အောက်တိုဘာလထုတ် ‘လိုအပ်သည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် ပတ်သက်၍ အကဲဖြတ်ချက်’ အစီအရင်ခံစာကို နယူးဇီလန် အခြေစိုက် The Gage အဖွဲ့မှ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး အထူးသဖြင့် ဒုက္ခသည်များ အား အကာအကွယ် ပေးနိုင်မှု၊ ရေရရှိမှု၊ အစားအစာ ရရှိမှု၊ အာဟာရနှင့် ကျန်းမာရေးနှင့် ပတ်သက်သည့် ကိစ္စရပ် များတွင် အခြေအနေများမှာ စိုးရိမ်စရာရှိသည်ဟု ဖော်ပြထားသည်။
“KIO ထိန်းချုပ် ဒေသများတွင် ရှိနေသည့် ဒုက္ခသည်များ၏ လိုအပ်ချက်များမှာ အကြီးအကျယ် လျစ်လျူရှုခြင်း ခံနေရပြီး ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် အထူး စိုးရိမ်သင့်သည်” ဟု အစီရင်ခံစာက ဆိုသည်။
မေလအတွင်းက ကချင်ပြည်နယ် အခြေစိုက် ဒေသဆိုင်ရာ အဖွဲ့အစည်းများက စုဆောင်းကောက်ယူခဲ့သော သတင်း အချက်အလက်များကို အခြေခံ၍ တွေ့ရှိချက်များအရ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ၏ Sphere Project က သတ်မှတ်ထားသော အနိမ့်ဆုံး စံနှုန်းများကို ပြည့်မီခြင်း မရှိဟု ဆိုသည်။
တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ဒုက္ခသည် ရဝ,ဝဝဝ ခန့်ရှိပြီး သုံးပုံနှစ်ပုံမှာ KIA ထိန်းချုပ် နယ်မြေအတွင်း ခိုလှုံနေကြောင်း အစီရင်ခံစာက တွေ့ရှိရသည်။
ထို့ပြင် နိုင်ငံတကာ အဖွဲ့အစည်းများက ဒေသတွင်း NGO အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အစိုးရ ထိန်းချုပ်ဒေသများ ရှိ ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်သော်လည်း KIO ထိန်းချုပ်ဒေသ တွင် အကူအညီများ ပေးရေးအတွက် မြန်မာအစိုးရက ကန့်သတ်ထားပြီး လေ့လာသူများနှင့် ထောက်ပံ့ရေး ယာဉ်တန်းများ ဝင်ရောက်ခွင့်ကိုလည်း အစိုးရဘက်မှ မေလ ကတည်းက ကန့်သတ်ထားသည်ဟု ဆိုသည်။
“ရလဒ်မှာ KIO ထိန်းချုပ်ရာ ဒေသတွင်းရှိ ဒုက္ခသည်များအား အကူအညီပေးရာတွင် အဖွဲ့အစည်းများအနေဖြင့် အနိမ့်ဆုံးသတ်မှတ်ထားသည့် စံချိန်စံညွန်းများကို ပြည့်မီအောင် မစွမ်းဆောင်နိုင်ပဲ ဖြစ်နေရသည်” ဟု ရေးသားထား သည်။
ဒုက္ခသည်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု သိရပြီး နိုင်ငံတကာ အဖွဲ့အစည်းများ ဝင်ရောက်နိုင်မှု မရှိ၍ ပိုမိုဆိုးဝါးလာနိုင်သည်ဟု သုံးသပ်ထားသည်။ ထို့ကြောင့် နိုင်ငံတကာနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာအစိုးရကို နိုင်ငံတကာ အဖွဲ့အစည်းများအား လက်ခံခွင့်ပြုစေရန် ဖိအားပေးကြရန် The Gage က အကြံပြုထားသည်။
သတင်းအချက်အလက် စုဆောင်းမည့် Mission တခုအား အမြန်ဆုံး စေလွှတ်ရန်လည်း အစီရင်ခံစာက အကြံပြု ထားပြီး လိုအပ်ချက်များအား အသေးစိတ် ရာခိုင်နှုန်းများဖြင့် တွက်ချက်ထားမှုများလည်း ပါရှိသည်။
ဒုက္ခသည်စခန်းပေါင်း ၅ဝ ခန့်အတွင်း စားဝတ်နေရေး လိုအပ်ချက်မှာ လိုအပ်နေဆဲ ဖြစ်ပြီး ရေရရှိမှုမှာလည်း အခက်အခဲ အမျိုးမျိုးကြံုတွေ့နေရသည်ဟု KIO ၏ ဒုက္ခသည်များ ကူညီပေးရေး ကော်မတီ တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။
“စခန်းတခုနဲ့တခု မတူဘူး။ စခန်းတချို့မှာတော့ ရေမလုံလောက်တာတွေ ရှိတယ်။ တချို့နေရာမှာက သဘာဝရေကို သွယ်ယူရတယ်ဆိုတော့ ပြဿနာ သိပ်မရှိဘူး။ ဒါပေမယ့် ရေမသန့်ရှင်းတာတွေ ရှိတယ်။ တချို့က ရေတွင်းတူးယူ ရတာတို့၊ ရေကန် လုပ်ယူရတာမျိုးတွေ ရှိတယ်။ ကျနော်တို့ ကော်မတီကနေ ဆီတောင် ကောင်းကောင်းမပေးနိုင်ဘူး” ဟု မဇ္စျိမကို ပြောသည်။
ကလေးနှင့် မိခင်များအတွက် ထောက်ပံ့မှုမှာ စေတနာ့ လူမှုအဖွဲ့အစည်းများ၏ ကူညီမှု အနည်းအကျဉ်းသာ ရရှိသည်ဟု ဆိုသည်။
နေအိမ်အမိုးအကာနှင့် ပတ်သက်၍လည်း တချို့ ပလပ်စတစ်မိုးကာဖြင့် မိုးထားသဖြင့် အချိန်ကြာ မခံသဖြင့် အသစ် လဲရန် လိုအပ်နေပြီး ကလေးများ ပညာရေးအတွက်မူ စခန်းတိုင်းမှာ ကျောင်းများ ဆောက်ထားသော်လည်း
ကျောင်းဆောင်နှင့် ကလေးများ စာသင်ကြားရန် အဆောင်များ လုံလောက်မှု မရှိသဖြင့် အလှည့်ကျ စာသင်ပေးနေ ရသည်ဟု ဦးဒွဲပီဆားက ပြောသည်။
“ကျနော်တို့ ဒုက္ခသည်တွေ နေတဲ့နေရာက နယ်စပ်မှာဆိုတော့ ဟိုဘက်ကမ်းဆိုရင် အကြောင်းမရှိဘဲ တရုတ်နိုင်ငံ ဘက် ဝင်လို့ မရဘူး။ အနောက်ဘက်ဆိုရင်လည်း အစိုးရ လက်နက်ကြီးတွေနဲ့ ပစ်တဲ့ နေရာတွေပဲ။ ဒါကြောင့် စစ်ပြေးတွေ စီးပွာရေးနဲ့ ပတ်သက်လို့ ဘာစီမံကိန်းချလို့မှ မရဘူးပါဘူး” ဟု ဆိုသည်။
KIO အဖွဲ့အနေဖြင့် စစ်ပြေးဒုက္ခသည် တဦးအတွက် တရက်လျှင် ဆန် နှစ်ဗူး၊ ဟင်းဝယ်ယူ စားသောက်ရန်အတွက် ကျပ် ၂ဝဝ နှင့်ဆားတို့သာ ပေးနိုင်သော်လည်း နောက်ပိုင်း မပေးနိုင်တော့ကြောင်း ဦးဒွဲပီဆား က ပြောသည်။
သမ္မတ ဦးသိန်းစိန် တနင်္ဂနွေနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းသမားများ မကြာခဏမေးမြန်းကြ သည့် ကချင်ပြည်နယ် ပဋိပက္ခအရေး ဖြေကြားရာတွင် ဒုက္ခသည်များ ကိစ္စကိုလည်း ထည့်သွင်းပြောကြားသွားသည်။
“စိတ်မကောင်းစရာ အကောင်းဆုံးက ဒေသတွင်းမှာရှိနေတဲ့၊ တိုက်ပွဲကြားမှာ ရှိနေတဲ့ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ လုပ်ငန်းခွင်တွေ၊ အိုးအိမ်တွေကို စွန့်ပစ်ပြီးတော့မှ လုံခြံုစိတ်ချရတဲ့ နီးစပ်ရာနေရာတွေမှာ ခိုအောင်းနေရတယ်။ ဒါတွေဟာလည်း သောင်းဂဏန်းလောက်ရှိမယ်။ ကျနော်တို့ ဘက်တွေမှာ ရှိသလို ဟိုဘက်မှာလည်း ရှိပါတယ်။ ဒီလူတွေဟာ ဘယ်လောက်ပဲ ကျွေးမွေးထားနိုင်တယ် ဆိုပေမယ့်လည်း ကိုယ့်ဒေသမှာ နေသလောက် အဆင်မပြေပါ ဘူး။ သားသမီးတွေ ကျောင်းနေဖို့၊ ကျန်းမာရေး၊ ဆေးဝါးကုသဖို့ အခက်အခဲ ရှိပါတယ်။ ဒီလူတွေဟာ နှစ်နဲ့ချီပြီး ကြာမြင့်နေပါပြီ” ဟု ဝန်ခံပြောကြားသွားခဲ့သည်။
စစ်မက်ဖြစ်ပွားနေသော ဒေသများရှိ ဒုက္ခသည်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဂျပန်နိုင်ငံက အမေရိကန်
ဒေါ်လာ ၃ သိန်း လှူဒါန်းမည်ဖြစ်ကြောင်း သတင်းရပ်ကွက်တခုမှ ကြားသိရသည်။
ကုလအဖွဲ့အစည်းများအနေဖြင့် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းက လိုင်ဇာမြို့သို့ တကြိမ် ကူညီထောက်ပံ့မှုရရှိခဲ့ပြီး ယခုနှစ် ဇူလိုင်လအထိ တရုတ်နယ်စပ် မိုင်ဂျာယန်နှင့် တရုတ်နယ်ခြား မှတ်တိုင် ၆ နှင့် ၈ အတွင်း ခိုလှုံနေသော စစ်ပြေးဒုက္ခသည်များအတွက် သုံးကြိမ် လာရောက် ထောက်ပံ့မှုများ ရှိခဲ့သည်။ နောက်ပိုင်း ကူညီထောက်ပံ့မှုများ မရှိတော့ကြောင်း ဦးဒွဲပီဆား က ပြောသည်။
KIO ထိန်းချုပ် နယ်မြေအတွင်း ဒုက္ခသည် ၆ဝ,ဝဝဝ ကျော်ရှိပြီး အစိုးရ ထိန်းချုပ် နယ်မြေအတွင်း ၃ဝ,ဝဝဝ ကျော် ရှိနေကြောင်း KIO ၏ ဒုက္ခသည်များ ကူညီပေးရေး ကော်မတီက ခန့်မှန်းထားသည်။
http://www.mizzimaburmese.com/news/inside-burma/10302-2012-10-23-12-35-13.html