“ဒီရက်ပိုင်းမှာလိုင်ဇာပြည်သူတွေကလည်း ကိုယ့်အိမ်ပြန်လာပြီး အရင်စီးပွားရေး အလုပ်လုပ်တဲ့သူကလုပ် တစ်ရက်ပြီးတစ်ရက် စည်စည်ကားကားပြန်ဖြစ်လာတယ်။ ပြီးတော့ စီးပွားရေးငွေရှင်တွေကလည်း သူများတွေထက် ကုုိယ်ဦးအောင်ဆိုပြီးအုပ်ချုပ်ရေးရုံးကိုလာကြတယ်” ဟု လိုင်ဇာမြို့အုပ်ချုပ်ရေးမှူး ဦးဂရန်နော်အောန် (Kareng Naw Awn) က KNG ကချင်သတင်းဌာနသို့ပြောသည်။
အဆိုပါ ကချင်နှင့် တရုတ်စီးပွားရေးငွေရှင်ကြီးများက ငြိမ်းချမ်းရေးအသံများ ကြားနေရပြီးဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေသောကြောင့် မတ်လ(၁၁-၁၂) ရက်နေ့ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ပြီးချိန်မှစ၍ တစ််နေ့ထက်တစ်နေ့ လိုင်ဇာမြို့အုပ်ချုပ်ရေးရုံးသို့ လာရောက်မေးမြန်း ကြောင်းကိုလည်း သိရသည်။
၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် လိုင်ဇာမြို့တွင်းသို့အပြင်းအထန်စစ်ပွဲများဖြစ်ပွားခဲ့ရာ လိုင်ဇာပြည်သူလူထုများနှင့် လိုင်ဇာသို့ လာရောက် ခိုလှုံလုပ်ကိုင်စားသောက်နေသူများမှာ မိမိတို့လုံခြုံရာများသို့ တကွဲတပြား ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်းလည်း သိရသည်။
“အရင်လတွေမှာဆိုရင် ဘယ်သူမှမရှိတော့ဘူး။ ကျွန်တော်တို့လည်း တရုတ်ပြည်ဘက်ပြေးသွားရတယ်။ အခုမှ ငြိမ်းချမ်းရေးသံတွေ ကြားရလို့ စိတ်ချနိုင်လောက်ပြီဆိုမှ စျေးဆိုင်ပြန်လာဖွင့်တယ်” လို့ ရှမ်းပြည်နယ်မှ အထည်ဆိုင်ဖွင့်နေသူ ဒေါ်အထွယ် ကပြောသည်။
ကချင်ပြည်နယ်တွင်း စီးပွားရေးလုပ်ငန်းများသည် တိုက်ပွဲကြောင့် ခေတ္တ ငြိမ်သက်သွားချိန်မှာ ယခု လအစောပိုင်းမှ သစ်လုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာခြင်းဖြစ်သည်။
တဖက်တွင်လည်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား တင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ယခုနောက်ပိုင်းတိုက်ပွဲများသည် အစိုးရတပ်ဖက်ကမှ လူအင်အားဖြည့်၍ KIA နယ်မြေထဲသို့ တိုးချဲ့လာသောကြောင့် KIA မှစပစ်၍ ဖြစ်ပွားသောတိုက်ပွဲဖြစ်ကြောင်း KIA အထက်အရာရှိများမှသိရသည်။
ယခုချိန် လိုင်ဇာမြို့တွင်စစ်ပြေးဒုက္ခသည် ၄၀၀၀ ကျော်နှင့် ပြည်သူလူထု ၁၀၀၀၀ ကျော် ခိုလှုံလျက်ရှိသည်။
http://kachinnews.com/burmese/news/1060-%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%87%E1%80%AC%E1%80%9E%E1%80%AF%E1%80%AD%E1%82%94-%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9-%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8-%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%9C%E1%80%AF%E1%80%A1%E1%80%9A%E1%80%80%E1%80%B9-%E1%80%B1%E1%80%94%E1%80%9B%E1%80%AC%E1%80%9A%E1%80%B0%E1%80%9C%E1%80%AC.html