အစိုးရအနေနှင့် နှစ်ဖက် ကိုယ်စားလှယ်များ သွားရောက်နိုင်မည့် တရုတ်နိုင်ငံ ရွှေလီမြို့သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်တွင် တွေ့ဆုံရန် အဆိုပြုထားပြီး KIO ခေါင်းဆောင်များထံ ယခုလ ၁၀ ရက်နေ့က စာပေးပို့ထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များက ပြောသည်။
အစိုးရက ပေးပို့သည့် စာကိုလည်း KIO ခေါင်းဆောင်များ လက်ခံရရှိထားကြောင်း သိရသည်။
ပြီးခဲ့သည့်လတွင် အစိုးရနှင့် KIO ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးနိုင်ရေး အတွက် သမ္မတ ဦးသိန်းစိန်အနေနှင့် နေပြည်တော်သို့ ကမ်းလှမ်းထားပြီး KIO ဘက်က စစ်ရေး တင်းမာနေချိန် အတောအတွင်း နှစ်ဘက်တပ်များအပေါ် ယုံကြည်မှု ကင်းမဲ့နိုင်သော ကြောင့် နေပြည်တော်၌ ဆွေးနွေးရန် ကိစ္စမဖြစ်နိုင်ကြောင်း စက်တင်ဘာလ ၁၇ နှစ်ရက်နေ့က အကြောင်းပြန်ကြားခဲ့ကြောင်း သိရ သည်။
ငြိမ်းချမ်းရေး အကျိုဆောင် တဦးဖြစ်သည့် ဦးလှမောင်ရွှေက“အစိုးရနဲ့ KIO ခေါင်းဆောင်တွေ ၃ ခါလောက် တွေ့ပြီးတဲ့ နောက်ပိုင်း ထပ်တွေ့မယ့်နေရာကို ညှိနှိုင်းတာ အကြောင်ကြောင်းကြောင့် အဆင်မပြေခဲ့သေးတဲ့ အတွက် မတွေ့နိုင်သေးဘူး၊ အခုဟာကထပ် ပြီးတော့ ကမ်းလှမ်းတဲ့ သဘောပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။
အချိန်နှင့် နေရာကို နှစ်ဖက် ခေါင်းဆောင်များ ညှိနှိုင်း ဆွေးနွေးပြီးမှသာလျှင် သိရှိရမည် ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ယခုနှစ် ဇွန်လ ၂၀ ရက်နေ့က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ မိုင်ဂျာယန် ဒေသတွင် နောက်ဆုံး တွေ့ဆုံခဲ့စဉ် နှစ်ဖက်တပ်များ တင်းမာနေသည့် စစ်ရေး ကိစ္စများ ပြေလည် ရေး အတွက် တွေ့ဆုံရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။
စစ်ရေးတင်းမာမှုကြောင့် KIO နှင့် အစိုးရတပ်အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး စက်တင် ဘာလ အတွင်း၌ပင် တိုက်ပွဲပေါင်း ၁၀၅ ခန့် ဖြစ်ပွားကြောင်း KIO က ဆိုသည်။
KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်းတိုက်ပွဲများကြောင့် အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှဏ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ် အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း သဘောတူညီချက် တစုံတရာ မရရှိ သေး ပေ။
ကချင်ပြည်နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ သောင်းနှင့်ချီသော ဒေသခံများမှာလည်း အိုးအိမ်၊ တောင်ယာများကို စွန့် ခွာ၍ တရုတ် – မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်း စစ်ဖြစ်ရာ ဒေသအနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ်သည်။
http://burma.irrawaddy.org/archives/22753