ချင်းမိုင်(မဇ္စျိမ) ။ ။ မကြာသေးခင်က တိုက်ပွဲကြီးများဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ဖားကန့်တွင် လူအုပ်စုဖြင့် လုယက်ဖျက်စီးမှုများ အနည်းဆုံး နေရာငါးခုတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်နေကြသော ထောင်နှင့်ချီသည့် ကျောက်တူးသမားများနှင့် ကျောက်ရှာ သူများ ရှိနေထိုင်ရာ ဖားကန့်မြို့မှော်ဆီစာ၊ ရှရော်ခ၊ မျောက်ဖြူ၊ မိုးပြင်းနှင့် ကထန်မှော် စသည့် ကျောက်စိမ်းမှော် ငါးနေရာတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလ ၃ ရက်နေ့က မှော်စီဆာရှိ အမျိုးသားစီးပွားတိုးတက်ရေးကုမ္ပဏီနှင့် ကျောက်စိမ်းတောင် ကုမ္ပဏီများ ၏ လုပ်ကွက်တွင် ခွင့်ပြုချက် မရဘဲ ဝင်ရောက်ကာ ရေမဆေးကျောက်ရှာသဖြင့် ကုမ္ပဏီ၏ တိုင်ကြားချက်ဖြင့် ရဲက ဖမ်းဆီးကာ ယင်းတို့ပိုင် မော်တော်ဆိုင်ကယ်နှင့် သုံးဘီးကားများကို သိမ်းဆည်းခဲ့သည်။ နောက်ပိုင်းတွင် မကျေနပ်
သော လူအုပ်စုက အဆောင်ကိုမီးရှို့ကာ ကုမ္ပဏီပိုင်ပစ္စည်းများကို လုယက်ကြသည်။
"ကျနော်သွားကြည့်လိုက်တဲ့အခါမှာ လမ်းမှာ သွားသွားလာလာ ကျောက်သယ်တဲ့သူ၊ သွပ်သယ်တဲ့လူ၊ ပျဉ်တွေ သယ်တဲ့လူတွေ တွေ့ရတယ်" ဟု ရိုမင်ကက်သလစ် အသင်းတော်မှ သင်းအုပ်ဆရာ နော်ဂျာက ပြောသည်။
အလားတူပင် မျောက်ဖြူမှော်ရှိ ကုမ္ပဏီတခုတွင်လည်း ညအချိန်တွင် ကျောက်စိမ်းများ၊ သိုလှောင်ထားသော
လောင်စာဆီများ လုယက်ခံရပြီး အဆောင်ကိုလည်း ဖျက်စီးသွားခဲ့ကြကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်လူစုခွဲခဲ့ သည်ဟု ဆိုသည်။
"ကုမ္ပဏီ လုပ်ငန်းရှင်တွေရော သူတို့အဆောင်တွေကို ကြီးကြပ်တဲ့လူ မရှိဘူးဆိုတော့ ဥပဒေ စိုးမိုးမှု အပိုင်းမှာလဲ မလုပ်နိုင်တဲ့အခါကျတော့ ကျောက်တူးသမားတွေ၊ ရေမဆေးသမားတွေ၊ သူတို့ လုပ်ချင်တာလုပ်၊ မီးရှို့ဖျက်ဆီး၊ ရှိတဲ့ကျောက်တွေ သယ်ယူကြတယ်ဆိုတော့ ဟိုဘက်က တပ်က ရမ်းပစ်တယ်။ အဲဒီမှာ တယောက်က ထိလို့
သေသွားတယ်" ဟု ဆရာ နော်ဂျာက ပြောသည်။
ဖားကန့်မြို့နယ်တွင် မေလ ၃ဝ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်များနှင့် အစိုးရတပ်များ တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ပြီးနောက် ကျောက်မျက်ရှာဖွေရေးကုမ္ပဏီများ၏ လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့သည်။ သို့သော်လည်း တရားမဝင် သို့မဟုတ် သိုသိုသိပ်သိပ်ဖြင့် ဆက်လက်လုပ်ဆောင်သည်များလည်း ရှိနေခဲ့သည်။
ဗုဒ္ဓဟူးနေ့ညက ယူမာနှင့် ဆိုင်းတောင်အကြားတွင် KIO နှင့် အစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ခတ်သံများကိုပင် ကြားရသည်ဟု သင်းအုပ်ဆရာတော်က ပြောသည်။
ထို့ပြင်ညပိုင်းတွင် ဆိုင်းတောင်မြို့အဝင် ဒေါ်တင်လှ ဓါတ်ဆီဆိုင်အနီး ကားလမ်းပေါ်တွင် အစိုးရ စစ်ကြောင်းပါ စစ်သား ၁၀ ဦးကျော်သည် ယင်းတို့ သယ်ဆောင်လာသည့် ဗုံးပေါက်ကွဲ၍ အနည်းဆုံး သုံးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး အန်ဂျီအိုဝန်ထမ်း လင်မယားနှစ်ဦးလည်း ဒဏ်ရာရသွားခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဒေါ်နေဂျာရှန်က ပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖားကန့်မြို့ ရဲစခန်းအား မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့ရာ အကြောင်း
ပြန်ကြားခြင်း မရှိပေ။
အင်္ဂါနေ့နံနက်ကလည်း ဖားကန့်မြို့နယ် မှော်ဝမ်းမြို့ ရပ်ကွက် ၂ နေ အသက် ၂၇ နှစ်အရွယ် ဦးကရင်နော်ကျန်းသည်
ရေမဆေးရှာရန် သွားသည့်လမ်း မျောက်ဖြူနှင့် ရှရော်ခဘက်သို့ သွားခဲ့ရာလမ်းတွင် ဗုံးဆံထိမှန်ကာ သေဆုံးသွားခဲ့ သည်။
"အစိုးရတပ်ကနေ ဗုံးပစ်ပေးလိုက်တာ မိုင်းစထိမှန်သွားတယ်၊ အဲဒီမိုင်းစက အဆုတ်မှာ ထိသွားတယ်။ မနေ့က ကျမ သူ့မိသားစုနဲ့ သွားတွေ့တယ်။ အဲဒီနေ့မှ အဲဒီရှရော်ခဘက်ကို သွားတာတဲ့။ ရေမဆေးလိုက်ကောက်တဲ့။ တခါမှ မသွား
တော့ဘူး။ အဲဒီနေ့မှ သွားလို့ ရပြီဆိုပြီး သွားလိုက်တာ အဲဒီလို ဖြစ်သွားတာတဲ့" ဟု ဒေါ်နေဂျာရှန်က ပြောသည်။ ဦးကရန်နော်ကျန်းတွင် သူက သားသမီး နှစ်ဦးရှိပြီး ဇနီးဒေါ်ဒေါင်နန်းတို့ ကျန်ရစ်သည်။
ပြီးခဲ့သည့်လ ၁၉ ရက်နေ့မှစတင်၍ နှစ်ဖက်တပ်များ တင်းမာမှုကြောင့် ဖားကန့်မြို့နယ်အတွင်းရှိ မှော်မောင်ကုန်၊
တောင်ပြို၊ သူဌေးချောင်း၊ ဆိုင်းဂျာဘွမ်၊ မနားချေား၊ ဗလခ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး၊ ရှရောခ၊ ဇွပ်ငိုင်၊
မျောက်ဖြူနှင့် မှော်မောင်းလယန် စသည့်ကျေးရွာများက ဒေသခံများသည် အိုးအိမ်များစွန်ကာ ဖားကန့်မြို့ပေါ်သို့ ထွက်းပြေး တိမ်းရှောင်နေရဆဲပင် ဖြစ်သည်။
လက်ရှိ ဖားကန့်မြို့ပေါ်တွင် အစိုးရတပ်အင်အား တဖြည်းဖြည်း ပိုမိုများပြားလာနေပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသေးသော်လည်း နှစ်ဘက် သတိနှင့် စောင့်ကြည့်နေကြသည်ဟု KIA ၏ တပ်မဟာ ၂ လက်အောက်မှ တပ်ရင်း ၆ တပ်ဖွဲ့မှ အရာရှိ တဦးက ပြောသည်။
သြဂုတ်လ ၂၉ ရက်နေ့က အစိုးရတပ်နှင့် KIA တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဝေအောင်ကမ္ဘာ အကျိုးတူ ကုမ္ပဏီ တခုထဲ လက်နက်ကြီး ကျကာ ယင်းကုမ္ပဏီအတွင်းမှ သိုလောင်ထားသော လောင်စာဆီ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အစိုးရတပ်ဘက်မှ ကျဆုံးသူဦးရေ ၅ဝ အထိပင်ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။