တနလာင်္နေ့မှ စတင်ကျင်းပသည့် KNU ၏ ၁၅ ကြိမ်မြောက် ညီလာခံ အဖွင့် မိန့်ခွန်းတွင် အသက် ၉၃ နှစ်အရွယ် စောတာမလာဘော က ၎င်း အနားယူ
တော့ မည့်အကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
၂ဝဝ၈ ခုနှစ်က ပြုလုပ်ခဲ့သည့် ၁၄ ကြိမ်မြောက်ညီလာခံမှ စောတာမလာဘော
အား ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခဲ့ရာမှ အသက်အရွယ်နှင့် ကျန်းမာရေးအရ
နှုတ်ထွက်ခြင်း ဖြစ်မည်ဟု အမည်မဖော်လိုသူ KNU ဝန်ထမ်းတဦးက ပြောသည်။
“သူက အရွေးမခံတော့ဘူးလို့ ကျနော်ထင်တယ်။ သူက အသက်ကြီးပြီလေ။ မလုပ်နိုင်တော့ဘူး။ ပြီးခဲ့တဲ့ အခေါက်
တောင် သူ့ကျန်းမာရေးက ချူချာတယ်ဆိုတော့ သွားရေးလာရေးမှာ ခက်ခဲတယ်” ဟု မဇ္စျိမကို ပြောသည်။
ယခုညီလာခံကို KNU ၏ တပ်မဟာ ရ နယ်မြေ၊ ဘားအံခရိုင်၊ လှိုင်ဘွဲ့မြို့နယ် လေးဝါးတပ်စခန်းတွင် ရက်သတ္တပတ်
နှစ်ပတ်ကြာ ကျင်းပမည်ဖြစ်၍ ညီလာခံ ပထမနေ့တွင် ဗဟိုကော်မတီ၏ လုပ်ငန်း အစီရင်ခံစာများ၊ နိုင်ငံရေး အစီရင်ခံစာများကို တင်သွင်းခဲ့ကြသည်ဟု သိရသည်။
ညီလာခံ နောက်ဆုံးနေ့တွင် KNU ၏ ခေါင်းဆောင်သစ်များကို ရွေးချယ်ရန် ပြင်ဆင်ထားသည်ဟု သိရသည်။
KNU မှ ထုတ်ပယ်လိုက်သည်ဟု ကြေညာခြင်း ခံရသော စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး အား ညီလာခံ ကျင်းပချိန်ထိ မူလတာဝန်ကိုသာ ဆက်လက် တာဝန်ယူသွားမည် ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလက ကွယ်လွန်သူ KNU တွဲဘက်အတွင်းရေးမှူး (၂)လည်း ဖြစ်၊ ဗဟို တရားရေးဌာန တာဝန်ခံ ပဒိုစောဒေးဗစ်ထောနှင့် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင် နေရာများတွင် အစားထိုးရန် လိုအပ်ဆဲ ဖြစ်သည်။
မူတူးဆေးဖိုးနှင့် ၎င်းတို့ နှစ်ဦးအား ဘားအံ့မြို့ ဗဟိုဆက်သွယ်ရေးရုံးဖွင့်ပွဲနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၇ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းများ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။
KNU သည် နှစ်ပေါင်း ၆ဝ ကျော်ကြာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် အစိုးရ ခေတ်အဆက်ဆက် လက်နက်ကိုင်
တော်လှန်ခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီလတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးသဘောတူ လက်မှတ် ရေးထိုးခဲ့ သည်။
http://www.mizzimaburmese.com/news/inside-burma/10476-knu-.html