ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော်လမ်းရှိ အစိုးရတပ် လဂျားယန် လုံရောက် (Lung RawK) တပ်စခန်းရှိရာသို့ ရိက္ခာပို့ပြန်လာသော မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တိုက်ပွဲများဖြစ်ပွားခဲ့ရာတွင် အစိုးရတပ်ဖက်မှ နောက်ဆုတ်သွားပြီး လက်နက်များ သိမ်းဆည်းရ လိုက်ကြောင်း သိရသည်။
KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၃) တပ်ဖွဲ့နှင့် အစိုးရတပ် ခလရ (၁၄၂)သို့ ရိက္ခာပို့လာသော တပ်ဖွဲ့နှင့် ရှဒန်ပါ (Shadan Pa) တွင် စက်တင်ဘာလ ၁၈ ရက်ညနေ့မှ သန်းခေါင်ချိန်ထိ လက်နက်ကြီး လက်နက်ငယ်များနှင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့စဉ် အစိုးရတပ်များ၏ ဗဇူကာ အမြောက်ဆံ ၁ ခု၊ လက်နက်သေး ကျည်ဆံ ၁၀၀ ကို သိမ်းဆည်းရရှိလိုက်ခြင်းဖြစ်ကြောင်း KIA အဖွဲ့ဝင်တစ်ဦး ပြောသည်။
“ညသန်းခေါင်မှာ ကျနော်တို့ သွားလိုက်တာ ရှေ့အဖွဲ့ကဝင်သွားတယ်။ နောက်ဆုံးအဖွဲ့ကိုမှ ပစ်တာ အဲချိန်မှာအားလုံး ထွက်ပြေးသွားကြတယ်။”
ထို မြန်မာအစိုးရတပ်နှင့် KIA တပ်ရင်း (၂၃)တပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုတွင် မြန်မာအစိုးရတပ်မှ အများဆုံးသေဆုံးကြောင်း ရှေ့တန်းမှပြောဆိုသော်လည်း နှစ်ဖက်လုံး အသေအပျောက်ကိုမူ တိကျစွာ မသိရှိရသေးပေ။
နှစ်ဖက်တိုက်ပွဲများသည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ယနေ့ည ထိဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
ထိုသို့ ရိက္ခာလာပို့သည့် မြန်မာအစိုးရတပ်များနှင့် KIA သည် စက်တင်ဘာ ၁၇ ရက်မှ စ၍ ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့အထိ နေ့၊ ည မပြတ်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်းသိရသည်။
အဆိုပါနယ်မြေတွင်း အနည်းဆုံး ၃ နေရာတွင် တိုက်ပွဲဖြစ်ပွားနေပြီး ယခုချိန် နားလုံ၊ ခယာ၊ ရှဒန်ပါ တပ်မဟာ(၅) နယ်မြေတွင် ခြုံခိုတိုက်ခိုက်နေကြောင်း KIA ပြောသည်။
ဆက်လက်၍လည်း ယခုချိန် မြန်မာအစိုးရတပ်များသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဗဟိုဌာနချုပ် လိုင်ဇာအနီးတွင် စစ်အင်အားများ ဖြည့်တင်းတိုးချနေကြောင်း KIA အရာရှိများဆိုသည်။
http://kachinnews.com/burmese/news/951-%E1%80%9B%E1%80%AD%E1%80%80%E1%81%A1%E1%80%AC%E1%80%95%E1%80%AF%E1%80%AD%E1%82%94%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-kia-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%81%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%99%E1%82%88%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%9C%E1%80%80%E1%80%B9%E1%80%94%E1%80%80%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%9E%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%86%E1%80%8A%E1%80%B9%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%9B.html