တခါချမိရင် ဆက်ချရ တတ်တယ်ဆိုတာကို သတိပေးတာပါ။ ဗမာပြည်ရဲ့ ပြင်းထန်၊ ရှည်ကြာလှတဲ့ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံတွေအကြားက ပဋိပက္ခ သမိုင်းကြောင်းမှာ အဲဒီလိုလက်နက်ချရင်း-ချရင်းနဲ့ မြောင်းထဲရောက်သွားသူတွေလည်း မနည်းတော့ဘူး မဟုတ်ပါလား။ ဒါနဲ့ပြောင်းပြန် ဦလေးဦးအောင်ဝင်းလို ပြည်သူလူထုဘက်မှာ ပြန်ရပ်လို့် လူလေးစားပြန်ခံရတယ်ဆိုတဲ့ သာဓကတွေ လည်း များလှပါတယ်။ တော်လှန်ရေးသမိုင်းမှာ လက်နက်ချပြီးနောက် တော်လှန်ရေးအတွက်၊ ပါတီအတွက် ပြန်လုပ်ရင်း ဂုဏ်ပြောင်စွာကျဆုံးသွားတဲ့ သူရဲကောင်းတွေ အများကြီးရှိခဲ့ပါတယ်။
ကွေ့တကွေ့ ခြေလှမ်းတလှမ်းဟာ အဲဒီလူရဲ့သမိုင်းကို ပြောင်းပစ်တတ်ပါတယ်။
ရဲဘော်ဖိုးသံချောင်း
http://www.naytthit.net/?p=30954