ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေပါတယ်ဆိုတဲ့ ဦးသိန်းစိန် စစ်တပိုင်းအစိုးရဟာ တဖက်က ငြိမ်းချမ်းရေးစကားပြောရင်း တဖက်က ကေအိုင်အေ စစ်မျက်နှာမှာ ထိုးစစ် အကြီးအကျယ် ပြင်ဆင်လုပ်ကိုင်လာပါတယ်၊ ကေအိုင်အေ ဗဟိုဌာနချုပ် ဘက် လဂျားယန်ဒေသမှာ မနေ့ကနဲ့ မနေ့ညက လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်ခဲ့တဲ့အတွက် တောင်ယာစိုက်ခင်း ထဲက အရပ်သားတဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားခဲ့တယ်၊ ဦးသိန်းစိန်အစိုးရ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်တဲ့ ပြည်တွင်းစစ်ထဲမှာ အပြစ်မဲ့ အရပ်သားပြည်သူတွေ ဆက်လက်သေကြေ ဒုက္ခရောက်နေကြရဆဲပါပဲ၊
ဒီနေ့ (၂၈-၁၂-၂၀၁၂) မနက် (၉) နာရီအချိန်က စပြီး ဦးသိန်းစိန်စစ်အစိုးရက ရဟတ်ယဉ် (၃) စီး၊ ဗုံးကြဲတိုက်လေယာဉ် ၃ စီးအပါ လေယာဉ် (၇) စီးနဲ့ လကျားယန်စစ်မျက်နှာမှာ ဗုံးတွေကြဲ စက်သေနတ်တွေပစ်နဲ့ ထိုးစစ် စတင်လာပြန်ပါ တယ်၊ တရုတ်ပြည်ဘက်သို့ လေယာဉ် ၂ ကြိမ် ကျူးကျော်ဝင်ရောက်ပြီးမှ လကျားယန် စစ်မျက်နှာပေါ် ဗုံးကြဲတိုက်ခိုက် တာ လုပ်ပါတယ်၊ ပြည်တွင်းစစ်အတွေ့အကြုံရှိသူတဦးက လေယာဉ် ဒီလောက် အရေအတွက်နဲ့ တိုက်ခိုက်တာမျိုး အရင်စစ်မျက်နှာတွေမှာတောင် သိပ်မတွေ့ရဘူးလို့ သုံးသပ်ပါတယ်၊ ကေအိုင်အေတပ်မတော်နဲ့ မာကျားယန်စစ်မျက်နှာ ရှိ ကျောင်းသားတပ်မတော်တို့ကတော့ ဒီထိုးစစ်ကို မဆုတ်မနစ်ဇွဲနဲ့ ခုခံရင်ဆိုင်သွားမယ်လို့ ပြောကြားကြပါတယ်။ ပြည် တွင်းစစ်မီးကြီး ဆက်လက်တောက်လောင်နေဆဲပါ၊ ငြိမ်းချမ်းရေး ချိုးဖြူငှက်ကလေး ဘယ်မှာ ခိုနားရပါ့၊
မောင်လှဝင်း (မြင်းခြံ)