ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အစိုးရတပ်ဖက်မှ လက်နက်ကြီး ကျည်ဆန်များ လိုင်ဇာမြို့ ခကျန်ရပ်ကွက်အတွင်း ကျရောက်ကာ အရပ်သား ၃ ဦး သေဆုံးပြီးနောက် လိုင်ဇာမြို့တွင်းရှိ ဒေသခံများကို လုံခြုံ စိတ်ချရသည့် နေရာသို့ ရွှေ့ပြောင်းခဲ့သော်လည်း တိုက်ပွဲများ လိုင်ဇာသို့ နီးကပ်လာခြင်းကြောင့် တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်ရန် ပြင်ဆင်လာကြခြင်း ဖြစ်သည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် သေနတ်သံများ လိုင်ဇာမြို့မှ ကြားနေရသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု လိုင်ဇာသို့ ရောက်ရှိနေသည့် ဧရာဝတီ သတင်းထောက်က ပြောသည်။
“သေနတ်သံတွေ ဆက်တိုက်ကြားနေရတယ်။ ဒီမနက် ၅ နာရီလောက်ကတည်းက။ အရင်နေ့တွေနဲ့ မတူဘူး၊ ဒီနေ့ သေနတ်သံက ပိုပြီးတော့ နီးလာတယ်” ဟု ၎င်းက ဆိုသည်။
ဒေသခံ တချို့ တရုတ်နိုင်ငံဘက်သို့ စတင် တိမ်းရှောင်နေပြီး ရောက်ရှိသွားသည့် လူဦးရေးစာရင်းကို လတ်တလော မသိရသေးကြောင်း၊ ယခင်က လိုင်ဇာမြို့ပေါ်တွင် နေထိုင်သူ ၆ ထောင်ကျော်ရှိကြောင်း ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ စာရင်းအရ သိရသည်။
ကချင် ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာက “ဒေသခံတွေက ပြင်တော့ ပြင်ဆင်နေကြတယ်။ တိုက်ပွဲက နေ့တိုင်း နေ့တိုင်းလိုလို ဖြစ်နေတယ်။ လိုင်ဇာအနီးအထိ ချဉ်းကပ်လာတယ်ဆိုတော့ အားလုံး စိုးရိမ်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် လိုင်ဇာမြို့ အခြေအနေနှင့် ပတ်သက်၍ ဒေသခံများသို့ တရားဝင် ထုတ်ပြန်မှု တစုံတရာ မရှိသေးကြောင်း၊ တရုတ် အာဏာပိုင်များကလည်း စစ်ပြေးဒုက္ခသည်များကို လက်ခံနိုင်ဖွယ်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
“တကယ်လို့များ ဒီမှာ နေလို့မရတော့ဘူးဆိုရင် သူတို့ (တရုတ်အာဏာပိုင်တွေက) လက်ခံနိုင်ဖို့ အခြေအနေရှိပါတယ်။ ကျနော်တို့က နေနိုင်သလောက် နေရမှာပဲ။ ကြိုတင်ပြီးတော့ ထွက်ပြေးတာမျိုးတော့ မလုပ်ပါဘူး” ဟု ဆလန်ကဘာ ဒွဲပီဆာက ဆက်ပြောသည်။
ဆလန်ကဘာ ဒွဲပီဆာ၏ အဆိုအရ ယမန်နေ့မှစတင်၍ လိုင်ဇာဌာနချုပ်ဘက်သို့ ဦးတည်ကာ အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး၊ သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က “လဂျာယန်း ဒေသမှာ စစ်အရှိန်မြင့် လာတယ်ဆိုတာက လဂျာယန်း စခန်းမှာရှိတဲ့ ရဲဘော်တွေကို ပြီးခဲ့တဲ့ လေး၊ ငါး၊ ခြောက်လလောက် ၀ိုင်းရံမထားခဲ့ဘူး၊ ရိက္ခာလာပို့တဲ့ အဖွဲ့တွေကို ဖြတ်တောက် တိုက်ခိုက်တာ ၃ ကြိမ် မလုပ်ခဲ့ဘူးဆိုရင် ကျနော်တို့ ဒီနေရာမှာ စစ်အရှိန်မြှင့်စရာ အကြောင်းလည်း မရှိပါဘူး” ဟု ဧရာဝတီ သတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။
၂၀၁၂ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် နောက်ဆုံးထားပြီး လိုင်ဇာဌာနချုပ် အနီးတွင် လှုပ်ရှားနေသည့် KIA တပ်ဖွဲ့ဝင်များကို ဖယ်ရှားပေးရန် အစိုးရတပ်က သတိပေးခဲ့ပြီးနောက် တိုက်ပွဲများ စတင်၍ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
KIA တပ်များကို ဖယ်ရှားပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) အဖွဲ့မှတဆင့် စာဖြင့်သတိပေး အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ယင်း သတိပေး အကြောင်းကြားစာတွင် “လဂျားယန် တပ်စခန်းအတွက် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် လမ်းကြောင်းအတိုင်း တပ်များ ဝင်ရောက်ရန် ရှိပါသည်။ သို့ပါ၍ လမ်းကြောင်းတလျှောက်ရှိ KIA အဖွဲ့များအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေး KIO အဖွဲ့သို့ သတိပေးသွားရန်”ဟု ဖော်ပြပါရှိသည်။
http://burma.irrawaddy.org/archives/31300