“ လေယာဉ်ရော အမြောက်ရော ပြင်းပြင်း ထန်ထန် ပစ်နေတဲ့ ကုန်းနှစ်ကုန်း ကနေ ကျနော်တို့ ဆုတ်ပေး ထားတယ်။ အဲဒီ ကုန်းကို အစိုးရ တပ်တွေ ၀င်သိမ်းတယ် မနေ့ ကပေါ့။ ဒီနေ့ ကျတော့ လက်နက် ကြီးနဲ့ လေယာဉ်ဗုံးကျဲ ဒဏ်ကနေ လွတ်တာနဲ့ ကျနော်တို့ တက်ပြီး သိမ်းလိုက် တာပါ။ တက်သိမ်း ပြီးတာနဲ့ အစိုးရ ဖက်က မြေပြင် တပ်ရော လက်နက် ကြီးတွေရော တိုက်လေယာဉ် နဲ့ရော တလစပ် ထပ်မံ ပစ်ခတ် တော့တာပါဘဲ” ဟု ဗိုလ်မှူး မင်းဌေးမှ ဆိုပါသည်။
လဂျားယန် စစ်မြေပြင်သည် KIA ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန် အချက်အချာ ကျသော နေရာ ဖြစ်ပါသည်။ ဤလမ်း ကြောင်းသည် ဗန်မော်-လိုင်ဇာ လမ်းကြောင်း၏ စစ်ဆင်ရေး အပိုင်း ဖြစ်ပါသည်။ ဤ လမ်းကြောင်းကို ထိုးဖေါက်နိုင် ရန် အစိုးရ တပ်ဖွဲ့များသည် အင်အား တထောင် ကျော်နှင့် ၁၀၅ မမနှင့် ၁၂၀ မမ လက်နက် ကြီးများ အပါ၀င် လေကြောင်း အကူပါ တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ပြင်းထန်စွာ စစ်ဆင် နေသည့် ကြားမှ KIA နှင့် ABSDF ပူးပေါင်း တပ်ဖွဲ့ တို့က အရေးကြီး တောင်ကုန်း တခုကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
အစိုးရ တပ်များသည် ဆက်လက် ချီတက် နိုင်ရန် ဤ လဂျားယန် စစ်မြေပြင်ကို (၁၀၅ မမ နှင့် ၁၂၀ မမ) လက်နက်ကြီး များဖြင့် နေ့ည မဆိုင်းဘဲ ပြင်းထန်စွာ တလစပ် ပစ်ခတ် နေခဲ့ ပါသည်။ ထို့အပြင် လေယာဉ် များကလည်း ယနေ့ နံနက် (၈) နာရီ အချိန်မှ စတင်ပြီး လိုက်လံ ဗုံးကျဲ နေခဲ့ ပါသည်။ တိုက်လေယာဉ် (၄) စီး သည် လေးကြိမ်မျှ ပစ်ခတ် ခဲ့ရာတွင် တကြိမ်လျှင် လေယာဉ် (၂)စီး သည် အပြိုင် တလစပ် ပစ်ခဲ့ အပြီးတွင် ထပ်မံ ဗုံးကျဲ သွားသည့် နည်းလမ်းကို အသုံးပြု ခဲ့ပါသည်။
ဤကဲ့သို့ လေကြောင်း ပစ်ကူ ပေးပြီး နောက်ပိုင်း အစိုးရ တပ်များ ရှေ့တိုးရန် ကြိုးစား ချိန်၌ KIA နှင့် ABSDF ပူးပေါင်း တပ်တို့၏ ချေမှုန်း ခြင်းကို ခံရပြီး အဆိုပါ တောင်ကုန်း ကိုပါ လက်လွှတ် လိုက်ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် ညနေ (၄)နာရီ အထိ တိုက်ပွဲများ ပြင်းထန်လျှက် ရှိပါသည်။
လဂျားယန် ဒေသ တဝိုက်သို့ ထိုးစစ် ဆင်လာနေသည့် အစိုးရ တပ်များမှာ တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၃၁၇၊ ၄၁၄၊ ၄၁၆ တပ်ရင်းများနှင့် တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၃) ရင်း အပြင် အခြားတပ်များလည်း ရှိကြောင်းနှင့် စုစုပေါင်း အင်အား (၁၄၀၀) ခန့် ရှိနိုင်ကြောင်း ABSDF က ဆိုပါသည်။
ဤစစ်ဆင် ရေး၏ ရှေ့တန်း ဗျူဟာရုံးမှာ ဒေါ့ဖုန်ယန်း နားရှိ မန်မော် အရပ်၌ ရှိပါသည်။ အစိုးရသည် လဂျားယန် စခန်းများကို သိမ်းပိုက် နိုင်သည်နှင့် KIA နှင့် တွေ့ဆုံ ဆွေးနွေး ရေးကို ထပ်ဆင့် ခေါ်မည်ဟု တွက်ဆ ထားပါသည်။ အဘယ့်ကြောင့် ဆိုသော် KIA ဌာနချုပ်ကို သိမ်းပိုက် ခြင်းထက် လှုပ်ရှား၍ မရအောင် စိုးမိုး ထားပြီး ကျန်ရှိ နေသည့် KIA အင်အား များကို ထိမ်းသိမ်း နိုင်ရန် တွေ့ဆုံ ဆွေးနွေးသည့် နည်းကို ကျင့်သုံးမည်ဟု တွက်ဆ ခြင်းကြောင့် ဖြစ်ပါသည်။
အလားတူ ကချင်ပြည်နယ် မိုးကောင်း မြို့နယ် တောင်နီ ကျေးရွာရှိ အစိုးရ စစ်စခန်း တခုကိုလည်း ယနေ့ နံနက် ၂ နာရီ ဝန်းကျင်တွင် KIA က သိမ်းပိုက် လိုက်သည်ဟု KIA တပ်မဟာ (၂) မှ အရာရှိ တဦးက ပြောပါသည်။ ယင်း တိုက်ခိုက် မှုကို ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၅) မှ တိုက်ခိုက် လိုက်ခြင်း ဖြစ်ပါသည်။
အဆိုပါ စခန်းတွင် ခရမ ၃၈၄ တပ်ဖွဲ့ များနှင့် ခလရ ၁၀၅ တပ်ရင်းမှ မန္တလေး- မြစ်ကြီးနားလမ်း လုံခြံုရေး ယူထားသည့် တပ်ဖွဲ့ များက နေရာယူ ထားပါသည်။ ထို့အပြင် KIA တပ်မဟာ (၄) ရှိ ကွတ်ခိုင် မြို့နယ် ၌လည်း တိုက်ပွဲများ ပြင်းထန် လျှက်ရှိ ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့မှ ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2569--kia-.html