အစိုးရတပ်များသည် ယမန်နေ့ နေ့လည်တွင် လေတပ်မှ ဗုံးကျဲ ချထားသော နေရာများကို အမြောက်တပ်၏ အကာအကွယ်ဖြင့် ကြည်းတပ်များက နေရာဝင်ယူ ထားပါသည်။ ဤသို့ကြောင့် အမြောက်တပ်မှ ယနေ့အထိ တနေ့လုံး ပစ်ကူ ပေးနေခြင်း ဖြစ်ပါသည်။
KIA သည် ဗန်းမော်- လိုင်ဇာ လမ်းကြောင်းမှ လဂျားယန် နေရာကို ဗုံးကျဲပြီး နေရာဝင်ယူထားသော တပ်ဖွဲ့များအပြင် မြစ်ကြီးနား လိုင်ဇာလမ်းကြောင်းနှင့် စတန်ပါ - လိုင်ဇာ လမ်းကြောင်းများရှိ အစိုးရတပ်များကိုပါ တန်ပြန်တိုက်ခိုက်နေ ခြင်းဖြစ်ပါသည်။ အစိုးရတပ်ဖွဲ့များသည် အထိနာပြီး ရှေ့တိုး၍ မရသဖြင့် လေကြောင်းအကူ ယူရခြင်းဖြစ်သည်ဟု KIA က ယူဆပါသည်။
သို့သော် ယနေ့ ဗုံးကျဲလိုက်သော တိုက်ခိုက်မှုများသည် ယမန်နေ့ကလို ရမ်းရမ်းတန်းတန်း ဗုံးကျဲမှုမျိုး မဟုတ်ဘဲ ထိန်းထိန်းသိမ်းသိမ်းနှင့် ဗုံးကျဲခဲ့ရခြင်း ဖြစ်ဟန်တူ ပါသည်။ အကြောင်းမှာ နှစ်ဖက်တပ်များ နီးကပ်နေသဖြင့် ဗုံးကျဲမှုများ ထိန်းသိမ်းရာမှ ထိရောက်မှု မရှိခဲ့ခြင်း ဖြစ်ဖွယ် ရှိပါသည်။
ဤကဲ့သို့ ထိရောက်မှုမရှိသော အခြေအနေကြောင့် ယမာန်နေ့ကမှ မြစ်ကြီးနားကို ရထားလုံးစင်းဖြင့် ရောက်လာသော အစိုးရတပ်ဖွဲ့ တပ်မ ၁၀၁ မှ စစ်ကူများသည် ယနေ့တွင် ဂန်ဒေါင်ယန်ကို ရောက်ရှိလာခဲ့သည်ဟု KIA က ဆိုပါသည်။
“မနေ့က သူတို့ လေယာဉ်နဲ့ ပစ်ရှင်းခိုင်းထားတယ်။ အဲဒီနေရာမှာ သူတို့ စစ်ကြောင်းတွေ ဝင်လာတယ်။ အလွယ်တကူ ဝင်လာ တာပေါ့ဗျာ။ သူတို့ နေရာယူ ထားပြီး မနေ့ ညနေမှာ စပြီးတော့ မြေပြင်တိုက်ပွဲ စဖြစ်တယ်။ ဒီနေ့မနက်လဲ ဖြစ် တယ်။ ကျနော်တို့ တပ်ဖွဲ့တွေက နောက်ကနေ ဝိုင်ပြီးတော့ ပိတ်ဆို့လိုက်တဲ့ အခါမှာ ဒီလဂျားယန် ဘက်မှာ သူတို့ စစ်ကြောင်းတွေ ပိတ်မိကုန်တယ်။ အဲတာကြောင့် သူတို့ လေယာဉ်နဲ့ နေ့လယ်မှာ တကြိမ် ညနေပိုင်းမှာ တကြိမ် ပြန်လာပစ်ပေးတယ်။” ဟု ဆိုပါသည်။
အစိုးရ၏ အမြောက်တပ် ပစ်ကူများနှင့် လေယာဉ်ဗုံးကျဲမှုများသည် ထိရောက်မှုမရှိသလို ကြည်းတပ်များသည်လည်း တိုက်ခိုက်ရေးစွမ်းရည်ထက် အင်အားအဆမတန် သုံးပြီး ဖိအားပေးသည့် နည်းကို အသုံးပြုနေရသည်ဟု စစ်ရေးအကဲခတ်များက ဆိုပါသည်။ သို့သော် ဖိအားပေးသလောက် မထိရောက်သဖြင့် နောက်ထပ်စစ်ကူများ ပို့ပေးနေရခြင်းဖြစ် ဖွယ်ရှိပါသည်။