
စံခလပူရီ (မဇ္စျိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (KIO/KIA) နှင့် ပတ်သက်သည့် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်သည် တဖက်သတ် ဝါဒဖြန့်ချိရေးလုပ်ရပ်ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။
“အစိုးရတပ်တွေက လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်တယ်။ အဲဒါတွေက တလုံးမှမပြောဘူး။ KIO/KIA တပ်တွေက တံတားချိုးတာ၊ လမ်းဖျက်တာ၊ လုယက်တာ၊ အတင်းအဓမ္မ စစ်သားစုဆောင်းတာ အဲဒီကို လျှောက်ပြောတာကိုး။ ဒါတွေက လူထုတွေ မုန်းတီးအောင် မျက်စိလည်အောင် လုပ်တာပဲ။ အဲဒါက တဖက်ကို အပြစ်တင်ပြီးတော့ သူတို့တိုက်တာက မှန်တယ်ဆိုတာ ထောက်ပြချင်တာ။ ဒါတွေဟာ နာဇီဝါဒပဲ” ဟု UNFC ဒု-ဥက္ကဋ္ဌ၊ လူထုဆက်ဆံရေးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် စောဒေးဗစ်သာကပေါက မဇ္စျိမကို ပြောသည်။
အစိုးရ၏ ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည့် “မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ ချီတက်ထိုးစစ်ဆင်ခြင်း တိုက်ခိုက်ခြင်းမပြုရန် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ရရှိခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်အထိ KIO/KIA အဖွဲ့အနေဖြင့် လမ်းတံတားဖောက်ခွဲဖျက်ဆီးမှု ၁၂၂ ကြိမ်၊ မိမိတပ်စခန်းများအား လာရောက်နှောင့်ယှက်ပစ်ခတ်ခြင်း ၆၄ ကြိမ်၊ အရပ်သားများ မိုင်းနင်းမိခြင်း ၃၀ ကြိမ်၊ လုယက်ဖျက်ဆီးခြင်း ၆၀ ကြိမ်၊ လူသစ်စုဆောင်းခြင်းနှင့် အဓမ္မဖမ်းဆီးခြင်း ၂၈ ကြိမ် ရှိခဲ့ပြီး မိမိတပ်များနှင့် ထိတွေ့မှုပေါင်း ၁၀၉၅ ကြိမ် ဖြစ်ပွားခဲ့ကာ အရာရှိစစ်သည်အများအပြား ကျဆုံးခြင်း၊ ဒဏ်ရာရခြင်းများ ရှိခဲ့သည်” ဟူသည်ကို UNFC က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
စစ်ပွဲများ ဖြစ်ပွားလာပါက ဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ရခြင်းသည် စစ်ပွဲ၏ သဘောတရားသာဖြစ်သည်ဟု စောဒေးဗစ်သာကပေါက ဆိုသည်။
ထို့အတူ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ကလည်း အဆိုပါ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်သည် ငြိမ်းချမ်းရေးကို ရှေးရှုသည့်လုပ်ရပ် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။
“ဒီထုတ်ပြန်ချက်ဟာ တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ရှေးရှုတဲ့၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်စပ်ပြီးတော့ လွှမ်းခြုံနိုင်တဲ့၊ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်တဲ့ သဘောထားမျိုးလို့ ကျနော်တို့ လက်ခံလို့ မရဘူး။ စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ report တွေ၊ ဖြစ်စဉ်လောက်ကိုပဲ ထုတ်ပြန်တဲ့ သဘောထားလို့ ကျနော်တို့ သုံးသပ်တယ်” ဟု NCUB တွဲဖက်အတွင်းရေးမှူး ဦးမြင့်သိန်းက ဆိုသည်။
သတင်းထုတ်ပြန်ချက်သည် ကချင်ဒေသတခုလုံးကို အပစ်အခတ်ရပ်စဲခြင်း မဟုတ်ဘဲ လဂျားယန်ဒေသတခုကိုသာ အပစ်ရပ်သဘောသက်ရောက်ကြောင်းလည်း UNFC နှင့် NCUB တို့က ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကမူ လဂျားယန်ဒေသတွင်မကဘဲ ကချင်ဒေသတခုလုံး စစ်ဆင်ရေးများ လျှော့ချရန် လိုလားကာ အစိုးရကြေညာချက်မှ အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ထားပြီး အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကောမတီနှင့် ဆွေးနွေးပွဲများကိုမူ KIO နှင့် ဆွေးနွေးမည့်အစား UNFC နှင့်သာ ဆွေးနွေးသင့်ကြောင်း ကြေညာထားသည်။
လက်ရှိအစိုးရ၏ လုပ်ရပ်မှာ လွန်ခဲ့သည့် ၁၈ နှစ်ခန့်က ကရင်အမျိုးသားအစည်းအရုံး (KNU) အား အထီးကျန်အောင် လုပ်ဆောင်သကဲ့သို့ KIO/KIA အား လုပ်ဆောင်နေခြင်းဖြစ်သည်ဟု UNFC က ထောက်ပြပြောဆိုသည်။
“အဲဒီတုန်း (၁၉၉၄ ခုနှစ်ဝန်းကျင်) က မြောက်ပိုင်း တောက်လျှောက်ပေါ့ဗျာ။ KIO တို့၊ ကရင်နီတို့ကလည်း လွယ်လွယ်နဲ့ လက်မှတ်ထိုးသွားတယ်။ နောက်ဆုံး (၁၉၉၅ ခုနှစ်)မှာ မွန် (NMSP) လည်း လက်မှတ်ထိုးလိုက်တယ်။ KNU တဖွဲ့ပဲ ကျန်ခဲ့တယ်လေ။ KNU ကို အထီးကျန်အောင် အစိုးရက လုပ်ခဲ့တယ်။ အခုလည်း ဒီဘက်မှာ လွယ်လွယ်နဲ့ လက်မှတ်ထိုးလိုက်ကြတာပဲ။ စီးပွားရေးတွေ ဘာညာ မက်လုံးပေးပြီး လက်မှတ်ထိုးကြတာပေါ့ဗျာ။ ကချင်ကျတော့ အထီးကျန်တဲ့သဘောဖြစ်နေတယ်။ ဒါ သူတို့ (အစိုးရ) ရဲ့ သေနင်္ဂဗျူဟာလို့ ကျနော်တို့ ယူဆတယ်” ဟု ဗဒိုစောဒေးဗစ်သာကပေါက သုံးသပ်သည်။
KIO/KIA အပေါ် အစိုးရတပ်၏ ထိုးစစ်ဆင်မှု မရပ်မချင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်သွားမည်မဟုတ်ကြောင်းကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် UNFC က သဘောထားထုတ်ပြန်ထားသည်။
http://drlunswe.blogspot.com/2013/01/unfc.html