ဖမ်းဆီးခံထားရသောသူများရင်ဆိုင်နေရသော မတရား ညှဉ်းပန်း နှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတို့ကို ဖော်ထုတ် အရေးယူပေးရန် မိသားစုဝင်များက စက်တင်ဘာလ ၂၀ ယမန်နေ့တွင် သမ္မတ ဦးသိန်းစိန် ထံ လိပ်မူ၍ တိုင်ကြားလိုက်ခြင်းဖြစ်သည်။
ဖမ်းဆီးခံထားရသူနှစ်ဦးအား ဇွန် ၁၂ ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ ခလရ (၃၇) တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့-စရဖ ထံလွှဲပြောင်းပေးလိုက်ပြီးနောက် စရဖ တပ်ဖွဲ့ဝင် ငါးဦးတို့က နှိပ်စက်မှုများပြုလုပ်ကာ အဓမ္မလိင်တူဆက်ဆံခိုင်းခဲ့ခြင်းဖြစ်ကြောင်း နှိပ်စက်စေခိုင်းခံရသူ တဦး၏ဇနီး ဒေါ်ခေါန်က ပြောသည်။
“အစကတော့ ကျမယောကျ်ားကို နင်တို့ယေရှုက လက်ဝါးကပ်တိုင်မှာ အသေခံတယ်မလား နင်တို့ယေရှုအသေ ခံတဲ့ ပုံစံလုပ်ပြဆိုပြီး သမံတလင်းအပေါ်မှာ ကျောက်ခဲ ၃-၄ လုံးထားထားပြီး လက်ကိုတော့ ဆန့်ခိုင်းပြီး ဒူးထောက်ခိုင်း တယ်တဲ့။ ကျမယောကျ်ားက အရမ်းညောင်းတယ်ဆိုပြီး လက်ချလိုက်တော့ ဟေ့ကောင် မင်းဘာ လုပ်တာလဲဆိုပြီး ပါးရိုက်တယ်။ ကန်တယ်တဲ့။ ပြီးတော့ သူ့သူငယ်ချင်းတစ်ယောက်ကို ခေါ်ယူပြီး အချင်းချင်း ဆက်ဆံခိုင်းတယ်တဲ့ အဝတ်တွေလည်း သူတို့ချွတ်ပေးတယ်တဲ့။ ကျမယောက်ျားက အဲလိုတော့ မလုပ်ခိုင်းပါနဲ့ တောင်းပန်တယ်လို့ပြောတော့ ဟေ့ကောင်မင်းမငြင်းနဲ့ဆိုပြီး ပြန်ကန်တယ်တဲ့”
“အဲလိုနဲ့ မလုပ်ဘဲနေနေတော့။ ဖယောင်းတိုင်နဲ့ သူ့ရဲ့ဟာ (အမျိုးသားအင်္ဂါ) ကို ရှို့ပေးတယ်တဲ့။ အဲဒီလို နှိပ်စက်တော့ လုပ်လိုက်တယ်တဲ့။ ခဏကြာတော့ နင်ပြီးပြီ ဟိုတကောင်ပြန်လုပ်ဆိုပြီး။ သူ့သူငယ်ချင်းကို ဒူးထောက်ခိုင်းပြီး မင်းတို့မိန်းမကို ဘယ်လိုလုပ်တာလဲ။ ဘေးစောင်းလုပ်တာလား။ ပက်လက်လှန် လုပ်တာလား မင်းတို့မိန်းမကို ဘယ်လိုလုပ်ရင် အဲဒီလိုလုပ်ဆိုပြီးတော့ တစ်ယောက်ပြီးတစ်ယောက် လုပ်ခိုင်းတယ်တဲ့။ အဲလိုလုပ်ခိုင်းထားပြီး သူတို့(စရဖ) ၅ ယောက်က အရမ်း ရယ်နေတယ်တဲ့။ ပြီးတော့ သူ့သူငယ်ချင်းကိုတော့ နင်တို့က မနောအကက တဲ့လူမျိုးတွေပဲ မနောအက ကပြလို့ပြောပြီး အရူးလိုလိုနဲ့ မနောအက ပြန်ကခိုင်းတယ်တဲ့” ဟု ဇနီးဒေါ်ခေါန်ကပြောသည်။
၎င်း၏ ခင်ပွန်းသည် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နှင့် ဗုံးခွဲမှုတို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ် သည်။
ထိုသို့ တရားစွဲဆို ဖမ်းဆီးထားသော်လည်း အမှန်တကယ်တွင် KIA နှင့်ဆက်သွယ်မှု လုံးဝမပြုလုပ်ကြောင်း ဒေါ်ခေါန်ကပြောသည်။
“သူတို့က ကျမယောက်ျားကို ကချင်စစ်သားဟုတ်တယ်။ KIA ဟုတ်တယ်။ ဗုံးကွဲတဲ့လူတွေဟုတ်တယ်ဆိုပြီး တရားစွဲထားတယ်လေ။ ကျမယောကျ်ားက KIA စစ်သားဆိုတာ သူ့တစ်သက်မှာ မျက်နှာချင်းဆိုင်တောင် မမြင်ဖူးဘူးဟုတ်တယ်။ ဗီဒီယိုမှာ မြင်ဖူးရင်မြင်ဖူးမယ်။ သူက အသက်ငယ်ငယ်ကနေ အိမ်ထောင်ပြုတယ် ဆိုတော့။ အိမ်ထောင်ရေးတောင်မနိုင်လို့ ဘယ်ကိုမှတောင်သွားလို့ မရဘူး။ KIA စစ်သားကို မြင်တောင် မမြင်ဖူးဘူး။” ဟုပြောသည်။
ဒေါ်ခေါန်၏ ခင်ပွန်းမှာ အစိုးရ စစ်တပ်နှင့် စစ်ဘက်ဆိုင်ရာ လုံခြံုရေး တပ်ဖွဲ့ (စရဖ)တို့က မတရား ညှဉ်းပန်း နှိပ်စက်မှုကြောင့် ခေါင်းတစ်ခြမ်းယောင်ခြင်း၊ နားမကြားခြင်း၊ ကိုယ်တွင် ဒဏ်ရာများထင်နေပြီး စရဖ ရုံးတွင် ထားရှိချိန်တွင်လည်း အမှောင်ခန်းတွင်ပိတ်ထားကာ ထမင်းစားရာတွင် ဓါတ်မီးဖြင့်ထွန်း၍ စားရသည့်အပြင် ဓါတ်ဆီဖြင့်ရောထားသော ရေကိုသာ တိုက်နေကြောင်း ဇနီးသည်ကပြောသည်။
ထိုသို့ပြုလုပ်နေမှုတွင် မိသားစုဝင်များက အဓမ္မ လိင်တူဆက်ဆံခိုင်းသည့် စရဖ တပ်ဖွဲ့ဝင် ငါးဦးအား ဖော်ထုတ်အရေးယူပေးရန်၊ ဖမ်းဆီးစဉ် ညှဉ်းပန်း နှိပ်စက်ခဲ့သော ခလရ ၃၇ မှ တာလောကြီးစစ်ကြောင်းအဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များတို့ အား ဖော်ထုတ် အရေးယူပေးပါရန်နှင့် မမှန်မကန် စွဲဆိုထားမှုများအပေါ် အမှန်တရားကို စုံစမ်းရန်နှင့် တရားစွဲဆိုခြင်းကို အမြန်ရုတ်သိမ်းပေးပါရန် စသည့်အချက်များဖြင့် တိုင်ကြားထားခြင်းဖြစ်သည်။
တိုင်ကြားစာကို နိုင်ငံတော် သမ္မတအပြင် ပြည်နယ် ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကုလ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာ ကွင်တားနား၊ ကချင်ပြည်နယ်နှင့် ရန်ကုန်မြို့ရှိ ကုလ ဒုက္ခသည်များဆိုင်ရာ UNHCR ရုံး၊ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ် MCC၊ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းတော်များ ကောင်စီ၊ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC၊ ကက်သလစ် အသင်းတော်၊ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည််၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများ၊ နိုင်ငံသားအခွင့်အရေး ဒီမိုကရေစီ အဖွဲ့အရေး အမျိုးသားလွှတ်တော် ကော်မတီ စသည့် အဖွဲ့များသို့ ပေးပို့လိုက်ကြောင်း သိရသည်။
ဒေါ်ခေါန်၏ ခင်ပွန်းမှာ ၂၄ နှစ်ရှိပြီး ကလေး ၃ ဦး၏ ဖခင်ဖြစ်သည်။ ဇနီးသည်နှင့် ကလေး ၃ ဦးတို့မှာ ယခုချိန် မြစ်ကြီးနား ရွှေစက်နှစ်ခြင်းအသင်းတော် ဒုက္ခသည်စခန်းတွင်နေထိုင်ခြင်းဖြစ်သည်။ မတရားနှိပ်စက်ခံရသူ၏ အမည်ကို မိသားစုဝင်များက ဂုဏ်သိက္ခာ ထိန်းသိမ်းလိုသောအားဖြင့် ဖော်ထုတ်ရန် ငြင်းဆိုသည်။
မြစ်ကြီးနားမြို့နယ် ရွှေစက်ကျေးရွာ နှစ်ခြင်းအသင်းတော် ဘုရားကျောင်းမှ စစ်ပြေးဒုက္ခသည် စခန်းတွင် ခိုလုံနေသူ တစ်ဦး၊ တာလောကြီးကျေးရွာမှ နှစ်ဦး နှင့် ဒေါ်ခေါန်၏ ခင်ပွန်းသည်ကို ဇွန်လ ၁၂ ရက်နေ့တွင် ဝိုင်းမော်မြို့နယ် တာလောကြီးကျေးရွာ အနီးရှိ ခလရ ၃၇ တပ်ဖွဲ့များက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၁၈ ရက်နေ့တွင် ရှေ့နေ ဦးမာခါး ကိုယ်တိုင် ခလရ (၃၇) တပ်သို့ သွားရောက် စုံစမ်းရာ တာဝန်ရှိ ဗိုလ်မှူး ညီညီထွန်း က ဖမ်းဆီးထားသူများအား စစ်ဘက်ရေးရာလုံခြံုရေးတပ်ဖွဲ့ (စရဖ) ထံ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
ထိုသို့ဖြင့် ယခုချိန် ၎င်း တို့ ၄ ဦးအား မြစ်ကြီးနား ထောင်ကြီးတွင် ထားရှိကာ ရုံးချိန်းပြုလုပ်နေကြောင်းနှင့် လာမည့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထပ်မံရုံးချိန်းရှိကြောင်း အခြား ဖမ်းဆီးခံရသူ တစ်ဦး၏ အစ်မဖြစ်သူကပြောသည်။