ချင်းမိုင် (မဇ္ဈိမ) ။ ။ နှစ်ဖက်တပ်များ လိုက်နာသင့်သော ကျင့်ဝတ်များအပေါ် အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံးတို့ အင်္ဂါနေ့က သဘောတူလက်မှတ် ရေးထိုးလိုက်နိုင်သည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက
ပြောသည်။
“ဒီအထဲမှာ နှစ်ဘက်တပ်တွေ လိုက်နာရမယ့် အချက်အလက်တွေ။ ပြည်သူလူထုကို ဘယ်လိုပုံစံ ဆက်ဆံရမှာလဲ။ ဘယ်လိုအချက်တွေ လိုက်နာရမှာလဲ။ စောင့်ကြပ်ကြည့်ရှု့တဲ့ ကော်မတီတွေ ဖွဲ့စည်းဖို့၊ ဒီကော်မတီ ကနေပြီးတော့ အပစ်အခတ် ရပ်စဲရေးကို ခိုင်မာမှု ရှိမရှိ၊ သေချာမှု ရှိမရှိ။ စောင့်ကြပ်ကြည့်ရှု့တာတွေလုပ်ဖို့ ရေးသားထားပါတယ်။” ဟု ဒေါ်နော်မေဦးက ပြောသည်။
တပ်များ၏ ကျင့်ဝတ်နှင့် ပတ်သက်သော ဒုတိယမူကြမ်းအပေါ် သဘောတူနိုင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍လည်း
နှစ်ဘက်တပ်များ ရွှေ့ပြောင်းရေးကို ဆွေးနွေးလျက်ရှိသည်။
KNU ဘက်မှ တပ်မဟာ ၁ မှ ရ ထိ နေရာချထားရေးနှင့် ပတ်သက်၍ တင်ပြခဲ့ရာ ၎င်းတို့ တင်ပြချက်အား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ တင်ပြသွားမည်ဟု သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က အကြောင်းပြန်ခဲ့သည်ဟု သိရသည်။
သမ္မတရုံးဝန်ကြီးသစ်များဖြစ်ကြသော ဦးအောင်မင်းနှင့် ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ သစ်တော ဝန်ကြီး တင်အောင်၊ အရှေ့တောင်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဝင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များလည်း တက်ရောက်ခဲ့သလို၊ KNU ဘက်မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ ဘားအံမြို့ ဇွဲကပင်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ဇန်နဝါရီလက ပြည်နယ်အဆင့် အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီထားချက်နှင့် ပတ်သက်၍ နှစ်ဘက်လုံးက
ပြင်ဆင်လိုလျှင် ပြင်ဆင်ခွင့်ရှိကြောင်း နှစ် ၂၀ ကျော်ကာလတွင် မြန်မာပြည်သို့ တရားဝင် ပြန်လာလည်ပတ်နေသော ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်ကပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ အခရာကျသော အကြောင်းအရာတခုဖြစ်သည့် နှစ်ဘက်တပ်များ၏ တည်နေရာနှင့် ပတ်သက်၍ ဆွေးနွေးရန်များစွာ ကျန်ရှိနေသေးသည်။ ဇန်နဝါရီ ၁၂ ရက်နေ့က KNU နှင့် အစိုးရအဖွဲ့တို့ ပြည်နယ် အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ဆွေးနွေးမှုများ ဆက်လက်ဖြစ်ထွန်းခဲ့သည်။
သို့သော် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ပွင့်လင်းမှုရှိပြီး ရင်းရင်းနှီးနှီး ဆွေးနွေးသည့်အပေါ် ကျေနပ်သော်လည်း ထင်သလောက် ခရီးမရောက်သေးကြောင်း နော်မေဦးက သုံးသပ်သည်။
“တွေ့ဆုံဆွေးနွေးပွဲတခုတည်းအပေါ်မှာ ကြည့်မယ်ဆိုရင်တော့ ကျေနပ်အားရမှုရှိပါတယ်။ ကျမတို့ အမြဲတမ်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတဲ့အပေါ်မှာတော့ ကျေနပ်မှုရှိပါတယ်။ ဒါပေမဲ့ ကျမတို့က ဖြစ်စဉ်ကြီးတခုလုံး အတွက်ကို
ရေရှည်အတွက်ကို ဆွေးနွေးတဲ့အခါကျတော့ ထင်သလောက်တော့ ခရီးမပေါက်သေးဘူးပေါ့။ ဒါပေမယ့် သွားနေပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
KNU သည် ယခုနှစ် ဇန်နဝါရီလက အပစ်အခတ် ရပ်စဲခဲ့ပြီး ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ ကရင်ပြည်နယ် မြဝတီမြို့၊ ကြာရင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူနှင့် တနင်္သာရီတိုင်း ထားဝယ်တို့တွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားပြီး
ဖြစ်သည်။