ကချင်ပြည်နယ် အတွင်းမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကို သမ္မတ ဦးသိန်းစိန်အနေနဲ့ ရပ်တန့်ဖို့ အမိန့်ထုတ်ပြန် ထားတဲ့ကြားက မြန်မာစစ်တပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတာကို ရပ်ဆိုင်းဖို့ တိုင်းရင်းသား လူမျိုးများကောင်စီ (ပြည်တောင်စု မြန်မာနိုင်ငံ) ENC အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ တတိယအကြိမ် ညီလာခံ ကျင်းပအပြီးမှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပြီး ကချင်ပြည်နယ်မှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် အပစ်အခတ် ရပ်စဲရေး သဘောတူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ပြည်တောင်စု အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဆိုင်းငံ့ဖို့ကိုပါ ENC အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ENC အဖွဲ့က ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ ရွှေခါးက -
"ပြည်တောင်စု အစိုးရနဲ့ တိုင်းရင်းသား အားလုံးနဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်မှပဲ တကယ့်စစ်မှန်တဲ့ တကယ့်ပြေလည်နိုင်မယ့် ငြိမ်းချမ်းရေးကို ရရှိမယ်လို့ ကျွန်တော်တို့ သုံးသပ်တယ်၊ အဲ့ဒါကြောင့် အားလုံး ပါ၀င်နိုင်ဖို့ ဆိုလို့ရှိရင် ကချင်ပြည်ဖက်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေက ဖြေရှင်းမှသာ ကချင်လူမျိုးတွေလည်း ပါလာနိုင်မှာ ဖြစ်တယ်။ အဲဒါကြောင့် ဒီလိုမျိုး ဆက်လုပ်နေလို့ကတော့ ကျွန်တော်တို့ကလည်း ရှေ့ဆက်သွားလို့ မရဘူး။ အဲဒါကြောင့် ကျွန်တော်တို့က ကျန်တဲ့ အပစ်အခတ်ရပ် အဖွဲ့အစည်းတွေကိုလည်း တကယ်လို့ ဒီလိုပဲ ဆက်လက် ထိုးစစ်ဆင်နေမယ် ဆိုလို့ရှိရင် ကျွန်တော်တို့က အခု ပြည်တောင်စု အစိုးရနဲ့ engagement လုပ်နေတဲ့ဟာတွေကို ဆိုင်းငံ့ထားဖို့ပေါ့၊ suspend လုပ်ဖို့ တောင်းဆိုလိုက်တာ ဖြစ်တယ်"
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် အသက်ဆုံးရှုံးသွားတာ၊ အနာတရ ရတာ၊ အိုးအိမ် ဥစ္စာဓန ဖျက်ဆီးခံရတာ၊ ဆုံးရှံုးတာ၊ ဒုက္ခသည် အဖြစ် ရောက်ရှိနေတာတွေ အပေါ် ၀မ်းနည်းမိကြောင်းနဲ့ ဒီကိစ္စကို ပြည်တောင်စု အစိုးရ အနေနဲ့ တရားမျှတစွာ အမြန်ဆုံး ဖြေရှင်းဖို့ကိုလည်း ENC အဖွဲ့က ကြေညာချက် တစ်စောင် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
တစ်ဆက်တည်းမှာပဲ ပင်လုံကဲ့သို့သော ညီလာခံ အပါအဝင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်စဉ် မူဘောင်တွေကို ပြည်တောင်စု အစိုးရနဲ့ တိုင်းရင်းသား လူမျိုးတွေအကြား နှစ်ဖက်ညှိနှိုင်း သဘောတူညီပြီးမှသာ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုကြောင်း သဘောထား ရှိတယ်လို့ ဒေါက်တာ ရွှေခါးက ဆက်ပြောပါတယ်။
"ပင်လုံကဲ့သို့ ညီလာခံ လုပ်မယ်ဆိုရင် ကျင်းပရေး ကော်မတီ ဘယ်လိုဖွဲ့မလဲ၊ ဘယ်သူတွေက ပါ၀င်မည့် ပုဂ္ဂိုလ်တွေကို အိုက်ဒင်ဒီဖိုင်း လုပ်မလဲ၊ ပြီးတော့ အာဂျင်ဒါတွေ ဘယ်လိုဆွဲမလဲ၊ ပြီးတော့ ကျွန်တော်တို့ အဲလိုမျိုး ညီလာခံ လုပ်လို့ရှိရင် ဘယ်လို ဆုံးဖြတ်ချက်ချမလဲ၊ အဲဆုံးဖြတ်ချက်ချတယ် ထားဦး။ ဘယ်လို အကောင်အထည် ဖော်မလဲဆိုတဲ့ Framework ပြီးတော့ အခုလောလောဆယ်မှာ ဖြစ်နေတဲ့ဟာကလည်း တစ်ခုလုံး ပါလာဖို့အတွက် လက်ရှိ ဥပဒေတွေမှာ နည်းနည်း ပြင်ဆင်စရာတွေ ရှိတာတို့ ဥပမာ အခုထက်ထိ တိုင်းရင်းသားတွေ လက်နက်ကိုင် အဖွဲ့အစည်းတွေက တရားမဝင်မှာပဲ ရှိသေးတယ် ဆိုတော့ ကျွန်တော်တို့နဲ့ စကားပြောတဲ့လူ၊ ကျွန်တော်တို့နဲ့ တွေ့တဲ့လူက ၁၇/၁ နဲ့ ဖမ်းလို့ ရသေးတာကိုး။ ဖမ်းနေဆဲ ဖြစ်နေတာကိုး။ အဲဒါတွေကိုလည်း ကျွန်တော်တို့ အကုန်လုံး ညှိရမယ်"
တိုင်းရင်းသား လူမျိုးများကောင်စီ (ပြည်တောင်စု မြန်မာနိုင်ငံ) အဖွဲ့ကို ပြည်နယ် ရ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ဒီတတိယ အကြိမ် ညီလာခံကနေ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်ကို ရွေးချယ် လိုက်ကြတယ်လို့လည်း သိရပါတယ်။
http://www.rfa.org/burmese/news/enc-kachin-civil-war-09122012203132.html